
မိတ္ထီလာ မေ ၂၆
မိတ္ထီလာမြို့ နည်းပညာတက္ကသိုလ် ကျောင်းအရှေ့ဘက်တွင် မေ ၁၅ ရက် ညနေက ကျောင်းပြန်လာသည့် နည်းပညာတက္ကသိုလ်မှ ကျောင်းသား တစ်ဦးစီးလာသည့် KENBO ယ/----- ဆိုင်ကယ်သည် သူငယ်ချင်း ကျောင်းသူတစ်ဦးနှင့် ရပ်၍ စကားပြောနေစဉ် ဆိုင်ကယ် တစ်စီးနှင့် အနက်ရောင်အင်္ကျီ အနက်ရောင် ဘောင်းဘီရှည်များ ဝတ်ပြီး နှာခေါင်းတွင် အဝတ်စည်း ထားသည့် လူလေးဦးရောက်ရှိလာပြီး နည်းပညာကျောင်းသားအား ခေါင်းငုံ့ ခိုင်းပြီး လက်သီးဖြင့်ထိုးကာ ကျောင်းသူအား ဓားဖြင့်ထောက်၍ နည်းပညာကျောင်းသား စီးလာသည့် ဆိုင်ကယ်နှင့် နည်းပညာကျောင်းသား နှင့် ကျောင်းသူတို့၏ ဖုန်းနှစ်လုံးကို လုယူထွက်ပြေးခဲ့ကြသည်။ နည်းပညာ ကျောင်းသားနှင့် ကျောင်းသူတို့က အမှတ် ၃ ရဲစခန်းတွင် အမှုဖွင့်တိုင် ကြားရာ ရဲစခန်းက(ပ)၇ဝ/၂ဝ၁၆၊ ပုဒ်မ-၂၉၄ ဖြင့် အမှုဖွင့်အရေးယူ ထားသည်။
နည်းပညာ ကျောင်းသား၏ ဆိုင်ကယ်လုယက်မှုကို မိတ္ထီလာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စောနေလင်း ဦးဆောင်၍ မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးမောင်ရွှေ၊ ခရိုင် မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ တာဝန်ခံရဲအုပ် ဇင်ကိုကိုနှင့် ရဲတပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်လုယက်မှုအား လိုက်လံ စုံစမ်းဖော်ထုတ်ရာ မေ ၁၆ ရက်က ဆိုင်ကယ်လုယက်မှုတွင် ပါဝင်သည့် ရန်မျိုးအောင်ရပ်ကွက် အုတ်ကျင်း ရပ်ကွက်နေ ပျံကျလုပ်သား လမင်း (ခ) ဝင်းစန်းလတ် (၂ဝ) နှစ်အား လုယက်ရာတွင်ပါဝင်သည့် လက်ကိုင် ဖုန်းတစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။ လမင်း(ခ) ဝင်းစန်းလတ်၏ အစစ်ခံချက်အရ ဆိုင်ကယ် လုယက်ရာတွင် နိုင်ထွန်း(ခ) နိုင်ထွန်းဝင်း၊ ငဖုန်း (ခ) ဖုန်းမြင့်နိုင် နှင့် မူလကီး(ခ) မိုးမြင့်ရှိန်တို့ ပါဝင်ကြောင်း အစစ်ခံခဲ့သည်။
ခရိုင်မှုခင်းနှိမ်နင်းရေးမှ တာဝန်ခံ ရဲအုပ်ဇင်ကိုကိုသည် ရရှိလာသည့် သတင်းကိုအခြေခံ၍ မေ ၁၈ ရက်က ဆိုင်ကယ်လုယက်တရားခံ ရန်မျိုး အောင်ရပ်ကွက် နယ်မြေ ၁၄ နေ ကျပန်းလုပ်သား နိုင်ထွန်း(ခ) နိုင်ထွန်း ဝင်းနှင့် ငဖုန်း(ခ) ဖုန်းမြင့်နိုင်တို့အား ဆက်လက်ဖမ်းဆီးခဲ့သည်။ ဆိုင်ကယ် လုယက်မှုတွင်ပါဝင်သည့် မူလကီး (ခ) မိုးမြင့်ရှိန် အိမ်အား သွားရောက် ရှာဖွေရာ မူလကီးမှာ ထွက်ပြေးတိမ်း ရှောင်နေသည်။ ထို့ကြောင့် ရဲအုပ် ဇင်ကိုကိုက မူလကီး၏ဇနီး မဖြူပြာအား စည်းရုံးသိမ်းသွင်းဖြောင့်ဖျ ပြောဆိုရာ မူလကီး၏ဇနီး မဖြူပြာက မူလကီးလုယက်လာသည့် ဆိုင်ကယ် နှင့် တယ်လီဖုန်းတစ်လုံးအား တာဝန် သိစွာဖြင့် အပ်နှံပေးအပ်လိုက်သည်။
မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူး၏ဦးဆောင်မှုဖြင့် ရုပ်ရှင်ဆန်ဆန် ဆိုင်ကယ်လုယက်ခဲ့သည့် အမှုအား ကြိုးပမ်းဖော်ထုတ်ခဲ့ရာ သက်သေခံ ဆိုင်ကယ်၊ ဖုန်းနှစ်လုံးနှင့် ဆိုင်ကယ် လုယက်တရားခံ သုံးဦးအား ၁ဝ ရက် အတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။ ကျန်တရားခံတစ်ဦးကိုလည်း ဆက်လက် ရှာဖွေသွားမည်ဟု သိရသည်။
တင်လှိုင် (မိတ္ထီလာ)
No comments:
Post a Comment