Tuesday, May 31, 2016

တိုင်းရင်းသားလူမျိုးများ၏အရေး ကာကွယ်စောင့်ရှောက်ရန် အသစ်ဖွဲ့စည်းလိုက်သည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ရက် ၁ဝဝ




တွေ့ဆုံမေးမြန်း - ဖြိုးစန္ဒာမြင့်၊ ဓာတ်ပုံ - သွင်ဘုန်းသန့်

အစိုးရသစ်လက်ထက်တွင် ဝန်ကြီးဌာနများကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ယင်းတို့အနက်မှ ဝန်ကြီးဌာနအသစ်တစ်ခုဖြစ်သည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို တိုးချဲ့ထည့်သွင်းဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ရက် ၁ဝဝ အတွင်း ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များနှင့် ဖွဲ့စည်းဖြစ်တည်လာပုံများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် နှင့် တွေ့ဆုံမေးမြန်းထားသည်။

မေး။ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနရဲ့ အဓိကတာဝန်နဲ့ ဖွဲ့စည်းဖြစ်ပေါ် လာပုံကို ရှင်းပြပေးပါရှင့်။

ဖြေ။ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် ယခင်အစိုးရလက်ထက်ကတည်းက တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ တိုင်းရင်းသားလူမျိုး များရေးရာတွေ၊ တိုင်းရင်းသားတွေရဲ့ အရေး ကိစ္စ၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ ကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ဥပဒေ ပြဋ္ဌာန်းထားပါတယ်။ အဲဒီအချိန်က ဒီဥပဒေ နှင့်အညီ ကာကွယ်စောင့်ရှောက်ဖို့အတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို မခန့်အပ်နိုင်ခဲ့ဘဲ ဒီအစိုးရလက်ထက်ကျမှ နိုင်ငံတော်သမ္မတရုံးရဲ့ ကြေညာချက်အမှတ် (၁/၂ဝ၁၆)နဲ့ ၂ဝ၁၆ ခုနှစ် မတ် ၃ဝ ရက် ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းရာမှာ တိုင်း ရင်းသားရေးရာဝန်ကြီးဌာနရော၊ ပြည်ထောင်စု ဝန်ကြီးပါ ခန့်အပ်ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီလိုဖွဲ့စည်းခဲ့တဲ့အတွက် တိုင်းရင်းသား လူနည်းစုအားလုံးကိုယ်စား တိုင်းရင်းသားတွေ ရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက် ခွင့်ရလို့ ဝမ်းသာဂုဏ်ယူကြမယ်လို့ ယူဆပါ တယ်။ ကျေးဇူးလည်းတင်ပါတယ်။

မေး။ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနက ဝန်ကြီးဌာနအသစ်ဖြစ်တယ် ဆိုတော့ ဝန်ကြီးဌာနရဲ့ အဓိကတာဝန်နဲ့ ရက် ၁ဝဝ အတွင်း ပြည်သူတွေအကျိုးရှိစေ မယ့် ဘယ်လိုလုပ်ငန်းစီမံချက်တွေ ဆောင်ရွက် သွားမယ်ဆိုတာ သိပါရစေ။

ဖြေ။ လက်တွေ့ကျကျပြောရရင် လတ် တလော တာဝန်က တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတဲ့ လုပ်ငန်းတာဝန်ကြီးကို ထမ်းဆောင်မယ့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းတည်ထောင်နိုင်ရေးပဲဖြစ်ပါတယ်။

တိုင်းရင်းသားရေးရာဝန်ကြီးဌာနဟာ အခု မှ ဝန်ကြီးဌာနအသစ်အနေနဲ့ ပေါ်ပေါက်လာ တယ်ဆိုပေမယ့် ဒီဝန်ကြီးဌာနရဲ့ကျောရိုးဖြစ် တဲ့ ''တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ''ကို ပြီးခဲ့တဲ့ နှစ် ဖေဖော်ဝါရီ ၂၄ ရက်မှာ ''၂ဝ၁၅ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၈'' အဖြစ် ပြဋ္ဌာန်းခဲ့တာဖြစ်ကြောင်းကိုလည်း ဒီနေရာကနေတင်ပြလိုပါတယ်။

ဒီတော့ တိုင်းရင်းသားလူမျိုးများ၏ အခွင့် အရေးကာကွယ်စောင့်ရှောက်တဲ့ ဥပဒေနဲ့ အညီ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေး တွေကို ကာကွယ်စောင့်ရှောက်နိုင်မယ့် ဝန်ကြီး ဌာနသစ်တစ်ခုဖွဲ့စည်းပေါ်ပေါက်လာရေးဟာ ဒီရက် ၁ဝဝ အတွင်း ဆောင်ရွက်မယ့်လုပ်ငန်း စဉ်ဖြစ်ပြီး တိုင်းရင်းသားပြည်သူတွေအတွက် လည်း အမှန်တကယ်အကျိုးပြုမယ့် အခြေခံ အုတ်မြစ်ဖြစ်လာမှာ အသေအချာပဲဖြစ်ပါ တယ်။

မေး။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ကို ကာကွယ်စောင့်ရှောက်မယ့် ဝန်ကြီးဌာန တစ်ခုဖြစ်တာနဲ့အညီ ဝန်ကြီးဌာနသစ်တစ်ခု ကို စနစ်တကျဖွဲ့စည်းပြီး တိုင်းရင်းသား ပြည်သူတွေအကျိုးရှိစေဖို့ ဆောင်ရွက်သွား မယ်ဆိုတော့ ဝန်ကြီးဌာနကို ရက် ၁ဝဝ အတွင်း ဘယ်လိုဖွဲ့စည်းသွားမယ်ဆိုတာ ရှင်းပြပေးစေ ချင်ပါတယ်ရှင့်။

ဖြေ။ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနရဲ့ ဖွဲ့စည်းပုံအရဆိုရင် တိုင်းရင်း သား လူမျိုးများရေးရာဝန်ကြီးဌာနအောက် မှာ ဦးစီးဌာနနှစ်ခု ထားရှိမှာဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးတွေရဲ့ ဒေသဖွံ့ဖြိုးဖို့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်တဲ့ဌာနရယ်၊ တိုင်းရင်း သားတွေရဲ့ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ တွေ ဖွံ့ဖြိုးတိုးတက်အောင် လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိလာအောင် ဆောင်ရွက်မယ့်ဌာန ရယ်ဆိုပြီး ဦးစီးဌာန နှစ်ခု ဖွဲ့စည်းသွားမှာပါ။ ဖွဲ့စည်းပုံကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ရုံးများ ပါဝင်ဖွဲ့စည်းသွားဖို့ အဆိုပြုထားပြီး ပထမအဆင့်အနေနဲ့ ဝန်ကြီးရုံးနဲ့ ဦးစီးဌာန နှစ်ခုရဲ့ ရုံးချုပ်ကို ဖွဲ့စည်းဆောင်ရွက်သွားနိုင်ဖို့ ဆောင်ရွက်နေပါတယ်။

မေး။ ပြည်ထောင်စုဝန်ကြီးအနေနဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းနယ်ပယ် နှစ်ခု အတွက် ဦးစီးဌာနတွေ ဖွဲ့စည်းဆောင်ရွက်ရာ မှာ ဝန်ထမ်းအင်အားဘယ်လောက်နဲ့ ဘယ် အဆင့်ထိ ဖွဲ့စည်းဆောင်ရွက်သွားဖို့ ရေးဆွဲ တင်ပြထားတယ်ဆိုတာ သိပါရစေ။

ဖြေ။ ဦးစီးဌာန နှစ်ခုကို တိုင်းဒေသကြီး နဲ့ ပြည်နယ်အဆင့်ထိ ရုံးဖွင့်လှစ်ဆောင်ရွက် သွားဖို့ ရည်မှန်းဆောင်ရွက်လျက်ရှိပါတယ်။ ဦးစီးဌာန နှစ်ခုအောက်မှာ ဦးစီးဆောင်ရွက် မယ့် ညွှန်ကြားရေးမှူးချုပ် နှစ်ဦး အပါအဝင် အရာထမ်း၊ အမှုထမ်း ၅၁၅ ဦး၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်အဆင့်အထိ ဖွဲ့စည်းမယ်ဆိုရင် ဝန်ထမ်းအင်အား ၁၁၃၁ ဦးနဲ့ ဖွဲ့စည်းဆောင် ရွက်သွားဖို့ အဆိုပြုထားပါတယ်။

မေး။ တိုင်းရင်းသားလူမျိုးတွေရဲ့ အရေး အရာတွေနဲ့ အခွင့်အရေးတွေကို ကာကွယ် စောင့်ရှောက်ဖို့ တာဝန်ယူမယ့်ဝန်ကြီးဌာန တစ်ခုအနေနဲ့ ဘယ်လိုအရေးကိစ္စတွေမှာ ပါဝင်ဆောင်ရွက်သွားဖို့ရှိတယ်ဆိုတာ ပြောပြ ပေးပါဦးရှင့်။

ဖြေ။ ကျွန်တော်တို့နိုင်ငံက တိုင်းရင်း သားလူမျိုးအများစုဟာ သူတို့ပိုင်တဲ့ စာပေ၊ ယဉ်ကျေးမှု၊ ဘာသာစကား စတာတွေကို လွတ်လပ်စွာလုပ်ကိုင်လိုတဲ့ ဆန္ဒရှိကြတယ်။ ရှေးယခင်က တချို့က တိုင်းရင်းသားတွေရဲ့ စကား၊ စာပေတွေ သင်ကြားခွင့်ရချင်ကြတယ်။ တချို့ဌာနတွေ၊ ဒေသတွေက ပိတ်ပင်တားဆီး တာမျိုးတွေရှိခဲ့တယ်။ ဒီလိုမဖြစ်အောင် တိုင်းရင်းသားစာပေတွေ ထုတ်ဖော်ချင်တယ်။ သင်ကြားချင်ကြတယ်ဆိုရင် ကျန်တိုင်းရင်း သားတွေရဲ့ ဘာသာ၊ သာသနာကို မထိခိုက် ရင် လွတ်လွတ်လပ်လပ်သင်ကြားခွင့်ရအောင် ဆောင်ရွက်ပေးမယ်ဆိုတာ အသိပေးလိုပါ တယ်။

မေး။ တိုင်းရင်းသားတွေရဲ့ ဒေသမှာ အချင်းချင်းအငြင်းပွားမှု၊ ငြိမ်းချမ်းရေး ဖော် ဆောင်မှုနဲ့ သယံဇာတခွဲဝေသုံးစွဲမှုစတဲ့ ကိစ္စရပ် တွေမှာ တိုင်းရင်းသားရေးရာဝန်ကြီးဌာန အနေနဲ့ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင် ဆောင်ရွက်သွားမလဲဆိုတာလည်း သိပါရစေ။

ဖြေ။ ဒီအခန်းကဏ္ဍကတော့ ဒီအစိုးရ စတက်ကတည်းက ရည်မှန်းထားတဲ့ တိုင်းရင်း သားလူမျိုးများအားလုံး ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် ဖြစ်ပေါ်လာရေးစတဲ့ အခန်းကဏ္ဍတွေပေါ်လာ ရင် တိုင်းရင်းသားတွေရဲ့ဒေသမှာ သယံဇာတ ထုတ်ယူသုံးစွဲတာတွေ၊ ခွဲဝေသုံးစွဲတဲ့စနစ် တစ်ခုက အဲဒီလို နိုင်ငံရေးဆွေးနွေးတဲ့ အခန်း ကဏ္ဍမှာ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် ပေါ် လာတဲ့အခါ ပြည်ထောင်စုအစိုးရလုပ်ပိုင်ခွင့် နဲ့ ပြည်နယ်အစိုးရလုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်တွေ ဟာ အဲဒီအချိန်မှာမှ ပေါ်ပေါက်လာမယ်လို့ မျှော်လင့်ပါတယ်။

မေး။ ပြည်ထောင်စုဝန်ကြီးအနေနဲ့ ဝန်ကြီးဌာနက ဆောင်ရွက်မယ့် လုပ်ငန်း နယ်ပယ် နှစ်ခုမှာ အစိုးရနဲ့ အစိုးရမဟုတ် သော နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပူးပေါင်း ဖို့ စီမံဆောင်ရွက်နေတာတွေနဲ့ပတ်သက်ပြီး သိချင်ပါတယ်ရှင့်။

ဖြေ။ ဒီဝန်ကြီးဌာနအသစ်ပေါ်လာတော့ အများအားဖြင့် တိုင်းရင်းသားတွေရော၊ မီဒီယာတွေရော၊ အီးယူ၊ ကုလသမဂ္ဂ စတဲ့ အဖွဲ့အစည်းတွေက ဘယ်လိုကူညီပေးရမလဲ၊ ဘယ်လိုစေ့စပ်လက်တွဲပြီး ဆောင်ရွက်နိုင်မလဲ စတာတွေကို အီးယူသံအမတ်၊ ယူကေသံတမန် တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးပါပြီ။ နောက်ပြီး ကုလသမဂ္ဂဌာန သုံးခုလောက်နဲ့လည်း တွေ့ဆုံ ဆွေးနွေးပြီးဖြစ်ပါတယ်။ မကြာခင်ကပဲ နီပွန် ဖောင်ဒေးရှင်းကနေ လက်တွဲဆောင်ရွက်ဖို့ လာဆွေးနွေးသွားပါတယ်။ တိုင်းရင်းသားတွေ ရဲ့ အရေးဆောင်ရွက်မယ့် တိုင်းရင်းသား ရေးရာဝန်ကြီးဌာနမှာ စိန်ခေါ်မှုတွေအများကြီး ရှိပါတယ်။

အပစ်အခတ်ရပ်စဲရေး အကောင်အထည် မဖော်နိုင်သေးတော့ စစ်ပြေးဒုက္ခသည်တွေရဲ့ ကိစ္စရယ်၊ ကလေးတွေပညာသင်ကြားဖို့အရေး ကိစ္စရယ်၊ တိုင်းရင်းသားတွေရဲ့ ဒေသမှာ ဖွံ့ဖြိုးတိုးတက်ဖို့၊ ပညာဗဟုသုတရရှိဖို့လည်း အများကြီးလိုအပ်နေပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ခေတ်အဆက် ဆက်မှာ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးအခန်းကဏ္ဍတွေ ချို့ယွင်းခဲ့ပြီး တခြား နိုင်ငံတွေနဲ့ ရင်ပေါင်တန်းဖို့မရှိခဲ့တဲ့အတွက် ကြောင့် တခြားနိုင်ငံနဲ့ ပြန်လည်ရင်ပေါင်တန်း နိုင်ဖို့ဟာ နိုင်ငံရဲ့သယံဇာတတစ်ခုတည်းကို အားကိုးလို့မရတော့ဘူး။ လူ့စွမ်းအား အရင်းအမြစ်တွေ လိုအပ်လာတယ်။ လူ့ စွမ်းအားက အင်မတန်အရေးကြီးတဲ့အတွက် တိုင်းရင်းသားလူငယ်တွေကို ပညာဗဟုသုတ ကြွယ်ဝအောင် အဘက်ဘက်ကပြည့်စုံပြီး ကမ္ဘာ နဲ့ ရင်ပေါင်တန်းနိုင်အောင် ခေတ်မီတိုးတက် တဲ့ ပညာရေးစနစ်တွေကိုလည်း အတတ်နိုင် ဆုံး ကူညီပံ့ပိုးပေးသွားမှာပါ။ တခြားနိုင်ငံတွေ ကိုလည်း အကူအညီတောင်းပြီး လက်တွဲ ဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ခံပါတယ်။

မေး။ ပြည်ထောင်စုဝန်ကြီးအနေနဲ့ တိုင်းရင်းသားလူမျိုးတွေကို ပြောကြားချင်တဲ့ စကားလေးရှိရင် ပြောကြားပေးစေလိုပါတယ် ရှင့်။

ဖြေ။ တိုင်းရင်းသားလူမျိုးတွေကို ပြောပြ ချင်တာက ကျွန်တော်တို့ပြည်ထောင်စုမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံစုပေါင်းပြီး နေထိုင် တဲ့ ပြည်ထောင်စုဖြစ်တဲ့အတွက်ကြောင့် ဒီပြည်ထောင်စုသမ္မတမြန်မာနိုင်ငံထဲမှာ ဒီ လူမျိုးအားလုံး အချင်းချင်းက စည်းလုံးညီညွတ် ဖို့၊ တည်ဆောက်ထားတဲ့ ပြည်ထောင်စုကို ပြည်ထောင်စုစိတ်ဓာတ်ရှိရှိ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်ရင်းနှီးဖို့၊ လေးစားယုံကြည် ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် တိုင်းရင်းသားတွေကလည်း ပညာဗဟုသုတ ပြည့်ဝပြီး နိုင်ငံရေးသဘောသဘာဝတရား တွေ နားလည်လာမယ်ဆိုရင် ခုဆို ပြည်သူ လူထုလက်ထဲမှာ ရောက်ရှိလာတဲ့အာဏာကို၊ အခွင့်အရေးကို ဒီမိုကရေစီစနစ်ကျကျ သုံးစွဲ နိုင်အောင်၊ ရှေ့ဆက်ပြီးတော့ ဦးဆောင်နိုင် အောင် ပြည်သူလူထုအားလုံးနဲ့ တိုင်းရင်းသား အားလုံးက အချင်းချင်း ချစ်ခင်ယုံကြည်ပြီး ပြည်ထောင်စုစိတ်ဓာတ် တည်ဆောက်ကြပါ။ ပြည်ထောင်စုစိတ်ဓာတ်ရှိမှ ကျွန်တော်တို့ နိုင်ငံဟာ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးတည်ဆောက်နိုင်မှ ငြိမ်းချမ်းရေးရှိမှ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဟာ တိုးတက်ဖွံ့ဖြိုးမှုလမ်းပေါ်ကို လျှောက်လှမ်းနိုင်မယ်။ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးမရှိဘဲနဲ့ ဒီမိုကရေစီရ သည့်တိုင် ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်အောင် တည်ဆောက်လို့ရနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ပြည်ထောင်စုတိုင်းရင်းသားလူမျိုး များအားလုံးစုစည်းပြီး ဖွဲ့စည်းတည်ထောင် ထားတဲ့ ဒီနိုင်ငံမှာ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနဆိုတာ ရှိသင့်ပါတယ်။ ဒါကြောင့်ဝန်ကြီးဌာနတွေ ချုံ့လိုက်တာတောင် မှ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဆိုပြီး ဝန်ကြီးဌာနအသစ်ကို ဖွဲ့စည်းလိုက်တာ ပါ။ ဝန်ကြီးဌာနပေါင်း ၃၆ ခု ကနေ ၂ဝ ထိ လျှော့ချပြီးတော့ ဒီဝန်ကြီးဌာနအသစ်ကို ထပ်တိုး ဖွဲ့စည်းပေးလိုက်တဲ့ အစိုးရရဲ့ တိုင်းရင်းသားတွေအပေါ်မှာထားရှိတဲ့ အလေးထား မှုဟာ အင်မတန်မှလေးနက်ကြောင်းပြတာ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားအားလုံး ကိုယ်စား အစိုးရကို ကျေးဇူးများစွာတင်ရှိပါ ကြောင်း ပြောကြားလိုပါတယ်။





No comments:

Post a Comment