အမျိုးသားရေးအားမာန်နှင့် ခေတ်သစ်ကိုလိုနီဝါဒ
===============================
ဒီမိုကရေစီ၏သဘောကို အနှစ်ချုပ်တင်ပြရပါက ပြည်သူလူထု၏ လိုလားထောက်ခံမှုကိုရယူလျက် တိုင်းပြည်ရေးရာ ကိစ္စအရပ်ရပ်ကို ပြည်သူလူထု၏ ပူးပေါင်းကူညီမှုအင်အားဖြင့် စီမံဆောင်ရွက်ရခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဒီမိုကရေစီနိုင်ငံများ၌ လူထုအခြေပြုသော လူထုအကျိုးပြုအဖွဲ့အစည်းများ ရှိရန်လိုအပ်ပါသည်။ ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံထူထောင်ရန်ကြိုးပမ်းဆောင်ရွက်နေသည့် ယခုကဲ့သို့သော ပစ္စုပ္ပန်မျက်မှောက်ကာလ၌ လူထု အခြေပြုသော လူထုအကျိုးပြုအဖွဲ့အစည်းများ အပြိုင်းအရိုင်းပေါ်ထွက်လာသည်မှာ နိုင်ငံရေးစည်းချက်ညီ သော ဖြစ်ရပ်ဖြစ်ပါသည်။ လူထုအခြေပြုသော လူထုအကျိုးပြုအဖွဲ့အစည်းများကို အစိုးရမဟုတ်သော အဖွဲ့အစည်းများ (Non Governmental Organizations-NGOs)ဟုပြောဆိုကြသကဲ့သို့ အရပ်ဘက်အဖွဲ့ အစည်းများ (Civil Society Organizations-CSOs) ဟုလည်း ရည်ညွှန်းကြပါသည်။ မြန်မာပြည်သူများ၏ လိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးရန်ရည်ရွယ်၍ ပြည်တွင်း၌ လာရောက်လုပ်ကိုင်ကြသည့် ပြည်ပအခြေစိုက် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ (International Non Governmental Organizations- INGOs)လည်းရှိပါသည်။
အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs)နှင့်အရပ်ဘက်အဖွဲ့အစည်းများ (CSOs)သည် လူထု၏ လိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးရန် တိုင်းပြည်၏ကဏ္ဍပေါင်းစုံ၌ ပုံသဏ္ဌာန်မျိုးစုံဖြင့်ဆောင်ရွက်လျက်ရှိ သည်။ လေလွင့်လူငယ်များကိုအချက်အပြုတ်သင်ကြားပေး၍ ဘဝရပ်တည်နိုင်ရေးကို ကူညီဆောင်ရွက်ပေးနေ သော အဖွဲ့များရှိသကဲ့သို့ လုပ်ငန်းခွင်သို့ရောက်ရှိနေသောကလေးများနှင့် လူငယ်များကို လုပ်ငန်းချိန်ပြင်ပစာသင် ကြားပေးသော အဖွဲ့များလည်းရှိပါသည်။ အလုပ်သမားအရေးအတွက်ဆောင်ရွက်ပေးသော အဖွဲ့များရှိသကဲ့ သို့ လယ်သမားအရေးအတွက်ဆောင်ရွက်ပေးသောအဖွဲ့များလည်းရှိပါသည်။ အမျိုးသမီးအခွင့်အရေးအတွက် ဆောင်ရွက်ပေးနေသော အဖွဲ့များလည်း ရှိပါသည်။ ပြည်သူလူထု၏ အမျိုးမျိုးအဖုံဖုံသောလိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးနေသော အဖွဲ့အစည်းများသည် မတူကွဲပြားသည့် ရည်ရွယ်ချက်များ ရှိသကဲ့သို့ အဖွဲ့အစည်း များ၏ စွမ်းပကားအနိမ့်အမြင့်မှာလည်း အဆင့်အမျိုးမျိုး ခြားနားနေသည်။ တိုင်းပြည်၏ တည်ငြိမ်လုံခြုံရေးအတွက် တိုင်းပြည်အတွင်းရှိ အဖွဲ့အစည်းအားလုံး၏ လှုပ်ရှားဆောင်ရွက်မှုကို ကန့်သတ်ထိန်းချုပ်ရန် လိုအပ်သည်ဟူ သော အတွေးအခေါ်သည် အာဏာရှင်ခေတ် လက်ကျန်အတွေးအခေါ်ဖြစ်ပါသည်။
ဤအာဏာရှင်ခေတ် လက်ကျန်အတွေးအခေါ်ဖြင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) နှင့် အရပ်ဘက်အဖွဲ့အစည်းများ (CSOs) အပေါ် ကန့်သတ်ထိန်းချုပ်ရန် ကြိုးပမ်းပါက ဒီမိုကရေစီအသွင်ကူးပြောင်းရေး၏ နိုင်ငံရေးစည်းချက်တို့ ယိမ်းယိုင်ပျက်ပြားသွားမည်ဖြစ်သည်။ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများ (INGOs) သည် နိုင်ငံတော်အစိုးရ၏ သဘောတူညီချက်အရ ဆောင်ရွက်ခြင်းဖြစ်၍ အထူးတလည် ရည်ညွှန်းဆွေးနွေးရန် မလိုအပ်ပါ။ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) နှင့် အရပ်ဘက်အဖွဲ့အစည်းများ (CSOs) များ၏ လှုပ်ရှားဆောင်ရွက်မှုများ စနစ်တကျရှိရန်နှင့် နိုင်ငံ့အတွက် အကျိုးပြုစေရန် ဥပဒေများရေးဆွဲပြဋ္ဌာန်းပေးရန် လိုအပ်သော်လည်း ဤဥပဒေများသည် ပြည်သူတို့၏ နိုင်ငံရေး အသိစိတ်ဓာတ်၊ လူမှုရေးအသိစိတ်ဓာတ်တို့ကို ချိုးနှိမ်ပိတ်ပင်သည့်သဘော မသက်ရောက်စေရန် အရေးကြီးပါသည်။
ပမာဏကြီးမားသော ရေအားလျှပ်စစ်စီမံကိန်းကဲ့သို့သော တိုင်းပြည်နှင့် လူမျိုးအပေါ် အကျိုးသက်ရောက်မှု နက်ရှိုင်းကျယ်ပြန့်သည့် စီမံကိန်းများ ဆောင်ရွက်ရာ၌ အစိုးရနှင့် လွှတ်တော်တို့ကဲ့သို့သော နိုင်ငံတော်ယန္တရား သက်သက်ဖြင့် ဘက်စုံထောင့်စေ့ ချိန်ဆနှိုင်းယှဉ် သုံးသပ်ဆောင်ရွက်နိုင်မည်မဟုတ်ပါ။ ဤသို့သော စီမံကိန်းများ ပြင်ဆင်ချမှတ်အကောင်အထည်ဖော်ရာ၌ အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGOs)နှင့် အရပ် ဘက်အဖွဲ့အစည်းများ (CSOs)၏ ပူးပေါင်းဆောင်ရွက်မှုကို ကျယ်ပြန့်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် ရရှိရန် အထူးအရေးကြီးသည်။ ထပ်မံထောက်ပြလိုသည်မှာ ပြည်သူလူထုကို အခြေခံဆောင်ရွက်နေကြသည့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (NGOs) နှင့် အရပ်ဘက်အဖွဲ့အစည်းများ (CSOs) သည် ပြည်သူလူထု၏ နေ့စဉ်ဘဝလိုအပ်ချက်ပြဿနာများကို ကိုင်တွယ်ဖြေရှင်းပေးမည့် စိတ်ကူးအကြံဥာဏ်နှင့် လုပ်ငန်းအစီအစဉ်များ ထွက်ပေါ်လာစေရန် ပံ့ပိုးကူညီနိုင်ပါသည်။ ဤအချက်တို့ကို ကြည့်ရုံမျှဖြင့် လူထုကိုအခြေခံသော လူထု အကျိုးပြုအဖွဲ့အစည်းများ လိုအပ်သည်မှာ ထင်ရှားသော်လည်း တချို့သောအစိုးရမဟုတ်သော အဖွဲ့အစည်း များ (NGOs) နှင့် အရပ်ဘက်အဖွဲ့အစည်းများ (CSOs) သည် နိုင်ငံတကာအဖွဲ့အစည်းထံမှဘဏ္ဍာရေး အကူအညီရယူနေသည်ကို အကြောင်းပြု၍ ခေတ်သစ်ကိုလိုနီဝါဒ၏ အန္တရာယ်များ စိမ့်ဝင်နေပြီဟု ပြောဆိုမှု များရှိနေသည်။ ကမ္ဘာ့နိုင်ငံများအကြား အပြန်အလှန်ယှက်နွှယ်ချိတ်ဆက် ဆောင်ရွက်မှုများ နက်ရှိုင်း ကျယ်ပြန့် လာသည့် ဂလိုဘယ်လိုက်ဇေးရှင်း(Globalization) ခေတ်၌ နိုင်ငံတကာအဖွဲ့အစည်းများ၏ သြဇာအယူအဆ ဤသို့စိမ့်ဝင်လာသည်ကို ဟန့်တားရန် မဖြစ်နိုင်ပါ။ နိုင်ငံတော်အစိုးရက အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs)နှင့် အရပ်ဘက်အဖွဲ့အစည်းများ (CSOs)အား ထိတွေ့ညှိနှိုင်းလျက် ချမှတ်ပြဋ္ဌာန်းထားသော ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဤအဖွဲ့အစည်းများက အပြည့်အဝ လိုက်နာဆောင်ရွက်လာစေရန် ဖေးမကူ ညီဆောင်ရွက်ခြင်းဖြင့်သာ လိုအပ်သလို တုံ့ပြန်နိုင်စွမ်းရှိသည့် ပွင့်လင်းမြင်သာသော အခြေအနေတစ်ရပ်ကို ဖန်တီးနိုင်မည်ဖြစ်ပါသည်။ အစိုးရမဟုတ်သော အဖွဲ့အစည်းများ(NGOs) နှင့် အရပ်ဘက်အဖွဲ့အစည်းများ (CSOs) သည်လည်း အချင်းချင်းအပြန်အလှန် ညှိနှိုင်းတိုင်ပင်လျက် နိုင်ငံတော်အစိုးရ၏ မူဝါဒများ အောင်မြင်စေ ရန် လိုအပ်ချက်အရပ်ရပ်၏ တောင်းဆိုချက်များနှင့်အညီ ပံ့ပိုးကူညီရန်လိုအပ်ပါသည်။
အစိုးရနှင့် ပြည်သူကြည်ဖြူ သည့် ဤသို့သော ပူးပေါင်းဆောင်ရွက်မှုမျိုးသည်သာ အမျိုးသားရေးအားမာန်တို့ကို ခိုင်မာကျစ်လျစ်စေလျက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို စွမ်းဆောင်ပေးနိုင်မည်ဖြစ်ပါသည်။ ။
No comments:
Post a Comment