Sunday, May 29, 2016

နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ်ဈေးရောင်းပွဲတော် ဇူလိုင်လကုန်ခန့်တွင် ကျင်းပရန်စီစဉ်





ရန်ကုန် မေ ၂၈

နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် ပတ်သက်ပြီး ယခင်က ဆွေးနွေးလေ့မရှိ ကြောင်း၊ နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲ ခေါင်းစဉ်အောက်တွင် ဆွေးနွေးစရာ အကြောင်းအရာများ အများကြီး ရှိကြောင်း၊ စာတမ်းဖတ်ပွဲတွင် နိုင်ငံရေး နောက်ခံဝတ္ထု၊ ခေတ်အဆက်ဆက် နိုင်ငံရေးသမိုင်း၊ နိုင်ငံရေးအတ္ထုပ္ပတ္တိ စသဖြင့် ခေါင်းစဉ်အမျိုးမျိုးရှိကြပြီး မည်သည့်စာတမ်းရှင်က မည်သည့် ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြမည်ကို ဆွေးနွေးကြစေလိုကြောင်း ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟို ပုံနှိပ်စက်ရုံအစည်းအဝေးခန်းမ၌ နိုင်ငံ ရေးစာပေစာတမ်းဖတ်ပွဲနှင့် မိုးရာသီ စာအုပ် ဈေးရောင်းပွဲတော်ကျင်းပရေး အကြိုညှိနှိုင်းအစည်းအဝေး၌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က ပြောသည်။

မိုးရာသီ စာအုပ်ဈေးပွဲတော်နှင့် ပတ်သက်၍ ''စာတမ်းဖတ်ပွဲနှင့်အတူ မိုးရာသီစာအုပ် ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံဝင်း ၌ သုံးရက်တိုင်ကျင်းပသွားရန် ဆုံးဖြတ် ထားကြောင်း၊ လိုအပ်လျှင် ဖြစ်မြောက် ရေးကော်မတီဖွဲ့ပြီး ဆက်လက်ဆောင် ရွက်ကြရန်နှင့် အသေးစိတ် လိုအပ်သည် များကို စာပေပညာရှင်များနှင့် စာအုပ် ထုတ်ဝေသူများ ဝိုင်းဝန်းဆွေးနွေးကြရန်'' ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

အဆိုပါ အကြိုညှိနှိုင်းအစည်း အဝေးတွင် စာပေပညာရှင်များနှင့် စာအုပ်ထုတ်ဝေသူများ တက်ရောက် ကြပြီး ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးခဲ့ ကြသည်။
အဆိုပါ အကြိုညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ နိုင်ငံရေးစာပေပညာရှင် ဦးကိုကိုလှိုင် က ''သိသလောက်ပြောရရင် ဝန်ကြီးလည်း အဖွင့်မိန့်ခွန်းမှာပြောတဲ့ အတိုင်း နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲ ဆိုတာ အရင်တုန်းက တစ်ခါမှ မလုပ်ဖူးပါ ဘူး။ စာပေဗိမာန်စာတမ်းဖတ်ပွဲအစဉ် အလာရှိခဲ့တယ်၊ အခု နိုင်ငံရေးအရ ပွင့်လင်းလွတ်လပ်လာတဲ့ခေတ်ကို ရောက် လာတဲ့အတွက် နိုင်ငံရေးစာပေစာတမ်း ဖတ်ပွဲကို စာအုပ်အရောင်းပွဲတော်နဲ့တွဲပြီး ပထမဆုံးလုပ်နိုင်ဖို့အတွက် ရည်ရွယ်ပြီး တော့ ယနေ့အစည်းအဝေးလုပ်ဖြစ်တာပါ၊ နိုင်ငံရေးစာပေဆိုတာ နိုင်ငံရေးနဲ့  ပတ်သက်ပြီးတော့ ရေးသားထုတ်ဝေထား တဲ့စာအုပ်စာနယ်ဇင်းပေါ်မှာ အခြေခံပြီး တော့ သုံးသပ်တဲ့စာတမ်းတွေပါ၊ နိုင်ငံ ရေးစာပေဆိုတာ ကျယ်ပြန့်ပါတယ်၊ ပုံစံ အမျိုးမျိုးနဲ့လည်း ရေးခဲ့ကြတယ်၊ ဥပမာ- နိုင်ငံရေးကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို ပုံစံ မျိုးနဲ့ ရသစာပေပုံစံမျိုးလည်းရေးကြ တယ်။ အဲဒါအပြင် နိုင်ငံရေးစာပေ အတ္ထုပ္ပတ္တိ၊ နိုင်ငံရေးသမိုင်းစသဖြင့် အမျိုးမျိုးရှိတယ်။ ခေတ်ကာလအားဖြင့် ကြည့်မယ်ဆိုရင် ခေတ်တွေနဲ့ပိုင်းလို့ရ တယ်၊ ခေတ်အမျိုးမျိုးရှိတယ်၊ ရှုထောင့် အမျိုးမျိုးကလည်း ရေးနိုင်တယ်၊ အင်မတန်စုံလင်တဲ့ နိုင်ငံရေးစာပေတွေကို စာတမ်းအဖြစ်တင်ပြရင် ဘယ်လို ခေါင်းစဉ်ဖြင့် စာတမ်းပြုစုကြမလဲ စာတမ်းဘယ်နှခုလောက် လက်ခံမလဲ ဆွေးနွေးနိုင်မလဲစသဖြင့် အသေးစိတ်တွေ ကို တတ်နိုင်သလောက်စဉ်းစားပြီး စာတမ်းဖတ်ပွဲနဲ့ပတ်သက်ပြီး ဒီအစည်း အဝေးမှာ ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံရေး စာပေထွန်းကားလာသမျှ ပြည်သူလူထု ရဲ့ နိုင်ငံရေးအသိအမြင်တွေလည်း ထွန်းကားလာမယ်၊ မှန်ကန်တဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေလည်း ရွေးနိုင်လာ မယ်၊ နိုင်ငံအနာဂတ် ပိုမိုကောင်းမွန် စေမှာဖြစ်ပါတယ်။ နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲ ကြိုဆိုသင့်ပါတယ်လို့ ယူဆပါတယ်''ဟု ပြောသည်။
မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း တွဲဖက်အတွင်း ရေးမှူး(၁) ဦးသိန်းစိုး က ''မြန်မာနိုင်ငံရဲ့ သမိုင်းမှာ နိုင်ငံရေးစာပေနဲ့ပတ်သက်ပြီး စာတမ်းဖတ်ပွဲမျိုး တစ်ခါမှ မလုပ်ဖူးပါဘူး၊ စာတမ်းဖတ်ပွဲမှာ ဒီ့ထက်စည်ကားသွား အောင် နိုင်ငံရေးစာပေတွေကော အခြား စာပေတွေရော စာအုပ်ဈေးရောင်းပွဲပါ ထည့်ဖို့ဆိုပြီး ဝန်ကြီးဌာနအစီအစဉ်နဲ့ လုပ်တဲ့အတွက် စာအုပ်ဈေးပွဲတော်ဖြစ် မြောက်ရေးကော်မတီအနေနဲ့ အစည်း အဝေးတက်ပြီး ဖွဲ့စည်းခဲ့ပါတယ်။

အခု ဈေးရောင်းပွဲတော်ကတော့ နေရာ အကျယ်အဝန်းတော်တော်ရတဲ့အတွက် ကန့်သတ်စရာမလိုတော့ဘူး၊ ပါဝင်ပြီး ဖွင့်လှစ်ချင်တဲ့စာအုပ်ဆိုင်တွေ အကုန်လုံး နေရာပေးနိုင်မှာပါ။ အနည်းဆုံးစာအုပ် တိုက် စာအုပ်အရောင်းဆိုင် ၁ဝဝ လောက် ပါဝင်မယ်လို့ ထင်ပါတယ်''ဟု ဆိုသည်။

ပြည်သူ့အရေးဂျာနယ် အယ်ဒီတာ ချုပ် ဦးမော်လင်း က ''နိုင်ငံရေးစာပေဆို တာ ဘာလဲ၊ နိုင်ငံရေး စာပေဖွံ့ဖြိုးတိုး တက်ဖို့ ဘာတွေလိုလဲ၊ နိုင်ငံရေးစာပေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံ့သမိုင်းမှာ ဘာတွေရှိခဲ့လဲ၊ မျက်မှောက်ခေတ်နိုင်ငံ ရေး စာပေနဲ့ပတ်သက်ပြီး ဘာစာအုပ် စာတမ်းတွေထွက်ခဲ့ဖူးလဲ၊ နိုင်ငံတကာက နိုင်ငံရေးစာပေတွေ ဘယ်လိုထွက်သလဲ၊ နိုင်ငံရေးသဘောတရားတွေ၊ နိုင်ငံရေး သီအိုရီတွေနဲ့ပတ်သက်တဲ့ စာပေ စာအုပ် တွေရှိတယ်၊ နိုင်ငံရေးလုပ်တဲ့ နိုင်ငံရေး သမားတွေကိုယ်တိုင်ရေးထားတဲ့ စာအုပ် စာပေတွေရှိတယ်၊ နိုင်ငံရေးခေါင်းဆောင် တွေနဲ့ နိုင်ငံရေးထင်ရှားတဲ့သူတွေ အကြောင်းရေးထားတဲ့ နိုင်ငံရေး အတ္ထုပ္ပတ္တိတွေရှိတယ်၊ နိုင်ငံရေးကို နောက်ခံထားပြီး ရေးထားတဲ့ဝတ္ထုတွေ သမိုင်းတွေရှိတယ်၊ အဲဒီခေတ်ကာလက စာအုပ်တွေကို ဘယ်လိုရေးသားထုတ်ဝေ ခဲ့လဲ၊ အဲဒီစာအုပ်စာပေတွေက စာဖတ် သူတွေကို ဘယ်လိုလွှမ်းမိုးခဲ့လဲ၊ နိုင်ငံရေး နဲ့ပတ်သက်တဲ့စာနယ်ဇင်းတွေ၊ သတင်း စာတွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေက မြန်မာ့နိုင်ငံရေးအပေါ် ဘယ်လိုလွှမ်းမိုးမှု ရှိလဲ စသဖြင့် အဲဒီအကြောင်းအရာတွေ နဲ့ပတ်သက်တဲ့ စာတမ်းတွေဖတ်ကြမယ်၊ ဆွေးနွေးကြမယ်။ အဲဒါတွေကျင်းပဖို့ အခုအစည်းအဝေးမှာ ဆွေးနွေးကြ တာပါ''ဟု ပြောသည်။ မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိ သူများအသင်း အတွင်းရေးမှူး ဦးမြင့်ထွန်းက ''နိုင်ငံရေးစာပေ စာတမ်း ဖတ်ပွဲနဲ့အတူ မိုးရာသီစာအုပ် ဈေးရောင်း ပွဲတော်ကို သိမ်ဖြူလမ်းက ဒီရုံးမှာ ဇူလိုင် လကုန်လောက် ကျင်းပမယ်၊ အသင်း အနေနဲ့ စာအုပ်ထုတ်ဝေသူတွေအားလုံး ပေါင်းပြီး ဆိုင်ခန်း ၁ဝဝ လောက် ဖွင့်နိုင် အောင် ကြိုးစားထားတယ်၊ ကျင်းပ မယ့်ရက် အတိအကျမသိသေးပေမယ့် သုံးရက်ကြာ ကျင်းပမယ်လို့သိရပါတယ်။ ဒီအဆောက်အအုံကြီးထဲမှာ ၂ဝဝ၆ ခုနှစ် က ပထမအကြိမ် စာအုပ်ဈေးရောင်းပွဲ တော်ကျင်းပခဲ့ဖူးတယ်၊ အခုဒီနေရာမှာ စာအုပ်ဈေးပွဲတော်က ဒုတိယမြောက် ကျင်းပခြင်းဖြစ်တယ်။

သမိုင်းဝင်ရုံးကြီးမှာ ကျင်းပတာဖြစ်တဲ့အပြင် မြို့လယ်ကောင်နဲ့ လည်း နီးတာကြောင့် ဒီပွဲကစည်ကားမယ် လို့မြင်ပါတယ်။ စာတမ်းဖတ်ပွဲက တစ်ဖက် ကကျင်းပနေသလို စာအုပ်ဆိုင်တွေက လည်း စာအုပ်တွေကိုရောင်းချပေးနေ မှာပါ''ဟု ဆိုသည်။
မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေဖြန့်ချိသူ အသင်း အလုပ်အမှုဆောင် ဦးနေမျိုးညွန့် က ''စာအုပ်ဈေးရောင်းပွဲတော်များ ကျင်းပနိုင်သမျှ ကျင်းပနိုင်လျှင် စာဖတ် သူများနှင့် စာအုပ်ထုတ်ဝေသူများ ထိတွေ့မှုများလာပြီး စာအုပ်လုပ်ငန်း အတွက်သာမက စာဖတ်သူများပါ အကျိုးပြုနိုင်သည်'' ဟု ပြောသည်။
နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ်ဈေးရောင်းပွဲတော်ကို ဇူလိုင်လ တတိယပတ် (သို့မဟုတ်) စတုတ္ထပတ်တွင် ကျင်းပရန် စီစဉ်လျက်ရှိ ကြောင်း သိရသည်။
သတင်း - ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ - ဇော်မင်းလတ်

No comments:

Post a Comment