Thursday, May 26, 2016

တောင်သူလယ်သမားတွေရဲ့လိုအပ်ချက်အပေါ်မူတည်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အဓိကထုတ်ချေးတာဖြစ် မြန်မာ့စီးပွားရေးဘဏ်က ချေးဖို့မလုံလောက်မှသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကယူဖို့ အရန်အဖြစ် စီစဉ်ထား



''မြန်မာ့စီးပွားရေးဘဏ်ကနေ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကို ထုတ်ချေးမယ့်   အတိုင်းအတာငွေပမာဏလိုအပ်ချက် လုံလောက်မှု မရှိတဲ့အခါမှသာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ ချေးယူဖို့ ဆောင်ရွက်ထားတာဖြစ်ပါတယ်။  တကယ်လို့ချေးယူ မယ်ဆိုရင်   မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ  ၉၁ အရ ပြည်ထောင်စုလွှတ်တော်ရဲ့အတည်ပြုချက်နဲ့  ဗဟိုဘဏ်ကအစိုးရ အဖွဲ့ ကို ချေးနိုင်ပါတယ်''ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ဝင်းက ပြောသည်။

မေ လ ၂၃ ရက်နေ့က  ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ၂၄ ရက်မြောက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟို ဘဏ် ဒုတိယဥက္ကဋ္ဌ၏  စိုက်ပျိုးစရိတ်အတွက် ဗဟိုဘဏ်မှ ထုတ်ချေးမည့် ငွေကျပ် ဘီလီယံ ၅ဝဝ ကို ငွေစက္ကူရိုက်နှိပ် ထုတ်ချေးသွားမည်ဟူသည့်  ရှင်းလင်းတင်ပြချက်နှင့် စပ်လျဉ်း၍ သတင်းမီဒီယာများ၏ ရေးသားဖော်ပြချက်များအပေါ်  ထိုကဲ့သို့ တုံ့ပြန်ပြောကြားလိုက်ခြင်းဖြစ်သည်။

''ဘီလီယံ ၅ဝဝ ကို ကျွန်တော်တို့ကို ထုတ်ချေးမယ်။ အဲဒီ ပမာဏအထိ ငွေစက္ကူတွေ ရိုက်နှိပ်ထုတ်ဝေချေးရမယ်ဆိုတာ အပြည့်အဝမှန်ကန်မှုမရှိပါဘူး။ တကယ် လိုအပ်လို့ချေးခဲ့ရင် တောင်  ဘီလီယံ ၅ဝဝ ကို တစ်ချိန်တည်း တစ်ပြိုင်တည်း ချေးယူ မှာ မဟုတ်ဘဲ လိုအပ်သလောက်ကိုသာ အလီလီချေးယူတဲ့ ပုံစံ မျိုးနဲ့ ရယူမှာဖြစ်ပါတယ်။  ပထမတစ်ခုကို ချေးယူပြီးရင် နောက် ပြန်ဝင်လာတာနဲ့ ပြန်ထေမိတဲ့အခါ နောက်တစ်ခု ထပ်လိုချင်မှ လိုတော့မှာဖြစ်တယ်။ အရင်ယူထားတာကိုလည်း တစ်နှစ်အတွင်း အချိန်မီပြန်ဆပ်နိုင်အောင်ကြိုးစားမယ်၊ ဒီလိုစနစ်နဲ့သွားရင် ငွေစက္ကူတွေရိုက်နှိပ်ချေးယူရမယ်၊ ငွေစက္ကူတွေ ဖောင်းပွမှု ဖြစ် မယ်ဆိုတဲ့ ဖိအားတွေ စိုးရိမ်စရာမလိုတော့ပါဘူး''ဟု ¤င်းက ပြောသည်။
''လယ်ယာမြေဧကများစွာအတွက် ဘဏ္ဍာငွေလိုအပ်ချက် တွေနဲ့ပတ်သက်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တွက်ချက် ပြီး အဆိုပြုတင်ပြပါတယ်။ နှစ်စဉ်အစိုးရအနေနဲ့ လယ်သမား တွေကို ထုတ်ချေးဖို့ဆိုတာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တွက်ချက်တင်ပြတဲ့ ဘဏ္ဍာငွေလိုအပ်ချက်အပေါ်မူတည်ပါတယ်။

ဒီနှစ်အတွက် တစ်ဧကကို တစ်သိန်းခွဲနှုန်းနဲ့ ငွေကျပ် $ဘီလီယံ ၁၇၇၆ ဘီလီယံလိုအပ်တယ်လို့ အဆိုပြုထားပါတယ်။ ဒီအဆိုပြု ချက်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လွှတ်တော်မှာ ရှင်းလင်းတင်ပြထားပါ တယ်။
''ဒီလိုအပ်ချက်ကို အစိုးရက တာဝန်ယူဖြည့်ဆည်း ဆောင် ရွက်ပေးရမှာဖြစ်တဲ့အတွက်  မြန်မာ့စီးပွားရေးဘဏ်က ဖြည့် ဆည်းပေးတာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှာ အပ်ငွေများများ လက်ခံထားတာမရှိတဲ့ အတွက်  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရန်ပုံငွေနဲ့ မလုံလောက် ပါဘူး။

 ဒါကြောင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အတွက် အစိုးရ ကိုယ်စား   မြန်မာ့စီးပွားရေးဘဏ်က  ငွေကိုထုတ်ချေးတယ်။ မြန်မာ့စီးပွားရေးဘဏ်ကလည်း လယ်သမားတွေရဲ့ အကျိုးစီးပွား အတွက် အစိုးရကသတ်မှတ်ထားတဲ့ အတိုးနှုန်းနဲ့ထုတ်ချေးပါ တယ်။ ဒါကြောင့် မြန်မာ့စီးပွားရေးဘဏ်က မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကို တစ်နှစ်ကို အတိုးနှုန်း ၅ ရာခိုင်နှုန်းနဲ့ထုတ်ချေး ပါတယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တောင်သူလယ် သမားတွေကို အတိုးနှုန်း ၈ ရာခိုင်နှုန်းနဲ့ ထုတ်ချေးမှာဖြစ်တယ်။  ချေးငွေတွေဟာ တစ်နှစ်တစ်နှစ် တိုးမြင့်လာတဲ့အတွက် မြန်မာ့ စီးပွားရေးဘဏ်အနေနဲ့ သူတို့ရဲ့အပ်ငွေ လက်ကျန် အခြေအနေ၊ ငွေဝင်ငွေထွက် အခြေအနေတွေကို ကြည့်ရတယ်။

တကယ်လို့ မြန်မာ့စီးပွားရေးဘဏ်သာချေးဖို့မလုံလောက်ခဲ့ရင် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ကနေယူဖို့ အရန်အဖြစ် စီစဉ်ထားတာဖြစ်ပါ တယ်။ ဘီလီယံ ၅ဝဝ လုံးလုံးလည်းယူချင်မှ ယူဖြစ်မှာဖြစ်ပါတယ်။ မြန်မာ့စီးပွားရေးဘဏ်ရဲ့အခြေအနေကိုမူတည်ပြီး လုံးဝမလိုအပ် ရင် လုံးဝမယူပါဘူး''ဟု ¤င်းက ထပ်မံရှင်းပြသည်။
''မြန်မာ့စီးပွားရေးဘဏ်က မလုံလောက်မှသာ ဗဟိုဘဏ် က ချေးယူမှာဖြစ်တယ်။ နောက်တစ်နည်းက ဗဟိုဘဏ်က မယူ ရင် အစိုးရအနေနဲ့ ငွေတိုက်စာချုပ်တွေ၊ ငွေတိုက်လက်မှတ်တွေ ထုတ်ရောင်းပြီး   သင့်တော်တဲ့အတိုးနှုန်းနဲ့   ယူရင်လည်းရပါ တယ်။

ဘွန်းတွေရောင်းချပြီး ဖြည့်ဆည်းတာတွေလည်း ရှိပါ တယ်။ အဲဒီမှာ မြင့်မားတဲ့ အတိုးနှုန်းပေးရမယ့် တောင်သူ လယ်သမားကို ချေးတဲ့နေရာမှာ အတိုးနှုန်း ၈ ရာခိုင်နှုန်းနဲ့သာ ချေးပေးချင်တဲ့အတွက် မြင့်မားတဲ့အတိုးနှုန်းတွေဟာ အစိုးရ အတွက် အရှုံးတွေဖြစ်ပေါ်ပြီး အစိုးရမှာ ဝန်ထုပ်ဝန်ပိုးတွေဖြစ် စေနိုင်ပါတယ်။ ဒါကြောင့် ဗဟိုဘဏ်က ချေးယူဖို့ စီစဉ်ရခြင်း ဖြစ်ပါတယ်။
''ဗဟိုဘဏ်ကချေးယူမယ်ဆိုတိုင်း ငွေစက္ကူတွေ မဖြစ်မနေ ရိုက်ရမယ်လို့ မဆိုလိုပါဘူး။ ဗဟိုဘဏ်အနေနဲ့ ရှိနေတဲ့ အရင်း အမြစ်တွေနဲ့ လုံလောက်တယ်ဆိုရင်  ပထမထုတ်ချေးပေးမယ်။ အဲဒီမှာ လက်ကျန်အနေနဲ့ မလုံလောက်တော့ဘူးဆိုမှသာ ငွေ စက္ကူရိုက်နှိပ်မှာ ဖြစ်ပါတယ်။ ငွေစက္ကူရိုက်နှိပ်ဖို့ဆိုတာ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဥပဒေအရ ဗဟိုဘဏ်ကသာ ရိုက်နှိပ်ခွင့် ရှိပြီး ငွေကြေးတည်ငြိမ်မှုရှိအောင်ထိန်းသိမ်းရမယ့် တာဝန် လည်း ရှိပါတယ်။ ဝန်ကြီးဌာနအနေနဲ့ တတ်နိုင်သမျှ ဗဟိုဘဏ် ကမချေးယူပါဘူး။

ဗဟိုဘဏ်က ချေးယူတာကို တတ်နိုင်သမျှလျှော့ချသွားမှာဖြစ်ပါတယ်။ အဲဒီလိုလျှော့ချနိုင်အောင် မြန်မာ့ စီးပွားရေးဘဏ်နဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု ချေးယူနိုင်မည့်အစီအစဉ်များနှင့် စပ်လျဉ်း၍  အဆိုပါ အမြဲတမ်း အတွင်းဝန်က ရှင်းလင်းသည်။
''မနှစ်ကလည်း ဗဟိုဘဏ်ကနေ ဘီလီယံ ၄ဝဝ ချေးယူ မယ်လို့ ကြိုတင်ညှိနှိုင်းခဲ့ပေမယ့် မယူဖြစ်ခဲ့ပါဘူး။

ဘာဖြစ်လို့လဲဆို တော့ မြန်မာ့စီးပွားရေးဘဏ်ရဲ့ အခြေအနေနဲ့ လုံလောက်မှုရှိခဲ့ လို့ပါပဲ။ တစ်နှစ်ကလည်း ဗဟိုဘဏ်ကနေ မချေးယူခဲ့ရပါဘူး။ ဒီနှစ်အတွက်လည်း လုံလောက်မှုရှိမယ်လို့ မျှော်မှန်းထားပါ တယ်။ တကယ်လို့ မလုံလောက်ခဲ့ရင်ဆိုပြီး ဗဟိုဘဏ်က ချေးယူ နိုင်အောင် ဆောင်ရွက်ခြင်းသာဖြစ်ပါတယ်။ ချေးငွေကို တစ်လုံး တစ်ခဲတည်းယူမှာမဟုတ်ဘဲ အလီလီစနစ်နဲ့ ချေးယူဖို့တွေ၊ ထုတ်ယူရင် ဘယ်လောက်၊ ပြန်ဆပ်ရင် ဘယ်လောက်ဆိုတာတွေ၊ တစ်နှစ်အတွင်းမှာ ပြန်ဆပ်ဖို့တွေ၊ အတိုးနှုန်းကို သုံးလတစ်ကြိမ် ပေးဖို့တွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နဲ့ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနက ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လယ် သမားတွေစိုက်ပျိုးစရိတ် ငွေလုံလောက်အောင် ဖြည့်ဆည်းဖို့ နည်းလမ်းမျိုးစုံနဲ့ စဉ်းစားရမှာဖြစ်ပါတယ်။ ဘဏ္ဍာငွေရရှိနိုင်မှု အရင်းအမြစ်တွေအပေါ် မူတည်သုံးသပ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။   တောင်သူလယ်သမားတွေရဲ့   ချေးငွေလိုအပ်ချက်၊ တစ်ဖက်ကလည်း မြန်မာ့စီးပွားရေးဘဏ်ရဲ့  အပ်ငွေလက်ကျန် အခြေအနေနဲ့ ငွေဝင်ငွေထွက်အခြေအနေပေါ်မူတည်ပြီး လိုအပ် ရင် လိုအပ်သလောက်သာ ဗဟိုဘဏ်ကနေရယူမှာဖြစ်ပါတယ်''ဟု ၄င်းကဆိုသည်။

ခေတ်အဆက်ဆက်အစိုးရအဖွဲ့များ၏ စိုက်ပျိုးစရိတ်ချေးငွေ ပုံမှန်ထုတ်ချေးနိုင်ခဲ့မှုများနှင့် စပ်လျဉ်း၍လည်း ၄င်းက''ကျွန်တော် တို့နိုင်ငံဟာ စိုက်ပျိုးရေးကို အဓိကထားတဲ့နိုင်ငံဖြစ်တဲ့အတွက် ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်အနေနဲ့ စိုက်ပျိုးရေး လုပ်ကိုင်တဲ့ တောင်လယ်သမားတွေကို စိုက်ပျိုးစရိတ်ချေးငွေ တွေ ထုတ်ချေးခဲ့ပါတယ်။
 ပါလီမန်ဒီမိုကရေစီခေတ်၊ တော်လှန် ရေးကောင်စီအစိုးရခေတ်၊   မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်၊      နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ ခေတ်၊ ဒီမိုကရေစီခေတ်၊ ပြီးခဲ့တဲ့ အစိုးရသက်တမ်းကာလတွေ မှာ ပုံမှန်ထုတ်ချေးခဲ့ကြတာဖြစ်ပြီး အခုလက်ရှိ အစိုးရလက်ထက် မှာလည်း ပုံမှန်ထုတ်ချေးနိုင်ဖို့ စီမံဆောင်ရွက်လျက်ရှိပါတယ်။

''တောင်သူလယ်သမားတွေရဲ့လိုအပ်ချက်ပေါ်  မူတည်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ  အဓိက  တာဝန်ယူ ထုတ်ချေးတာဖြစ်ပါတယ်။ ထုတ်ချေးတဲ့နေရာမှာ အဓိက ချေးငွေ သုံးမျိုးခွဲခြားပြီး ထုတ်ချေးတယ်လို့သိရပါတယ်။ အဓိကချေးငွေ ကတော့ စပါးစိုက်မယ့်ရာသီကို ကိုက်ညှိပြီးချေးတဲ့ မိုးချေးငွေဖြစ် ပြီး ကျန်တာက မိုးကြိုချေးငွေ၊ ဆောင်းချေးငွေတွေ ဖြစ်ပါတယ်။ ချေးငွေနှုန်းသတ်မှတ်ချက်ကတော့ နှစ်အလိုက်ပြောင်းလဲမှု တွေရှိပါတယ်။ မနှစ်က ချေးငွေဆိုရင် တစ်ဧကကို တစ်သိန်းနှုန်း ချေးခဲ့ပြီး အခု ၂ဝ၁၆-၂ဝ၁၇ မှာ တစ်ဧကကို တစ်သိန်းခွဲနှုန်း ထုတ်ချေးဖို့စီစဉ်ဆောင်ရွက်ထားပါတယ်''ဟုပြောသည်။
မင်းမင်းဇော် (ကလေး)


No comments:

Post a Comment