Sunday, May 29, 2016

တန်ဖိုးနည်းအိမ်ရာများ အမြန်ဆုံးဆောက်လုပ်ရေး ပူးပေါင်းဆောင်ရွက်မည်



 
 
 
 
သတင်း-မြင့်မောင်စိုး၊ ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)

ရန်ကုန် မေ ၂၈

မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် အစိုးရက ရက် ၁ဝဝ အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ငွေကျပ်သိန်း ၁ဝဝ တန် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအေးလင်းက ပြောသည်။
''ကျွန်တော်တို့အနေနဲ့ အစိုးရသစ်က အကောင်အထည်ဖော်ဆောင်ရွက်မယ့် တန်ဖိုးနည်းအိမ်ရာတွေ များများ ဆောက်လုပ်နိုင်ရေး ရည်မှန်းထားပါတယ်။ ဒါပေမယ့် မြေဈေးကြီးနေလို့ တန်ဖိုးနည်းဆိုတာ မဖြစ် နိုင်ပါဘူး။

အစိုးရသစ်ကလည်း မြေအလကားပေးမယ်။ ကျွန်တော်တို့ ဆောက်လုပ်တဲ့သူတွေကလည်း အရည်အသွေးကောင်းကောင်း တန်ဖိုးနည်းနည်းနဲ့ ဆောက်ပေးမယ်၊ ငွေကြေးကိုလည်း အစိုးရဘက်က ဖြစ်ဖြစ်၊ နိုင်ငံတကာ ဘဏ်တွေကဖြစ်ဖြစ် ချေးပေးမယ်ဆိုရင် တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွေက အမြန်ဆုံး အကောင်အထည်ပေါ်လာမှာ ဖြစ်ပါတယ်။ အခုလည်း ကျွန်တော်တို့ ဝိုင်းဝန်းကြိုးစားနေပါတယ်။ မကြာခင် မှာပဲ အစိုးရသစ်ဖြစ်စေချင်တဲ့အတိုင်း ကျွန်တော်တို့ ခေါင်းဆောင်ပိုင်းတွေ တိုင်ပင်လုပ်ဆောင်နိုင်ပါ တယ်'' ဟု ဦးအေးလင်းက ကရဝိက်၌ကျင်းပသော ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း နှစ်ပတ်လည် ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ပြောကြားသည်။

ယင်းမှာ မကြာသေးမီက ဆောက် လုပ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးဝင်းခိုင်က ပတ်ခ်ရွိုင်ရယ်ဟိုတယ်၌ ကျင်းပသော မြန်မာ-အိန္ဒိယ ကုန်သွယ်မှု မြှင့်တင်ရေး ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ နှစ်နှစ်တာ ကာလအတွင်း ကျပ်သိန်း ၁ဝဝ တန် တန်ဖိုးနည်းအိမ်ရာအလုံးပေါင်း ၈ဝဝဝ ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

လက်ရှိဆောက်လုပ်ရေးလုပ်ငန်း ရှင်များအသင်း -အသင်းဝင်ပေါင်း ၂ဝဝဝ ကျော်ရှိရာ ရန်ကုန်မြို့သာမက အခြား မြို့ကြီးငါးမြို့တွင်လည်း အသင်းခွဲရုံးများဖွင့်လှစ်ထားပြီဖြစ်ရာ တန်ဖိုးနည်းအိမ်ရာ များ ဆောက်လုပ်ရေးစီမံကိန်းတွင် ပူး ပေါင်းဆောင်ရွက်ရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment