Sunday, May 29, 2016

မြန်မာနှင့် မလေးရှားအသင်း ခြေစမ်းပွဲ ဂိုးမရှိ သရေကျ

သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-ဖိုးသော်ဇင်

ရန်ကုန် မေ ၂၈

နိုင်ငံတကာပြိုင်ပွဲများအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အသင်းနှင့် မလေးရှားလက်ရွေးစင်အသင်းတို့၏ ခြေစမ်းပွဲကို ယနေ့ ညနေ ၆ နာရီက သုဝ္ဏကွင်း၌ ကျင်းပရာ ဂိုးမရှိ သရေကျသွားသည်။
ဆူဇူးကီးဖလားပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ယှဉ်ပြိုင်ကစားသည့် ခြေစမ်းပွဲ တွင် မြန်မာအသင်းအနေဖြင့် အာဆီယံထိပ်သီး အသင်းတစ်သင်းဖြစ်သည့် မလေးရှား အသင်းကို ခြေအသာဖြင့် ကစားနိုင်ခဲ့သော်လည်း အဆုံးသတ်ဂိုး သွင်းအားနည်း မှုနှင့်အတူ နည်းပြ ဂတ်ဖရိုင်း လက်ထက် နိုင်ပွဲမရရှိသေးခြင်းကို အဆုံးသတ်နိုင်ခဲ့ ခြင်း မရှိပေ။

မြန်မာအသင်းနည်းပြချုပ် ဂရစ်ဖရိုင်းဒရစ်မှာ ပွဲထွက်လူစာရင်းကို အနည်းငယ် အပြောင်းအလဲပြုလုပ်ခဲ့ပြီး ဂိုး-ပြည့်ဖြိုးအောင်၊ နောက်တန်း-မျိုးကိုထွန်း၊ အောင်ဇော်၊ ဖြိုးကိုကိုသိန်း၊ ဟိန်းသီဟဇော်၊ အလယ်တန်း-ဒေးဗစ်ဒန်း၊ ရန်အောင်ကျော်၊ ရဲကိုဦး၊ မောင်မောင်လွင်၊ ရှေ့တန်း-ကျော်ကိုကို၊ အောင်သူတို့ဖြင့် ပွဲထွက်ခဲ့သည်။
မြန်မာအသင်းမှာ ပရိသတ်များ၏ တစ်ခဲနက်အားပေးမှုနှင့်အတူ ပထမပိုင်းတွင် ပိုဖိကစားနိုင်ခဲ့သည်။ အဆုံးသတ်အားနည်းနေသည့် မြန်မာအသင်းတိုက်စစ်မှာ ထပ်မံရုန်းကန်ခဲ့ရပြီး ဂိုးရနိုင်သည့် အခွင့်အရေးများကို အသုံးမချနိုင်ခဲ့ပေ။

၁၁ မိနစ် တွင် အောင်သူ ဖန်တီးပေးသည့် ဘောလုံးကို မောင်မောင်လွင် အပိုင်ကန်ခွင့်ရခဲ့ သော်လည်း ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပေ။ မိနစ် ၂ဝ နောက်ပိုင်းတွင် မလေးရှား အသင်းက မြန်မာအသင်းကို ပြန်ဖိလာနိုင်ခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှုအချို့ပြုလုပ် ခဲ့သည်။
ဒုတိယပိုင်းတွင် မြန်မာအသင်းမှာ ကစားသမားအပြောင်းအလဲလုပ်ခဲ့ပြီး ကျော်ကိုကို၊ မောင်မောင်လွင်၊ ဟိန်းသီဟဇော်၊ ပြည့်ဖြိုးအောင်(ဂိုး)တို့အစား ကြည်လင်း၊ သန်းပိုင်၊ ဆောင်လမန်၊ ရန်အောင်လင်း(ဂိုး)တို့ကို ပြောင်းလဲအသုံးပြု ခဲ့သည်။ မြန်မာအသင်းမှာ ခြေအသာဖြင့် ဖိကစားနိုင်ခဲ့သော်လည်း မလေးရှား အသင်းက ပယ်နယ်တီဧရိယာအတွင်း အဝင်မခံဘဲ ဆင့်ကဲဆင့်ကဲဖျက်ထုတ်ခဲ့သည်။ ယင်းအတွက်ကြောင့် မြန်မာအသင်းမှာ အဝေးကန်ချက်များဖြင့်သာ ဂိုးရရန်ကြိုးစား ခဲ့ရသည်။ မိနစ် ၈ဝ နောက်ပိုင်းတွင် မလေးရှားအသင်း ပြန်လည်ဖိကစားနိုင်ခဲ့သော် လည်း မြန်မာနောက်တန်းအမှားအယွင်းမရှိ ဖျက်ထုတ်နိုင်ခဲ့သည်။ ပွဲပြီးခါနီးတွင် မြန်မာ အသင်းက ကြည်လင်းအစား ဝင်းနိုင်စိုး၊ ရဲကိုဦး အစား လှိုင်းဘိုဘိုတို့ကို ထည့် သွင်း ကစားခဲ့သည်။

No comments:

Post a Comment