Tuesday, May 31, 2016

အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်ရာတွင် တိုင်ကြားမှုများ ရှိလာ၍ ပြန်လည်စိစစ်မှုများပြုလုပ်ရန် တိုင်းဒေသကြီးအစိုးရမှာကြား


သတင်း-မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ-မင်းထက်

ရန်ကုန် မေ ၃ဝ
]
ရန်ကုန်မြို့တွင်း ဆိတ်ငြိမ်ရပ်ကွက်များ၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်လျက်ရှိသော အထပ်မြင့်အဆောက်အအုံများတွင် ပတ်ဝန်းကျင် ပြည်သူများ၏ ကန့်ကွက်တိုင်ကြားမှုများရှိလာသဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ပြန်လည်စိစစ်ဆောင်ရွက်မှုများပြုလုပ်ရန် အကြောင်းကြားမှာကြားမှုများ ဆောင်ရွက်ထားကြောင်း သိရသည်။
''ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ လတ်တလော တင်ပြလာတဲ့ အထပ်မြင့်အဆောက်အအုံတွေနဲ့ပတ်သက်လို့ ပတ်ဝန်းကျင် မကျေနပ်တိုင်ကြားမှု တွေကို သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ယာ/အုံ)ကို ပြန်လည်စိစစ်တင်ပြရန် အကြောင်းကြားထားတာတွေ ရှိပါတယ်''ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လတ်တလောရန်ကုန်မြို့တွင် ဆိတ်ငြိမ်ရပ်ကွက်များ၌ ဆောက်လုပ်လျက်ရှိသော အထပ်မြင့်အဆောက်အအုံများနှင့်ပတ်သက်၍ ဆောက်လုပ်ဆဲနှင့် ဆောက်လုပ် ခွင့်ပြုခဲ့သော အထပ်မြင့်အဆောက်အအုံများအား ပတ်ဝန်းကျင်ရှိပြည်သူများက သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှတစ်ဆင့် ကန့်ကွက်စာများနှင့်အတူ ပြန်လည် စိစစ်ဆောင်ရွက်ပေးရန် တောင်းဆိုတင်ပြလျက်ရှိကြောင်း သိရသည်။ ယင်းအထပ်မြင့် အဆောက်အအုံများနှင့်ပတ်သက်၍ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်က မရမ်းကုန်းမြို့နယ် (၇) ရပ်ကွက် သလ္လာဝတီလမ်း အမှတ် ၁၆(န) မြေကွက်ပေါ်၌ အထပ်မြင့် ဆောက်လုပ်နေမှုနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ပြည်သူများက မေလဆန်းပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ ကန့်ကွက်စာပေးပို့ခဲ့ခြင်းဖြစ်သော်လည်း အဆိုပါ ဆောက်လုပ်ခွင့်ရပိုင်ရှင်မှာ ဆက်လက်ဆောက်လုပ်နေမှုနှင့်ပတ်သက်၍ ပတ်ဝန်းကျင် ပြည်သူများက မေ ၂၉ ရက်မွန်းလွဲပိုင်းက မီဒီယာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

''အခုအနေအထားပြောရရင် သူတို့ က ဆက်လက်ဆောက်လုပ်နေတယ်။ အထပ်အမြင့် ပြင်ဆင်မှုလည်းမရှိဘူး။ တိုင်းဒေသကြီးအစိုးရကလည်း သက် ဆိုင်ရာ မြို့တော်စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ယာ/အုံ)ကို ပြန်လည်စိစစ်ဖို့ ညွှန်ကြားစာပေးပို့ ထားပြီးဖြစ်တယ်။ ဒါပေမယ့်လည်း ဘာမှ ထိရောက်မှုမရှိ သေးဘူး''ဟု တိုင်း ဒေသကြီးအစိုးရအဖွဲ့တွင် တိုင်တန်း စာပေးပို့ခဲ့သော ကိုရဲမင်းက မီဒီယာများ အား ပြောကြားခဲ့သည်။
အဆိုပါ အဆောက်အအုံကို ပိုင်ရှင် ဒေါ်ပိုးဖြူက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ယာ/အုံ)၏ ခွင့်ပြုချက်ဖြင့် ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်က ရှစ်ထပ်ခွဲအဆောက်အအုံ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဆောက်လုပ်ရာတွင် အမှန်တကယ် ပတ်ဝန်းကျင်တွင်နေထိုင်သည့် အိမ်ပိုင် ရှင်အများစု၏ သဘောဆန္ဒမယူဘဲ ပတ်ဝန်းကျင်နေ အမှန်တကယ်သုံးဦး လောက်သာ သဘောတူလက်မှတ်ရေး ထိုးကာ သက်ဆိုင်ရာသို့ တင်ပြခဲ့ခြင်း ဖြစ်ကြောင်းနှင့် အခြားလက်မှတ်ထိုး သူများမှာ အတုအယောင်များသာဖြစ် ကြောင်း၊ ထို့ကြောင့် ကျန်ရှိသည့် ပတ်ဝန်း ကျင်ပြည်သူများမှာ မကျေနပ်မှုဖြစ် ကာ ယခုကဲ့သို့ တရားစွဲဆိုခြင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုင်ကြား ခြင်းများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသတင်းစာ ရှင်းလင်းပွဲ အကြောင်းအရာများနှင့်ပတ်သက်၍ ပိုင်ရှင်ဒေါ်ပိုးဖြူအား ဆက်သွယ်မေး မြန်းရာအဆိုပါအဆောက်အအုံတည် ဆောက်မှုနှင့်ပတ်သက်၍ တရားဥပဒေ အတိုင်းသာ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။ 

ယခုအခင်းဖြစ်ပွားလျက်ရှိသော အထပ်မြင့်အဆောက်အအုံဆောက်ရာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် (၇) ရပ်ကွက် သလ္လာဝတီလမ်းသည် တစ်ဖက် ပိတ်လမ်းဖြစ်ပြီး ရပ်ကွက်တည်နေရာ မှာလည်း ရန်ကုန်မြို့တွင် ဆိတ်ငြိမ်ရပ် ကွက်အဖြစ် သတ်မှတ်ထားခြင်း ကြောင့် ယင်းအထပ်မြင့်အဆောက် အအုံပြီးစီးလျှင် ယခုလက်ရှိစိန်ခေါ်မှု တစ်ရပ်ဖြစ်သည့် ယာဉ်ကြော$ကျပ်တည်း မှုလည်းပိုမိုဖြစ်ပေါ်လာနိုင်ပြီး လျှပ်စစ်နှင့် အမှိုက်ကိစ္စများမှအဆုံး အခက်အခဲ များစွာ ရင်ဆိုင်ကြုံတွေ့လာနိုင် ကြောင်း ပတ်ဝန်းကျင်ရှိ ပြည်သူများက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
(မြန်မာ့အလင်း)

No comments:

Post a Comment