Monday, May 2, 2016

အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘဒ္ဒ္တသုဇန မဟာထေရ်အရှင်သူမြတ်၏ ဂုဏဝိသိဋ္ဌ ပူဇာပွဲကျင်းပ

ရန်ကုန် မေ ၁

မင်္ဂလာတောင်တော်ဦး ကျောင်းတိုက်ကြီး ၏ နာယက အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘဒ္ဒ္တသုဇန မဟာထေရ်အရှင်သူမြတ်၏ ဂုဏဝိသိဋ္ဌ ပူဇာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရေတာရှည်ရပ်ကွက် အာဇာနည်လမ်း ရှိ မင်္ဂလာတောင်တော်ဦးကျောင်း ရွှေမန်းဝိဟာရကျောင်းတော်၌ ကျင်းပ သည်။
အခမ်းအနားကို တေးသံရှင် စိုးစန္ဒာထွန်းက စောင်းဦးဝင်းကျော်နှင့် တွဲဖက်၍ ထူးမခြားနား ဓမ္မတေးသီဆိုဖွင့် လှစ်ပေးပြီး ဆရာမကြီး ဒေါ်တင်တင်နုက ''အာဒိအက္ခရာများဖြင့် ဘဒ္ဒ္တသုဇန မဟာထေရ်၏ ဘွဲ့နာမနှင့် ဘွဲ့တံဆိပ်ကို ပြသော နာမ္ဆန္ဒပဟေဠိ မဟာထေရ ဝန္ဒနာဂါထာ''ဖြင့် ရွတ်ဆိုပူဇော်သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒ္တ ဣဒိဗလထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ချီးမြှင့် သည့် ပရိတ်တရားတော်များကို နာယူကြ သည်။
ထို့နောက် တေးသံရှင် စိုးစန္ဒာထွန်း က ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာဘွဲ့ အချီညီ၊ အချညီ၊ စပယ်ထပ်ပိုဒ်စုံရတုဖြင့် ဂုဏ်ပြု ပူဇော်ပြီး ဆရာတော်ကြီး၏ ''ထေရုပ္ပတ္တိ ကထာ''အကျဉ်းကို ဆရာတော် ဒေါက်တာ အရှင်သြဘာသက ဖတ်ကြား သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဦးစီးမှူးက အဂ္ဂမဟာသဒ္ဓမ္မ ဇောတိဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ကို ထပ်ဆင့်ဂုဏ်ပြုလွှာဖြင့် ဂုဏ်ပြု ပူဇော်ပြီး ဆရာတော်၊ သံဃာတော် များအား လှူဖွယ်ပစ္စည်းများဖြင့် ဆက်ကပ်လှူဒါန်းကြကာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်သုဇနက သြဝါဒစကား မိန့်ကြားသည်။
ဆက်လက်၍ ပူဇော်ပွဲဖြစ်မြောက် ရေးအဖွဲ့ကိုယ်စား ဦးသန်းထိုက်စိုးက ကျေးဇူးတင်စကားပြောကြားပြီး တိုင်း သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံမှ ရေစက်ချ အနုမောဒနာတရား နာယူပြီး အမျှပေးဝေကြသည်။
ထို့နောက် တေးသံရှင် စိုးစန္ဒာထွန်း က အောင်စေ၊ ပိုင်စေ သီချင်းဖြင့် ဂုဏ်ပြု ပူဇော်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment