Monday, May 2, 2016

လုပ်ငန်းခွင်ကျွမ်းကျင်မှုနဲ့ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားလာဖို့ လိုအပ်နေချိန်ဖြစ် အလုပ်ရှင်တွေအနေနဲ့ အလုပ်သမားတွေရဲ့ဥပဒေပါအကျိုးခံစားခွင့်တွေကို ဆောင်ရွက်ပေးဖို့လို


The Mirror Daily's photo.
သတင်းနှင့် ဓာတ်ပုံ-ဇော်ကြီး(ပဏီတ)
ရန်ကုန် မေ ၁
မေ ၁ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် စက်မှုဇုန်(၂)ရှိ အားကစားကွင်း၌ ယနေ့နံနက်က စည်ကားသိုက်မြိုက်စွာကျင်းပသည်။
အခမ်းအနားမစတင်မီ လှိုင်သာယာမြို့နယ်ရှိ စက်ရုံ၊ အလုပ်ရုံ ၁၅ ရုံမှ အလုပ်သမား ၁၅ဝဝ ခန့်က အဆိုပါမြို့နယ်ရှိ နဝဒေးမှတ်တိုင်၌ နံနက် ၆ နာရီခန့်မှစတင်၍ လူများစုဝေးကာ နံနက် ၈ နာရီတွင် သက်ဆိုင်ရာအလုပ်သမားသမဂ္ဂအလံများကို ကိုင်ဆောင်၍ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကိုဂုဏ်ပြုသည့်အနေဖြင့် အခမ်းအနားကျင်းပမည့်နေရာသို့ လမ်းလျှောက်ချီတက် ခဲ့ကြသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ၊ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အလုပ် သမားနှင့် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသည့်ဧည့်သည်တော်များ၊ အလုပ်ရှင်များနှင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ရှိ အလုပ်သမားသမဂ္ဂ များမှ အလုပ်သမားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတက (မေဒေးနေ့) အခမ်းအနားအတွက် ပေးပို့သော သဝဏ်လွှာကို အလုပ်ရုံ နှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဝင်းရှိန်က ဖတ်ကြားသည်။
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ''လုပ်ငန်းခွင် ကျွမ်းကျင်မှုရှိဖို့နဲ့ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားလာဖို့ဟာ အရေးတကြီး လိုအပ်နေတဲ့အချိန် ဖြစ်ပါတယ်။ လုပ်သား ထုအနေနဲ့ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ် အသီးသီးမှာ ကျွမ်းကျင်မှုရှိဖို့ ပြင်ဆင်ထားရမှာဖြစ်ပါတယ်။ အလုပ်သမား တွေသာမက အလုပ်ရှင်တွေအနေနဲ့လည်း မိမိတို့ရဲ့ အကျိုး စီးပွားတွေကို ဆောင်ရွက်ရင်း အလုပ်သမားတွေရဲ့ ဥပဒေ ပါ အကျိုးခံစားခွင့်တွေကို အထူးအလေးထား ဆောင်ရွက်ပေးဖို့လိုပါတယ်''ဟု အမှာစကားပြောကြား သည်။
ထို့ပြင် အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေ သူများနှင့် အဖွဲ့အစည်းများအနေဖြင့် အလုပ်သမားများ၏ အကျိုးစီးပွားကို ဆောင်ရွက်ပေးစေဖို့ ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်းနှင့် မကြာမီ အချိန်အတွင်း အာဆီယံလူမှုအသိုက်အဝန်း အလုပ်သမား များအတွက် သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိရန်၊ လုပ်ငန်းခွင်ကျွမ်းကျင်မှု လေ့ကျင့်သင်ကြားပေး ရန်၊ အလုပ်သမားများအတွက် လူမှုအကာအကွယ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် လူမှုဖူလုံရေး စီမံကိန်းအကောင်အထည်ဖော်ပေးရန်၊ အစိုးရ၊အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆက်ဆံရေးကောင်းမွန်ခြင်းဖြင့် အလုပ်သမားရေးရာ အငြင်းပွားမှုများကို တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့် တရားဥပဒေအရ သာမက အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ''စံ'' များနှင့်အညီ ရရှိခံစားနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားနှင့် ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွဲဖက်အတွင်းရေးမှူး ဦးအေးလွင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM)ဥက္ကဋ္ဌ ဦးမောင်မောင် တို့က မေဒေးနေ့အတွက် အမှာစကား ပြောကြားခဲ့သည့် အပြင် အမေရိကန် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၏ သွေးစည်းညီညွတ်ရေးဗဟိုဌာနမှ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ် Brother Jamie Davis က သွေးစည်း ညီညွတ်ရေး အမှာစကား ပြောကြားသည်။
အခမ်းအနားနှင့်ပတ်သက်၍ လှိုင်သာယာမြို့နယ် ရှိ ချားမင်းအထည်ချုပ်စက်ရုံမှ အလုပ်သမား မဇာဇာက ''ဒီပွဲက အလုပ်သမားနေ့ အထိမ်းအမှတ်ပွဲဆိုတဲ့အတိုင်း အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ အသိပညာ၊ ဗဟုသုတ တွေ အများကြီးရတယ်။ နှစ်တိုင်းလည်း လာဖြစ်တယ်။ပျော်ပွဲရွှင်ပွဲတွေအပြင် ဖျော်ဖြေရေးအစီအစဉ်တွေပါ ပါတော့ပျော်ဖို့ကောင်းတယ်။ အခုလို အလုပ်သမားနေ့ ပွဲမှာ အစိုးရနဲ့ အလုပ်ရှင်တွေ အတူတကွပါဝင်လာတာက လည်း နောင်လာမယ့်အနာဂတ်အတွက် ကောင်းတဲ့ လက္ခဏာပါပဲ''ဟုက ပြောသည်။
ထို့အပြင် အခမ်းအနားသို့လမ်းလျှောက်ချီတက် လာမှုနှင့်ပတ်သက်၍ ''ကျွန်တော်တို့ အလုပ်သမားတွေ အနေနဲ့ အလုပ်သမားနေ့ အထိမ်းအမှတ်အနေနဲ့ လမ်းလျှောက်လာခဲ့ကြတယ်။ အခုလိုလုပ်တဲ့အတွက် အလုပ်သမားဘဝတူတွေ အချင်းချင်း ထိစပ်မှုတွေပိုရှိလာ သလို ပိုပြီးရင်းနှီးမှုတွေရရှိစေပါတယ်။ အလုပ်သမားနေ့မှာ လမ်းလျှောက်ချီတက်ခွင့်ရတဲ့အတွက် ပျော်ရွှင်ဖို့ကောင်း သလို ဂုဏ်ယူဖို့လည်း ကောင်းပါတယ်။ လမ်းလျှောက် ချီတက်ဖို့အတွက်ကိုလည်း သက်ဆိုင်ရာကို အသိပေးခဲ့ ပါတယ်''ဟု (Yess -1 စက်ရုံ အခြေခံအလုပ်သမား အဖွဲ့အစည်းမှ အလုပ်အမှုဆောင် ဘဏ္ဍာရေးမှူး) ကိုဝေယံရှိုင်းက ဆိုသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) က လေးကြိမ်မြောက်အဖြစ် ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး အခမ်းအနားတွင် အနုပညာရှင်များနှင့်အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များက သီဆိုဖျော် ဖြေကြသည်။
ထို့အပြင် အမျိုးသမီး အကြမ်းဖက်မှုကာကွယ်ရေး၊ အမျိုးသမီးများအား ကာကွယ်သည့် ဥပဒေ၊ အမျိုးသမီး ကျန်းမာရေး၊ သင့်တင့်ကောင်းမွန်သော အလုပ်အကိုင် (Decent Work)၊ အဓမ္မလုပ်အားခိုင်းစေမှုပပျောက်ရေး (Forced Labour elimination) နှင့် လူမှုဖူလုံရေး (Social Security) စသည့် ပညာပေး ကိစ္စများကိုလည်း ဆွေးနွေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များနှင့် စာအုပ်များကိုလည်း တက်ရောက်လာသူများအား အခမဲ့ ပေးဝေခဲ့ကြောင်း သိရသည်။

No comments:

Post a Comment