Monday, May 2, 2016

ဘက်စုံပညာထူးချွန်စခန်း(ငွေဆောင်)မှ ထူးချွန်မောင်မယ်များ ဒေသခံများ၏ လူနေမှုဘဝများလေ့လာ


The Mirror Daily's photo.
ငွေဆောင် မေ ၁
ပင်လယ်ငါးဖမ်းလုပ်ငန်းဖြင့် အသက် မွေးဝမ်းကျောင်းပြုသူများ၏ လူနေမှု ဘဝများနှင့် ဟိုတယ်လုပ်ငန်းဆိုင်ရာများကို လေ့လာနိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက ဘက်စုံပညာထူးချွန်စခန်း (ငွေဆောင်)သို့ ရောက်ရှိနေသည့် ကျောင်းသား ကျောင်းသူများသည် ငွေဆောင်မြို့ သဇင်ကျေးရွာရှိ ငါး ဖမ်း၊ ငါးလှန်းလုပ်ငန်းခွင်၊ ယုဇနပုစွန် သားဖောက်စခန်းနှင့် ငွေဆောင် ဟိုတယ်ဇုန်များသို့ ပြည်သူ့ဘဝ လေ့လာရေးခရီးအဖြစ် သွားရောက် လေ့လာခဲ့ကြသည်။
ပုသိမ်ခရိုင် ပညာရေးမှူး၊ ငွေဆောင်စခန်း လက်ထောက်စခန်းမှူး ဦးဥာဏ်သိန်းက ''ကလေးတွေကို အခုလို ပြည်သူ့ဘဝလေ့လာရေး စေလွှတ်ခြင်းအားဖြင့် ပင်လယ်ကမ်း ခြေဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ဘဝ ဘယ်လို ရုန်းကန်လှုပ်ရှားရတယ်ဆို တာ သူတို့မျက်မြင်ကိုယ်တွေ့ တွေ့လာမယ်။ အဲဒီနောက်တော့ သူတို့တတ်ထားတဲ့ပညာ၊ အတွေ့ အကြုံတွေ၊ စွမ်းရည်ထူးချွန်မှုတွေနဲ့ ပြည်သူတွေကို ဘယ်လိုကူညီမယ် ဆိုတဲ့ စိတ်တွေရလာအောင်၊ တကယ် ပဲ ပြည်သူတွေရဲ့ဘဝကို စာနာထောက် ထားပြီး ပြည်သူတွေရဲ့ဘဝ တိုးတက်အောင် လုပ်ချင်တဲ့စိတ်တွေ ရှိလာအောင်ပြတာပါ''ဟု ပြောသည်။
ထူးချွန်မောင်မယ်များသည် နံနက် ပိုင်းတွင် ငွေဆောင်မြို့နယ် သဇင်ရွာ သို့ ရောက်ရှိပြီး ငွေဆောင်အထက(ခွဲ)တွင် ဂျာမနီနိုင်ငံ Morkwater Solutions မှ လှူဒါန်းထားသည့် ရေငန်မှ ရေချိုထုတ်လုပ်သည့် R.O ရေသန့်စက်အား လေ့လာကြရာသဇင် ကျေးရွာ အထက(ခွဲ)မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်စန်းစန်းဝင်းက ရေသန့်ထုတ်လုပ်ပုံ အဆင့်ဆင့်နှင့် ပတ်သက်၍ ''ရေသန့်စက်က ဂျာမနီက လှူတာပါ။ မြန်မာနိုင်ငံမှာတော့ ဒီစက်က ပထမဆုံးပါ။ ပင်လယ်ကမ်းခြေဒေသတွေမှာ ဒီလို စက်တွေသုံးခြင်းအားဖြင့် အကျိုးသက်ရောက်မှုတွေ အများကြီးရှိလာ နိုင်ပါတယ်''ဟု ပြောသည်။
အဆိုပါ ရေသန့်စက်သည် တန်ဖိုး ငွေကျပ် သိန်း ၅ဝဝ ခန့်ရှိပြီး ပင်လယ်ရေကို ရေချိုရေသန့်အဖြစ် ထုတ်လုပ်ကာ ပိုးမွှားသန့်စင်ပေးသည်။ Solar System ဖြင့် လည်ပတ် ၍ နံနက်စတင်လည်ပတ်ချိန်၊ ညနေ စက်ရပ်ချိန်တို့တွင် Auto System ဖြစ်ကြောင်းနှင့် ရေထွက်နှုန်းမှာ တစ်နာရီ ၁၂၅ လီတာ ရေထုတ်ယူမှု ပေါ်မူတည်၍ ရေပိုထုတ်နိုင်သည်။
ဒေသတွင်းသုံးစွဲမှု တစ်နေ့ ပျမ်းမျှ လီတာ ၂၄ဝ နှင့် ကျောင်းအတွက် တစ်နေ့ပျမ်းမျှ လီတာ ၄ဝဝ ကျော် သုံးစွဲနိုင်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ထူးချွန်မောင်မယ် များသည် ယုဇနပုစွန်သားဖောက် စခန်းများသို့ သွားရောက်လေ့လာခဲ့ကြပြီး ဆက်လက်၍ သဇင်ကျေးရွာ ငါးဖမ်း/ငါးလှန်း လုပ်ငန်းခွင်သို့ သွားရောက်ကြရာ ထူးချွန်မောင်မယ် များအား ပုသိမ်မြို့ ငါးလုပ်ငန်း ဦးစီးမှူး ဦးစိုးသိန်းက ငါးလုပ်ငန်း ဆိုင်ရာများ ရှင်းလင်းပြော ကြားခဲ့ပြီး အခြောက်လှန်းထားသည့် ငါး၊ ပုစွန်များ၊ ငါးဖမ်းပိုက်များ နှင့် မှန်ပေါင်ငါးကန်များအတွင်း ပင်လယ်ကဏန်းများ၊ ငါးအမျိုးမျိုး၊ ပင်လယ်ပုစွန်တုပ်များကိုပြသထားရာ ကျောင်းသား ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြ သည်။
ညနေပိုင်းတွင် ငွေဆောင်ဒေသ ရှိ ဟိုတယ်ဇုန်သို့ သွားရောက်လေ့လာ ခဲ့ပြီး ငွေဆောင်ရွာဈေးတန်းတွင် ဒေသထွက် အမှတ်တရပစ္စည်းများ ဝယ်ခဲ့ကြကြောင်း သိရသည်။
(သတင်း-သီသီမင်း၊ ဓာတ်ပုံ-ဖြိုး)

No comments:

Post a Comment