Sunday, May 29, 2016

ပဋိပက္ခဖြေရှင်းခြင်းနှင့် ပဋိပက္ခအသွင်ပြောင်းလဲခြင်း

 
 
 
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


'အသက်တစ်ရာ မနေရသော်လည်း အမှုတစ်ရာကြုံရ၏' ဟူသော ဆိုရိုးစကားသည် လောကအမှုအရာ၊ အရေးပြဿနာဟူသည် လူ့ဘဝတွင် များပြားလှပြီး၊ ဖြေရှင်းသော်လည်းမကုန်နိုင်၊ မပြီးနိုင်၊ တစ်မှုပြီးလျှင် တစ်မှုပေါ်လာသဖြင့် သံသရာလည်ကာ ကြုံတွေ့ရခြင်းသဘောဖြစ်သည်ကို လူတိုင်းသဘောပေါက် နားလည်ကြပေသည်။ ထို့ကြောင့်ပင် ထိုအနေ အထားကို စောဒကတက်ခြင်းထက် ဘယ်လောက်ရှင်းရှင်း ပြီးပြတ်မည် မဟုတ်သည့် နောက်ပြဿနာကိုကြုံတွေ့လာပါမှ ဖြေရှင်းကြမည်။ နောင်ခါလာ နောင်ခါဈေးသဘောဖြင့် ချဉ်းကပ်မှုမျိုး ဖြစ်စဉ်ဖြစ်နေ သည်မှာ ကြာပြီဖြစ်သည်။

'အရေးကြီးသည်က လက်ရှိတက်နေတဲ့ပြဿနာကို ဘယ်လိုအဆင် ပြေအောင် ရှင်းကြမလဲ'ဆိုသည်နှင့် 'တစ်မှုရှင်းတစ်မှု အေးတာပဲ'ဆိုသည့် သဘောမျိုးဆောင်လာခြင်း ဖြစ်သည်။ ထိုပုံစံများသည် သာမန်အားဖြင့် အရေးပေါ်အချိန်များတွင် လက်တွေ့ကျသော တုံ့ပြန်ချက်များ ဖြစ်ပေ သည်။ ထိုနည်းအတူပင် အထက်ပါအခြေအနေကို ယေဘုယျအားဖြင့် သုံးသပ်ပါက နက်နက်နဲနဲရှိမည်ဟု တွေးမိလိမ့်မည်မဟုတ်ပေ။ သို့သော် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းဆိုင်ရာ ရှုထောင့်နှင့် ပဋိပက္ခသွင်ပြင် သုတေသနပြု လေ့လာခြင်းဆိုင်ရာ ပညာရပ်မှ ခွဲခြမ်းစိတ်ဖြာရှုမြင်ကြည့် ပါက စိတ်ဝင်စားဖွယ်ရာတွေ့ရှိချက်များကို တွေ့မြင်ရပေလိမ့်မည်။

အပြုသဘောဆောင်သော ပြောင်းလဲခြင်းကို မည်သည့်လူ့အဖွဲ့ အစည်းတွင်မဆို ကြိုဆိုကြမည်ပင်။ သို့သော် ပြောင်းလဲခြင်းသည် မည်သို့သော ပြောင်းလဲခြင်းမျိုးနည်းဆိုသည်ကို သတိမပြုမိပါက အပြု သဘောဆောင်ဖြစ်စဉ်မှ မရည်ရွယ်ဘဲ ပြဿနာပေါင်း သောင်းခြောက် ထောင်ကို သယ်ဆောင်လာသော ပြောင်းလဲမှုဖြစ်စဉ်အသွင်ဆောင်လာ ပြီး လူ့အဖွဲ့အစည်းကြား စိတ်ပျက်ဖွယ်ရာ ပဋိပက္ခသံသရာ အတိတ်သမိုင်း ကို ချန်ရစ်ခဲ့ရပေလိမ့်မည်။

ထို့ကြောင့်ပင် ပြောင်းလဲခြင်းကို မည်သို့ချဉ်းကပ်မည်နည်း၊ မည်သည့် အရာများက မပြောင်းလဲဘဲရှိနေမည်နည်း၊ ပြောင်းလဲသွားလျှင် မည်သည့် အရာများက အစားထိုးလာမည်နည်း၊ အစားထိုးလာမည့် ပြောင်းလဲခြင်း အတွက် မည်သည့်အသွင်ပြောင်းလဲမှုမျိုး လိုအပ်မည်နည်း အစရှိသဖြင့် လူမှုအသိုင်းအဝိုင်းအတွင်း ချိတ်ဆက်နေသော ကွင်းဆက်တစ်ခုလုံးကို သိမြင်နားလည်ထားဖို့ လိုပေသည်။ အပြုသဘောဆောင်သော အသွင် ကူးပြောင်းခြင်းအတွက် ယခုအသုံးပြုကြသော မရှိမဖြစ်လုပ်ငန်းစဉ် တစ်ခုမှာ ပြောင်းလဲခြင်း၏ ဖွားဖက်တော်ဖြစ်သည့် ပဋိပက္ခကို အသွင် ပြောင်းလဲရေးပင်ဖြစ်သည်။

ပဋိပက္ခအသွင်ပြောင်းလဲခြင်း (Conflict transformation) ဆိုသည်မှာ လူမျိုးစု ပဋိပက္ခအသွင်အပြင်မျိုးရှိသော ပဋိပက္ခများကို ငြိမ်းချမ်းသောရလဒ်မျိုးအဖြစ် အသွင်ပြောင်းလဲထွက်ပေါ်လာစေသည့် ပြောင်းလဲခြင်းဖြစ်စဉ်ဖြစ်ပါသည်။ ပဋိပက္ခဖြေရှင်းခြင်း၊ ပဋိပက္ခ စီမံ ခန့်ခွဲခြင်းတို့နှင့် ပဋိပက္ခအသွင်ပြောင်းလဲခြင်းကြား ကွာခြားချက်မှာ လတ်တလောတွေ့ရှိရသော ပဋိပက္ခများကို ဖြေရှင်းရာတွင် တစ်ဖက်ဖက်၏လိုအပ်ချက်၊ တောင်းဆိုချက်များကို ညှိနှိုင်းခြင်း၊ နှစ်ဦးနှစ်ဖက် အနိုင်-အနိုင် အဖြေမျိုးရရှိအောင် နည်းလမ်းရှာခြင်းတို့ထက် ပိုမိုနက်နဲသော အပြန်အလှန် လေးစားနားလည်မှုအပါအဝင် အခြားအခြေခံကျသော ပြောင်းလဲမှုများလိုအပ်သည်ကို အသိအမှတ်ပြုထားခြင်းဖြစ်သည်။

ပဋိပက္ခဖြေရှင်းခြင်းသည် လတ်တလောပြဿနာများအပေါ်တွင် အာရုံပြုထားခြင်းဖြစ်သည်။ ၄င်းသည် ပြဿနာတွင်ပါဝင်နေသော ကိစ္စ ရပ်များနှင့် အကြောင်းခြင်းရာများကို အလေးထားစုစည်းပြီး လက်ငင်းအဖြေထွက်ရေးကို ဦးတည်သည်။ ပဋိပက္ခ အသွင်ပြောင်းလဲ ခြင်းတွင်မူ အကြောင်းခြင်းရာကိစ္စရပ်များ ပါဝင်သည်သာမက ပြဿနာအဆင်ကွဲများကြား အပြန်အလှန် ဆက်သွယ်နေမှု၊ အဆက် အစပ်များကိုပါ အလေးထားသည်။ အသွင်ကူးပြောင်းခြင်းတွင် ပဋိပက္ခ ကို မွေးဖွားစေသော အဆင်ကွဲများ၊ ဆက်နွှယ်မှုများပါဝင်သည့် စနစ် တစ်ခုလုံးကို ရှာဖွေတူးဖော်ခြင်းဖြင့် ကျယ်ပြန့်သော အဆက်အစပ်ကို ရရှိနိုင်မည့် အခွင့်အလမ်းမျိုး ဖန်တီးယူခြင်းဖြစ်သည်။
ယခုနှစ်ကာလ ရှည်ကြာသည်လည်းဖြစ်၊ နက်ရှိုင်းလှသည်လည်း ဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်တွင် အားလုံးက နိုင်ငံရေးအရ အရင်းအမြစ်ကျကျ ဖြေရှင်းရေးအား ဦးတည်လျက်ရှိကြ သည်ကို တွေ့ရသည်။ ဤနေရာတွင် အမြင့်ဆုံးသော တောင်းဆိုချက်များ ထက်၊ ရေရှည်ကိုမျှော်ကိုးသော၊ မိမိဘက်ကပေးနိုင်သည်ကို အခြေခံသော၊ တစ်ဆင့်နှိမ့် စဉ်းစားမှုများကသာလျှင် ပဋိပက္ခကို အသွင်ပြောင်းလဲ စေမည်ဟု ယူဆကြောင်း တင်ပြရခြင်းဖြစ်ပါသည်။ ။



No comments:

Post a Comment