ဥရောပအလယ်ခေတ်ကာလလောက်က အုပ်ချုပ်သူဘုရင်များသည် ဘုရားသခင်၏ကိုယ်စား ဘုရားသခင်ကရွေးချယ်သူအဖြစ် တိုင်းသူ ပြည်သားများကို အုပ်ချုပ်ခဲ့ကြသည်။ အင်္ဂလိပ်နေမဝင်အင်ပါယာကာလ ကပင်God save the king ဆိုသောစကားကို တွင်တွင်သုံးခဲ့ကြသည်။ ဆိုလိုသည်မှာ အုပ်စိုးသူများသည် သာမန်ပြည်သူ ပြည်သားများနှင့် တန်းတူမဟုတ်၊ သီးခြားမြင့်မြတ်သည့် လူတန်းစားတစ်ရပ်ဖြစ်သည်ဟု ခွဲခြားထားခြင်းပင်ဖြစ်သည်။
အာဏာရှင်များခေတ်တွင်မူ ခွဲခြားမှုကို ပုံသဏ္ဌာန်တစ်မျိုးဖြင့် တွေ့ရသည်။ အာဏာရှင်များကို အလွန်အကျွံ ချီးကျူးဂုဏ်ပြုခြင်းများ၊ ဘုန်းတော်ဘွဲ့များ၊ ရုပ်တုများထုလုပ်ခြင်းများ ပြုလုပ်ပြီး ပြည်သူလူထု၏ ပျပ်ဝပ်ရိုကျိုးမှုကို ရယူခဲ့ကြသည်။ ယခုစစ်အေးအလွန်ကာလမှာ ရုပ်တု များဖြိုလှဲခံရသောခေတ်၊ တံတိုင်းများပြိုလဲသောခေတ် ဖြစ်လာသည့်တိုင် အောင် နိုင်ငံအချို့တွင် အာဏာရှင်စနစ်များ ကြီးစိုးဆဲ၊ ပြည်သူလူထုကို ရိုသေနေအောင် ဦးနှိမ်ထားဆဲဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။
သည်တလောမှာပင် အမေရိကန်သမ္မတ အိုဘားမား၏ ဗီယက်နမ် ခရီးစဉ်ကို တွေ့ရသည်။ ထိုခရီးစဉ်တွင် အမေရိကန်ဘက်မှ တစ်လျှောက် လုံး ပိတ်ပင်ကန့်သတ်ထားခဲ့သော ဗီယက်နမ်အပေါ်လက်နက်ရောင်းချမှုကို ပြန်လည်ခွင့်ပြုလိုက်သည်။ သို့သော် ယခုတင်ပြလိုသည်မှာ ထိုသတင်း မဟုတ်ဘဲ မစ္စတာအိုဘားမားနှင့် CNN ၏ ခရီးသွားနှင့် အစားအသောက် ကဏ္ဍ (Parts Unknown) အစီအစဉ်တင်ဆက်သူ အန်သိုနီဘော်ဒိန်းတို့ ဗီယက်နမ်မြို့တော်ရှိ သာမန်ခေါက်ဆွဲဆိုင်တစ်ဆိုင်တွင်ဝင်၍ ခေါက်ဆွဲ စားသော သတင်းဖြစ်ပါသည်။ CNN၏ ထိုအစီအစဉ်မှာ ကမ္ဘာတစ်လွှား ရောက်ဖို့ခဲယဉ်းသောဒေသများသို့ သွားရောက်သောအစီအစဉ်ဖြစ်၍ လူကြိုက်များလှသည်။ လွန်ခဲ့သောနှစ်နှစ်ခန့်က မြန်မာပြည်အကြောင်း ရိုက်ကူးထုတ်လွှင့်သွားဖူးသည်။ ထိုအစီအစဉ်တွင် မီးရထားဖြင့် သွားရသော ခရီးစဉ်တစ်ခုတွင် ရှေ့နောက်ရထားတွဲနှစ်တွဲ လေးငါးလက်မလောက် ဘယ်၊ညာ လှုပ်ယမ်းနေပုံနှင့် တွဲအဆက်ကိုဖုံးထားသော သံပြားများ တဂျမ်းဂျမ်းရိုက်ခတ် နေပုံတို့ကို အသေအချာ ရိုက်ပြထားသည်ကို တွေ့ခဲ့ရသည်။
ယခုနာမည်ကြီးသမ္မတနှင့် နာမည်ကြီးအစီအစဉ်တင်ဆက်သူတို့ လမ်းဘေးသာမန်စားသောက်ဆိုင်တွင် ရောက်ရှိနေသောသတင်းမှာ ပေါက်ကြားသွားပြီး ဆိုင်အပြင်ဘက်တွင် လူများအုံလာသည်။ ဆိုင်မှ ပြန်အထွက်တွင် အိုဘားမားက ထိုလူအုပ်ကို ရင်းရင်းနှီးနှီး နှုတ်ဆက်သွား ခဲ့သည်။ ဗီယက်နမ်ခေါင်းဆောင်များ ထိုသို့ လူထုနှင့်နီးစပ်ပါသလား။ မစ္စတာအိုဘားမားကတော့ ဗီယက်နမ်လူထုကြား စွဲထင်စေသောပုံရိပ်တစ်ခု ချန်သွားခဲ့သည်မှာ သေချာနေပါသည်။ ဆိုင်ရှင်အမျိုးသမီးက ကြုံတောင့်ကြုံခဲ အိုဘားမားနှင့်ဓာတ်ပုံမရိုက်လိုက်ရ၍ တဗျစ်တောက် တောက်ပြောမဆုံး။
ယခုမြန်မာ့အပြောင်းအလဲတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် က သူ့ကိုအဘဟု မခေါ်ရန်ပြောကြားခဲ့သည်။ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း အစောပိုင်းအစည်းအဝေးတစ်ခုမှာပင် လက်အုပ်ချီသော သူများအား ဤအခန်းထဲတွင် ဘုန်းတော်ကြီးတစ်ပါးမှမပါဝင်၍ လက်အုပ်ချီရန်မလိုကြောင်း ပြောခဲ့ဖူးသည်။ လာအိုသို့ သွားရောက်သော နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ခရီးစဉ်တွင် သံရုံးဝန်ထမ်း များနှင့်တွေ့ရာ၌ ဝန်ထမ်းများကို ယခင်ကလို ပျပ်ဝပ်ဒူးတုပ်၍ ကြမ်းပြင် တွင်မထိုင်စေဘဲ ကုလားထိုင်များနှင့်ထိုင်ကာတွေ့ဆုံခဲ့သည်ကို တွေ့ရသည်။ အပြုအမူသည် အရေးကြီးပါသည်။ ကမ္ဘောဒီးယားဘုန်းတော်ကြီး မဟာ ဂေါသနန္ဒာက-
အတွေးသည် စကားလုံးအဖြစ် ထင်လင်းလာသည်။
စကားလုံးသည် အပြုအမူအဖြစ် ထင်လင်းလာသည်။
အပြုအမူသည် အလေ့အကျင့်ဖြစ်လာသည်။
အလေ့အကျင့်သည် လူ၏စာရိတ္တ၊ လူ၏ဂုဏ်ရည်ဖြစ်လာသည်။
လူ့ဂုဏ်ရည်သည် ရည်မှန်းရာပန်းတိုင်ကို ရောက်သည်။
ထို့ကြောင့် သင့်စိတ်ကူးများကို သတိနှင့် စောင့်ကြည့်၊
သင့်စိတ်ကူးများကို ချစ်ခြင်းမှထွက်ပေါ်ပါစေ။
ဝေနေယျအားလုံး ရိုသေခြင်းမှ မွေးဖွားပါစေ ဟုဆိုခဲ့၏။
နိုင်ငံရေးခေါင်းဆောင်များသည် လူထုနှင့်တန်းတူရည်တူ ဆက်ဆံ ရာသည်။ လူထု၏ဂုဏ်သိက္ခာကို မညှိုးနွမ်းစေခြင်းအားဖြင့် အတွေးအခေါ် များပွင့်လန်းလာအောင် အားပေးရမည်။ ထိုသို့ဖြင့် နိုင်ငံသစ်ကို တည်ဆောက် အံ့သော စိတ်ကူးစိတ်သန်းများဖြင့် လူထုနိုးကြားမှုကို ရရှိလာမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။
No comments:
Post a Comment