Friday, May 27, 2016

ရေတာရှည်မြို့နယ် ပဲခူးရိုးမ သိုင်းချောင်းနံဘေးမှ အိုင်ဝိုင်းကြီးဆင်စခန်း


The Mirror Daily's photo.
သတင်းဆောင်းပါး - ကိုလွင်(ဆွာ)
သတင်းဓာတ်ပုံ - Alez
ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့နယ် သာဂရမြို့မှ ကိုးပင်ကျေးရွာ အထိ ဖောက်လုပ်ထားသည့် အရှည် ၉၇ ဒသမ ၃ မိုင်ရှိ ရိုးမဖြတ်ကျော် ကားလမ်းအတိုင်း ၁ဝ မိုင်ခန့်ကျော် ဖြတ်သွားသည့်အခါ ဖိုးကျားအပန်း ဖြေဆင်စခန်းသို့ ရောက်ရှိမည်ဖြစ် သည်။ ၂ဝဝ၅ ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့သော အဆိုပါ အပန်းဖြေဆင်စခန်းမှာ ပြည်တွင်း၊ ပြည်ပဧည့်သည်များအကြား အလွန်ပင် ထင်ရှားခဲ့ပြီး ယင်းဒေသတွင်း နေထိုင်ကြသူများမှာလည်း ဈေး ရောင်းဈေးဝယ် လုပ်ငန်းများဖြင့် လွန်စွာအဆင်ပြေခဲ့ကြသည်။ အမြန် လမ်းမကြီးမှသွားလျှင် သုံးမိုင်သာသာ ခရီးဖြစ်၍လည်း ဖိုးကျားဆင်စခန်းသို့ အချိန်တိုအတွင်း အရောက်သွားလာ လည်ပတ်နိုင်သည့်အတွက် များစွာ အဆင်ပြေခဲ့သည်။
သို့သော် ယခုနောက်ပိုင်း ဆင်စခန်းပတ်ဝန်းကျင်တွင် ပုဂ္ဂလိက ကျွန်းစိုက်ခင်းများ များပြားလာခြင်း နှင့်အတူ ဆင်များအတွက် စားကျက် နေရာရှားပါးလာ၍ ဖိုးကျားဆင်စခန်း နှင့် ဇရဲပေါက်ကျေးရွာအကြား မိုင်တိုင် ၁၃ မိုင်အကျော်ကနေ မြောက်ဘက်သို့ နှစ်မိုင်ကျော်ခန့် ခြေကျင်ခရီးဖြင့် သွားကြရသော အိုင်ဝိုင်းကြီးဆင်စခန်းသို့ ဆင်များပြောင်းရွှေ့သွားသည့်အခါ ဖိုးကျားသို့ လာရောက်လည်ပတ် သူများအနေဖြင့် ဆင်ဟူသည်ကား စာလုံးပဲရှိပါတော့ လားဆိုသည့်စကားဖြင့်သာ လှည့်ပြန်သွားကြရပြီး ပြည်ပ ဧည့်သည်မဆိုဘိ ပြည်တွင်းခရီးသွားများလာရောက် လည်ပတ်မှုပင် အလွန်နည်းသွားကြောင်း ဖိုးကျားဆင်စခန်း အနီးရှိ ဒေသခံများက ပြောပြကြသည်။
''ဟိုးအရင်က ဈေးရောင်းကောင်းတော့ အားလုံးအဆင် ပြေကြတယ်။ ခုတော့ ဧည့်မလာတော့ ဖြတ်သွားဖြတ်လာ ခရီးသည်တွေလောက်ပဲ ရောင်းရတော့ အချို့ဆိုင်တွေဆို အလုပ်တောင်ပြောင်းကုန်ပြီ''ဟု ဆိုသည်။ သစ်တော များပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားပြန်လည် ကုစားမြှင့်တင်နိုင်ရေးအတွက် နိုင်ငံတော်မှ နှစ်ရှည် ရည်မှန်းချက်များဖြင့် ပုဂ္ဂိလိကလုပ်ငန်းရှင်များအား ကျွန်းစိုက်ခင်းများ တည်ထောင်ခွင့်ပေးလိုက်ခြင်းမှာ ကောင်းသည်ဟုဆိုနိုင်သော်လည်း ဆင်များအတွက်မူ ကြီးမားသောစိန်ခေါ်မှုများနှင့် ရင်ဆိုင်လာကြရသည်ကို တွေ့ရှိရမည်ဖြစ်သည်။ ဆင်တို့၏သဘာဝ လွတ်လပ်စွာ သွားလာလိုခြင်းနှင့် စားကျက်မြေဧရိယာ ကျဉ်းမြောင်း လာခြင်းတို့ပင်ဖြစ်လေသည်။ ထို့ကြောင့်ပင် ဖိုးကျားအပန်း ဖြေစခန်းမှ ဆင်များကို(၁၃)မိုင် အိုင်ဝိုင်းကြီးဆင်စခန်းသို့ ပို့ဆောင်ထားရသည့်အတွက် ဆင်များ၏သဘာဝကို အဝေးခရီးမှ လာရောက်လေ့လာသူများနှင့် ဝေးသွားခဲ့ရ ခြင်း ဖြစ်လေသည်။
အိုင်ဝိုင်းကြီးဆင်စခန်းသို့ သွားလိုလျှင် ဖိုးကျား ဆင်စခန်းမှ အနောက်ဘက် ၁၃ မိုင် ၄ ဖာလုံ ခန့် ရိုးမဖြတ်ကျော်ကားလမ်းအတိုင်းဆက်သွားရပြီး လမ်း၏မြောက်ဘက်တောင်ကြောအတိုင်း ဆက်သွားရခြင်းဖြစ် သည်။ အမှန်တွင် အဝင်လမ်းထိပ်၌ လမ်းညွှန်ဆိုင်းဘုတ် ထောင်ပေးထားလျှင် ခရီးသွားများ အလွယ်တကူမြင် တွေ့နိုင်မည်ဖြစ်သည်။ မိုးမရွာခင်က ဆိုင်ကယ်ဖြင့် သွားရောက်နိုင်သော်လည်း မိုးရွာသွန်းခဲ့ပြီးနောက် ခြေကျင်ခရီးနှစ်မိုင်သာသာ ဆက်လျှောက်ရင်း လမ်း တစ်လျှောက်သဘာဝအလျောက် ပေါက်ရောက်နေသည့် သစ်ပင်မျိုးစုံကိုလည်း လေ့လာနိုင်မည်ဖြစ်သည်။ တောလမ်း အတိုင်းလမ်းလျှောက်နေစဉ် မိုင်းနှစ်ဆယ်ကျေးရွာ ဒေသခံနှစ်ဦးမှာ မီးသွေးဖိုရှိသည့် လျှိုထဲကို သန်းဘဖိုး အမည်ရှိ အလုပ်ဆင်ကြီးတစ်ကောင် မုန်ယိုကာရောက်ရှိ နေ၍ သည်ဘက်တောင်ကြောဘက်သို့ ပြေးလာရကြောင်း၊ ဆင်ဦးစီးနှင့်ပဲ့ချိတ်တို့ပင် မကပ်ရဲကြသည့်အတွက် အန္တရာယ်များကြောင်း သိလိုက်ရကာ ရှေ့ဆက်သွား ရမည့်ခရီးအတွက် စိုးရိမ်စိတ်များပင် ဝင်ခဲ့ကြရသည်။
နာရီဝက်သာသာဆက်လျှောက်ရင်း ဆင်စခန်းနှင့်မလှမ်းမကမ်းရောက်လာသော်လည်း ဆင်းရမည့် တောင် ကြောမှာ ပြောင်ချောနေသလောက် မိုးရွာလျှင် ဘယ်လိုမှ ဆက်သွား၍လည်း ရလိမ့်မည်မထင်ပေ။ နေသာယောင် ယောင်အပူချိန်လေးကြောင့် လမ်းကြောလေးတန့်နေ၍ တော်တော့သည်။ အဆိုပါတောင်ကြောအတိုင်းဆင်း လာပြီးမှ အိုင်ဝိုင်းကြီးဆင်စခန်းကို အပေါ်စီးမှမြင်တွေ့ရ ကာ ဆင်ဦးစီးမိသားစုနေထိုင်သည့် အိမ်ကလေးများကို အတန်းလိုက်အစီအရီ မြင်တွေ့ရသည့်ရှုခင်းမှာ လွမ်းမော ဖွယ်ပင်ကောင်းတော့သည်။ တောင်ဘက် တောထဲတွင် တော့ ဆင်တစ်ကောင် ကတ်သီးကတ်သတ် အစာတက်စားနေ သည်ကို အဝေးကနေမြင်တွေ့ရပြီး ဆင်များ၏ သဘာဝ အကောင်ကြီးသော်လည်း လူတို့ပင်အလွယ်တကူမသွားနိုင်သည့်နေရာမျိုးကို သူတို့ရောက်အောင်သွားလာတတ်ကြ သည်မှာလည်း သဘာဝကပေးသည့်စွမ်းအားများပင် ဖြစ်လိမ့်မည်ထင်သည်။
ဆင်ဝိုင်းနေသူတို့ ဖြတ်ဆင်းဖြတ်တက်လမ်းမှာ မတ် စောက်လွန်းလှ၍ ထိုလမ်းမှမဆင်းရဲ၍ အနောက်ဘက် ပတ်လမ်းမှတစ်ဆင့် ကွေ့ဝိုက်ကာဆင်းခဲ့ရသည်။ လမ်းဘေး တောင်ဘက်အလွန်၌ ဆောက်လက်စ စာသင်ကျောင်း ငယ်လေးကိုမြင်တွေ့ခဲ့ရသော်လည်း ဆင်လုပ်သားမိသားစု ဝင်များ၏ ကလေးငယ်များအတွက် ဆရာဟူ၍ အတွေးဝေ ရမည့်အဆင့်သာရှိပါသေးသည်။ အနောက်မှအရှေ့သို့ အတန်းလိုက်ဆောက်ထားသည့် ဆင်ဦးစီးအိမ်များကြားမှ ဖြတ်လျှောက်လာရင်း ကလေးငယ်လေးများ ပြေးလွှားဆော့ ကစားနေကြသည်ကို တွေ့မြင်ခဲ့ရသည်။ တောင်တန်းကြီး များ ပတ်လည်ဝန်းရံထားသည့် ယခုနေရာလေးမှာ နေရ ထိုင်ရအလွန်လှပပြီး နွေအပူဒဏ်ကို ကောင်းကောင်း အန်တုနိုင်ခဲ့ကြသည်ဟု ဆင်စခန်းနေသူများကပြောပြ သည်။ သိုင်းချောင်းလေးမှာြေ>ွမတစ်ကောင်လူးလွန့်နေသည့် အလား တသွင်သွင်းစီးဆင်းရင်း ဆင်များအတွက် ဆော့ ကစား ရေချိုးရန် အကောင်ဆုံးဖြစ်နေပြန်သည်။
သိုင်းချောင်းအထက်ပိုင်းမှ ဖြတ်တိုက်လာသော လေနုအေးများက မောသမျှအပန်းပြေသည်ကတော့ အမှန်။ သာမွေးဆင်ဝိုင်း အရှေ့ဘက်ထိပ်၌ ဈေးဆိုင် လေးတစ်ဆိုင်ရှိသည်။ ဆင်အုပ်နေသောအိမ်ဟု သိရသည်။ ကော်ဖီပူပူလေးသောက်ရင်း ဆင်ဦးစီးတို့၏လူနေမှုဘဝကို သိလိုမိသည်။ မကြာမီ သိုင်းချောင်းအနောက်ဘက်ခြမ်းရှိ ဆင်ဝိုင်းမှ ဆင်အုပ် ဦးကြယ်နီ ရောက်ရှိလာသည်။ အတွေ့ အကြုံရင့်ကျက်သည်နှင့်အမျှ ဆံပင်ဖြူများက အပေါ်ကို ထောင်တက်နေပြီး တည်ကြည်သောမျက်နှာသွင်ပြင် ဆောင်နေသည်။ အိုင်ဝိုင်းကြီးဆင်ဝိုင်း၌ သာမွေးဆင်ဝိုင်း၊ အလှပြဆင်ဝိုင်း၊ ဆင်နာရုံနှစ်ဝိုင်း၊ ကုန်ပို့ဆင်ဝိုင်းတို့ ရှိပြီး စိုင်းရကြိုးဝိုင်း ကွင်း ၄၅၊ ၅၈၊ ၅၉၊ ၆ဝ များ၌ အခြား သောအလုပ်ဆင်ဝိုင်းများရှိပြီး လက်ရှိတည်နေရာတွင် ကျွန်းစိုက်ခင်းများမရှိသည့်အတွက် ဆင်များအတွက် များစွာအဆင်ပြေကြောင်း ဦကြယ်နီက ရှင်းပြသည်။
လက်ရှိဆင်ဝိုင်းနှင့်အခြားဆင်ဝိုင်းများပါ ပေါင်းလျှင် ဆင်ကောင်ရေ ၇ဝ ကျော်ရှိကာ ဆင်ဦးစီးတို့မှာ မိမိတို့ ကိုင်တွယ်ရသောဆင်အတွက် နေ့လယ်ပိုင်း၌ တောထဲမှ ပြန်ကောက်ကာ ရေချိုးပေးခြင်း၊ အစာကျွေးခြင်းတို့ ပြုလုပ် ပေးရပြီး ကျန်အချိန်များတွင် တောထဲသို့သာပြန်လွှတ်ထား ရကြောင်း သိရသည်။ ''ဆင်တွေအတွက် စားကျက်ကျဉ်း မြောင်းတာ အဓိကအခက်အခဲပေါ့ဗျာ၊ ပုဂ္ဂလိကကျွန်းစိုက် ခင်းတွေများလာတော့ ဆင်တွေကို လွှတ်လို့မရတော့ ဘူး၊ ကျွန်းပင်အခေါက်တွေခွာခွာစားတော့ ကုမ္ပဏီ တွေနဲ့ခဏခဏစကားပြောရတာတွေ ရှိတာပေါ့၊ အဲတော့ ကျွန်တော်တို့ဆင်သမားတွေကလည်း အခုဒီဘက်ကွင်းတွေ ကို ကျွန်းစိုက်ခင်းတွေ မပေးဖို့ လူကြီးတွေကနေတင်ပြ ရတာ။ နွေကာလကဆို ဆင်တွေအတွက် သောက်သုံးရေ အတော်အခက်အခဲဖြစ်တာ၊ ဒါပေမယ့် ဆင်တွေက ရေရှိ တဲ့ နေရာကိုသိတယ်။ သူတို့ကိုသွားကောက်လည်းခဏပဲနေ တာ၊ ရေရှိတဲ့နေရာကို ပြန်သွားတာပဲ'' ဦးကြယ်နီက ပြော သည်။
ဆင်အုပ်တစ်ဦး၏လစာမှာ လက်ရှိ ၁၇၃ဝဝဝ ကျပ်ရရှိသော်လည်း ယခင်ကဆင်ဝိုင်းများ ပြန့်ကျဲနေသည့် အတွက် ဆင်များအားလိုက်စစ်သည့်အခါ ဆီဖိုးနှင့်ပင် မကာမိအောင်ဖြစ်ရသည်ဟု ¤င်းကပင် ဆက်၍ပြောသည်။ ဆင်ဦးစီးတို့မှာ ရရှိသည့်လစာငွေနှင့် မိသားစု စားဝတ်နေ ရေးကာမိအောင်ကြိုးစားနေကြရကာ မီးသွေးဖုတ်၊ ဝါးခုတ်ရောင်းအစရှိသည်တို့ကိုလည်း စားဝတ်နေရေးအရ လုပ်ကိုင်ကြရကြောင်း ဆင်ဦးစီးတစ်ဦးက ပြောသည်။ ကားဒရိုင်ဘာကမွေးတော့ ကားသမားဖြစ်၊ ဆင်ဦးစီးက မွေးတော့ ဆင်ဦးစီးပြန်ဖြစ်၊ သူတို့ပညာရေးဟာ လေးတန်း အောင်တာ အမြင့်ဆုံးပဲဟု ဆိုစကားရှိသကဲ့သို့ ယခုလို တောကြီးမျက်မည်းထဲ ကလေးများ၏ပညာရေးမှာ အလွန် ပင်အားနည်းချက်များစွာရှိကြသည်ကိုလည်း မျက်ဝါးဝါး ထင်ထင်မြင်တွေ့ခဲ့ရလေသည်။
''အခုကလေးတွေ လေးတန်းအောင်လို့ ဆယ်မိုင် ကျောင်းကိုသွားထားမယ်ဆိုရင်တောင် ဒီတောင်တန်းကြီး တွေကို တောလမ်းအတိုင်းဖြတ်ကြရမှာ။ ဆင်တွေထဲမှာက လူသတ်ဖူးတဲ့ဆင်ရှိတယ်၊ လန့်တဲ့ဆင်၊ ခြောက်တဲ့ဆင် အမျိုးမျိုးရှိတော့ မိဘတွေအနေနဲ့ အများကြီးစဉ်းစားရတာ ပေါ့၊ ဒါကြောင့် ကလေးတွေရဲ့ပညာရေးဟာ လေးတန်း လောက်နဲ့ပဲ ကျောင်းထွက်လိုက်ရတာများတယ်'' ဟု ကလေးများဆော့ကစားနေသည်ကိုကြည့်ရင်း ဦးကြယ်နီ က စိတ်မကောင်းစွာပြောပြသည်။ ကျန်းမာရေးဘက်က ကြည့်ပြန်ရင်လည်း အနီးဆုံးဆေးရုံမှာ ဆွာတိုက်နယ် ဆေးရုံကိုသာ မှီခိုအားထားနေရကာ ကျန်းမာရေးမကောင်း သူကို ဆင်ဖြင့်တင်ကာ ရိုးမဖြတ်ကျော်ကားလမ်းမှတစ်ဆင့် ကားငှားကာ သွားလာကြရကြောင်းသိရသည်။ အကယ်၍ သာ အိုင်ဝိုင်းကြီးဆင်စခန်းသို့ ဝင်ရောက်သည့်လမ်း ကောင်းမွန်ပါက ပြည်တွင်း၊ ပြည်ပဧည့်သည်များ အလွယ် တကူဝင်ထွက်သွားလာနိုင်ပြီး ဆင်ဦးစီးတို့၏ လူနေမှု ဘဝကို စာနာနားလည်သဘောပေါက်နိုင်မည်ဖြစ်သည်။ သစ်တောများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် လက်ရှိဒေသတွင် နေထိုင်ကြသည့် လူငယ်များအား သင်တန်း များ ပေးခြင်း၊ အသိပညာပေးခြင်းများအပြင် ကောင်းမွန် သော ထောက်ပံ့လစာငွေဖြင့် အကျိုးရှိစွာအသုံးချနိုင်ပါက များစွာအောင်မြင်တိုးတက်မည့်အပြင် ဆင်းရဲနွမ်းပါးသည့် တောတွင်းဒေသနေသူများအတွက် တစ်ဖက်တစ်လမ်းမှ လူနေမှုဘဝများတိုးတက်နိုင်ကြမည်ဖြစ်သည်။ ။

No comments:

Post a Comment