Friday, April 29, 2016

The Strand Yangon ဟိုတယ်အား အရှေ့တောင်အာရှ ထိပ်တန်းဖြစ်ရန် ခြောက်လကြာ ပြင်ဆင်မွမ်းမံမှုပြုလုပ်မည်



The Mirror Daily's photo.


ရန်ကုန် ဧပြီ ၂၈

ရန်ကုန်မြို့ရှိ အထင်ကရဟိုတယ်တစ်ခုဖြစ်ပြီး ရာစုနှစ်တစ်ခုကျော်ကြာ တည်ရှိခဲ့သည့် ကမ်းနားလမ်းရှိ The Strand Hotel ကို အရှေ့တောင်အာရှနိုင်ငံများရှိ ဇိမ်ခံဟိုတယ် ဝန်ဆောင်မှုနယ်ပယ်တွင် ထိပ်တန်းဟိုတယ်အဖြစ် ပြန်လည်အတည်ပြု သတ်မှတ်သွားရန် ခြောက်လခန့်ကြာ ပြန်လည်ပြင်ဆင် မွမ်းမံမှုများကို ပြုလုပ်သွား မည်ဟု သိရသည်။

ရန်ကုန်မြို့၏ ရှေးဟောင်းအဆောက်အအုံစာရင်းဝင် The Strand Hotel ကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ယခုနှစ် မေ ၁ ရက်မှ နိုဝင်ဘာအထိ ပိတ်ထားမည်ဖြစ်ကြောင်း ဧပြီ ၂၈ ရက်က အဆိုပါဟိုတယ်တွင် သတင်း စာရှင်းလင်းပွဲပြုလုပ်ကာ ဟိုတယ်ပိတ်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

'' The Strand ဆိုတဲ့ အမည်က အရှေ့တောင်အာရှမှာ ၁၉ဝ၁ ခုနှစ်ကစပြီး ခမ်းနားတဲ့ ဧည့်ဝတ်ကျေပွန်မှုတွေနဲ့အတူ ယှဉ်တွဲနေပြီးတော့ အခုပြုပြင်သွားမယ့် မွမ်းမံမှုတွေက သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်လိုက်တာပဲ ဖြစ်ပါတယ်။ ဒီလို ပြန်လည်ဆန်းသစ်မှုဟာ ပုဂံနဲ့ မန္တလေးကို ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ရေကြောင်းခရီးနဲ့ သွားလာနိုင်တဲ့ အခန်း ၂၈ ခန်းပါ The Strand Cruise ကို အောင်အောင် မြင်မြင် မိတ်ဆက်ပြီး လအနည်းငယ်အတွင်း အကောင်အထည်ဖော်တာဖြစ်ပါတယ်။ The Strand ကို ဈေးကွက်မှာ ဦးဆောင်မယ့် ဟိုတယ်တစ်ခုအနေနဲ့ ထပ်မံအားဖြည့် ပေးသွားနိုင်မှာဖြစ်ပါတယ်''ဟု Vice President of The Strand Hotel & Cruise , Mr. Olivier Trinquand က ပြောသည်။

ဟိုတယ်အား ဘက်စုံအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားရာတွင် ခေတ်သစ်အပြင်အဆင် များအပြင် ကိုလိုနီခေတ် အသွင်အပြင်များကို ဆက်လက် ထိန်းသိမ်းသွားမည်ဟု သိရသည်။ ယင်းသို့ ပြင်ဆင်နေစဉ် ကာလအတွင်း ဟိုတယ်ဝန်ထမ်းများကို အထူးကြပ်မတ်ထားသော ဝန်ဆောင်မှု သင်တန်းများနှင့် ဘာသာစကား သင်ကြားမှုများ ထောက်ပံ့ပေးသွားမည်ဟု သိရသည်။

The Strand Yangon သည် ၁၈၉၂ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ကာ ၁၉ဝ၁ ခုနှစ်မှစ၍ ရန်ကုန်မြို့၏ အထိမ်းအမှတ်အဖြစ်တည်ရှိခဲ့ပြီး ကိုလိုနီခေတ် ဟိုတယ်များဖြစ်သည့် စင်ကာပူရှိ Raffles ၊ ပီနန်ရှိ Eastern & Oriental တို့အား တာဝန်ယူလုပ်ဆောင်ခဲ့သည့် ဟိုတယ် ပိုင်ရှင်များဖြစ်သော Aviet နှင့် Tigran Sarkies တို့က ဖန်တီးဆောက်လုပ်ခဲ့သည့် Strand ဟိုတယ်သည် နှစ် ပေါင်း ၁၁၄ နှစ်ကျော်ကြာ ရပ်တည်ခဲ့သည့်ဟိုတယ်ဖြစ်သည်။ ယင်းသို့ ထိပ်တန်းဟိုတယ်တစ်ခုအဖြစ် ပြန်လည် ပြင်ဆင်ကာလာမည့် နိုဝင်ဘာလတွင် ပြန်လည်ဖွင့်လှစ် သွားမည်ဖြစ်သည်။
ဆုနှင်းလဲ့

No comments:

Post a Comment