Friday, April 29, 2016

လေးရက်အတွင်း ဘုရင့်နောင်ပွဲရုံသို့ အာလူးပိဿာချိန် ခြောက်သိန်းနီးပါး ဝင်ရောက်ဝယ်လိုအားနည်း၍ ကားတစ်စီးလျှင် ယခုရက်ပိုင်း ကျပ်သိန်း ၂ဝ ခန့် ရှုံးနေ




ရန်ကုန် ဧပြီ ၂၈

ဘုရင့်နောင်ပွဲရုံသို့ ဧပြီ ၂၃ ရက်တွင် အာလူးကားအစီး ၃ဝ၊ ဧပြီ ၂၅ ရက်တွင် ၁၈ စီး၊ ဧပြီ ၂၆ ရက်တွင် ၂၆ စီး၊ ဧပြီ ၂၇ ရက်တို့တွင် အစီး ၂ဝ တို့ ဝင်ရောက်လာခဲ့သည်။ လေးရက်အတွင်း အာလူးဝင်ရောက်မှုမှာ ပိဿာချိန် ၅၆၄ဝဝဝ ရှိသည်ဟု ကုန်စည်ဒိုင်နေ့စဉ် ဈေးနှုန်းစာရင်း ဖော်ပြချက်များအရ သိရသည်။

သင်္ကြန်ပိတ်ရက်အလွန် ကုန်စည်ဒိုင်စတင်ဖွင့်သည့် ဧပြီ ၂၁ ရက်တွင် အာလူးကား ၁၈ စီးဝင်ရောက်ခဲ့သည်။ ယင်းနေ့တွင် ဟဲဟိုးအာလူးတစ်ပိဿာ လက်ကားဈေး ၄ဝဝ ကျပ်မှ ၈၈ဝ ကျပ်အတွင်းရှိခဲ့သည်။ အာလူးအဝင်များသော် လည်း ဝယ်လိုအားမြင့်တက်မှုမရှိ၍ နေစဉ်ဈေးနှုန်းကျဆင်းလာသည်။ ဧပြီ ၂၇ ရက်တွင် အောင်ပန်း(မြေနီ) တစ်ပိဿာ ၃ဝဝ မှ ၅ဝဝ ကျပ်အတွင်း၊ ဟဲဟိုးအားလူး ၃၅ဝ မှ ၆ဝဝ ကျပ်အတွင်း ကုန်စည်ဒိုင်ဈေးနှုန်းဖွင့်ထားသည်။ သို့သော်ဈေးကွက်တွင် ရောင်းသူ၊ ဝယ်သူနှစ်ဦး သဘောတူဈေးအရ ဒိုင်ဖွင့်ဈေးအောက် ရောင်းဝယ်နေကြ သည်ကို မြင်တွေ့ရသည်။

အာလူးနယ်ဈေးမှာ အရွယ်အစားစုံတစ်ပိဿာ ၆ဝဝ ကျပ်ခန့်ရှိပြီး ရန်ကုန်သို့ကားခမှာ အမြန်ဈေးတစ်ပိဿာ ၅ဝ ကျပ်၊ ပုံမှန်ဈေး ၄ဝ ကျပ်ရှိပြီး ရန်ကုန်ပွဲရုံ အကျိုး ဆောင်ပွဲခ ငွေတစ်ရာလျှင် ငါးကျပ်နှုန်းရှိသဖြင့် ၁၂ ဘီး ကားတစ်စီးလျှင် ယခုရက်ပိုင်း အာလူးကုန်သည်များ အနေဖြင့် ကျပ်သိန်း ၂ဝ ခန့်အရှုံးရှိလာသည်ဟု အာလူးရောင်းချသည့် ပွဲရုံများမှ သိရသည်။

ယခုလပိုင်းသည် စာသင်ကျောင်းများ ဖွင့်လှစ်ခြင်း မရှိသေး၍ အာလူးကြော်လုပ်ငန်းရှင်များအနေဖြင့် ဝယ်လို အားမှာ ပုံမှန်သာရှိနေဆဲဖြစ်သည်။ အပူဒဏ်ကြောင့် အာလူးအိတ်အများအပြားတွင် အပုပ်များပါဝင်ရာ ပွဲရုံများတွင် အိတ်ဖွင့်သွန်ချသန့်စင်မှုများ ပြုလုပ်ခဲ့သည်။

စက်မှု/ကုန်သည်အသင်းချုပ် UMFCCI ၏ ညီနောင် အသင်းအဖွဲ့များအနေဖြင့် အလုပ်အမှုဆောင်အသစ် ဖွဲ့စည်းတိုင်း သင်းလုံးကျွတ်အစည်းအဝေးခေါ်ယူပြီး ယင်းအစည်းအဝေး၏ အတည်ပြုချက်ရယူရသည်။

သို့သော် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ UMFCCI ၏ ညီနောင်အသင်းများဖြစ်သော ဘုရင့်နောင်ကုန်စည် ဒိုင်နှင့် ဆီအသင်းတို့သာ သင်းလုံးကျွတ်အစည်းအဝေး ခေါ်ယူ၍ ရွေးချယ်တင်မြှောက်သော အမှုဆောင်အသစ်များကို အတည်ပြုခဲ့သည်။ အဝေးပြေးကုန်စည်အသင်းမှာမူ သင်းလုံးကျွတ်အစည်းအဝေးခေါ်ယူပြီး အသိအမှတ်ပြုခြင်း မရှိခဲ့ဟုသိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အဝေးပြေးကုန်စည်အသင်းတာဝန်ရှိသူများအနေဖြင့် ဘုရင့်နောင်ပွဲရုံ ဝင်းအတွင်း ၂ဝ၁၅ အောက်တိုဘာ ၃ ရက်တွင် ပြုလုပ်သော အဝေးပြေးကုန်စည်အသင်းရွေးချယ်ပွဲပြုလုပ်ချိန်တွင် ရန်ကုန်တွင်ရှိနေသည်။ သို့သော် ဘုရင့်နောင်ပွဲရုံဝင်း ရန်ကုန်တိုင်းဒေသကြီးအတွက် ရွေးချယ်ပွဲပြုလုပ်သည်ဆို၍ ယင်းပွဲသို့ တက်ရောက်ခဲ့ခြင်းမရှိပါ။ သို့သော် ရွေးချယ် ပွဲပြီးချိန် မြန်မာနိုင်ငံအဆင့်ဟု သုံးနှုန်းလာရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အဝေးပြေးကုန်စည်အသင်းများက သဘောမတူ ကန့်ကွက်ခဲ့သည်။ ပြည်ထောင်စုအစိုးရအဖွဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများထံကန့်ကွက်သည့် အကြောင်းကြားစာများပေးပို့ခဲ့သည်ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့မှ အဝေးပြေးကုန်စည်အသင်း တာဝန်ရှိသူများက ထုပ်ဖော်ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စက်မှု/ကုန်သည်အသင်းချုပ်သို့ တင်ပြမှုများရှိလာရာ နှစ်ဦးနှစ်ဖက်တင်ပြမှုများအပေါ် ကြားနာပြီး အသင်းချုပ်တာဝန်ရှိသူကလမ်းညွှန်မှုပေးခဲ့သည်။ လက်ရှိသင်းဖွဲ့စည်းမျဉ်းစည်းကမ်းတွင် ပိုမိုခိုင်မာပြည့်စုံသော အချက်အလက်များထည့်သွင်းရေးဆွဲရန် လုပ်ထုံးလုပ်နည်းနှင့်အညီ ရွေးချယ်ပွဲ ကော်မရှင်ဖွဲ့ရန်၊ ရွေးချယ်ပွဲပြီးလျှင် သင်းလုံးကျွတ်အစည်းအဝေးခေါ်ယူ၍ အတည်ပြုချက်ရယူရန် လမ်းညွှန်မှုပေးခဲ့သည်ဟု ဧပြီ ၂၄ ရက် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သော ဘုရင့်နောင် ကုန်ကားဂိတ်ပိုင်ရှင် ဦးအောင်ဇော်သက်က ပြောသည်။

အစိုးရသစ်လက်ထက် အသစ်ပြန်လည်ဖွဲ့စည်းမည့် မြန်မာနိုင်ငံအဝေးပြေးကုန်စည်အသင်း ပြန်လည်ဖွဲ့စည်းခြင်းကို ရန်ကုန်မြို့ရှိ အသင်းဝင်ကားဂိတ် ၃ဝဝကျော်က စိတ်ဝင်စားစွာ စောင့်ကြည့်နေကြသည်။ ကုန်စည်ပို့ဆောင် ရေးလုပ်ငန်း၊ မော်တော်ယာဉ်ကုန်ကားများနှင့် ပတ်သက်သော လိုအပ်ချက်အကြံပြုချက်များကိုပါ အသင်းဝင်ကား ဂိတ်လုပ်ငန်းရှင်များက ပေးပို့စေလိုသည်ဟု ဥက္ကဋ္ဌ ဦးလှဦး က ဆိုသည်။

အဝေးပြေးကုန်ကားဂိတ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို ဘုရင့်နောင်ပွဲရုံဝင်းအတွင်းသာ ခွင့်ပြုသည်ဆိုသော်လည်း ယနေ့ ရန်ကုန်မြို့တွင် ဆက်လက်ကြုံတွေ့နေရဆဲဖြစ်သည့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်စေသည့် အကြောင်းရင်းများတွင် ရန်ကုန်မြို့တွင်း၊ မြို့လယ်လမ်းဘေးများ၊ သင်္ဘောဆိပ်ကမ်းများ၊ ပင်လယ်ကူးဆိပ်ကမ်းရှေ့များတွင် အဝေးပြေးကားဂိတ်လုပ်ငန်းများ လုပ်ကိုင်နေသည်ကို မြင်တွေ့နေရဆဲဖြစ်သည်ဟု လမ်းအသုံးပြုသူများက ဆိုသည်။
(မောင်စေအောင်)

No comments:

Post a Comment