Friday, April 29, 2016

The Mirror Daily's photo.

ဘက်စုံပညာထူးချွန်ကျောင်းသားကျောင်းသူများ ငွေဆောင်ကမ်းခြေ အပန်းဖြေစခန်းသို့ရောက်ရှိ


The Mirror Daily's photo.
ပုသိမ် ဧပြီ ၂၈

ဘက်စုံထူးချွန် အပန်းဖြေစခန်း (ငွေဆောင်)သို့ သွားရောက်မည့် ရန်ကုန်မြို့သို့ရောက်ရှိနေသော မြန်မာနိုင်ငံ တစ်ဝန်းလုံးမှ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် ဒသမတန်း ဘက်စုံပညာထူးချွန်လူငယ်များသည် အုပ်ချုပ်သူနည်းပြဆရာဆရာမများလိုက်ပါ၍ ဧပြီ ၂၇ ရက် နံနက် ၅ နာရီ ခွဲတွင် စုရပ်ဖြစ်သော ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ အထက(၁) လမ်းမတော်မှ ခရီးစတင်ထွက်ခွာပြီး ရွှေတိဂုံ စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြသည်။

ထို့နောက် နံနက် ၆ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ငွေဆောင်ကမ်းခြေအပန်းဖြေစခန်းသို့ ဆက်လက်ထွက်ခွာရာ မွန်းတည့် ၁၂ နာရီတွင် ပုသိမ်မြို့ သို့ရောက်ရှိပြီး ပုသိမ်ဟိုတယ်၌ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမန်းဂျော်နီနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ နှင့် တွေ့ဆုံပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများက အခမ်းအနားဖြင့် ကြိုဆိုကြသည်။

အခမ်းအနားတွင် ၂ဝ၁၆ ခုနှစ် ဘက်စုံပညာထူးချွန် အပန်းဖြေစခန်း(ငွေဆောင်) စခန်းမှူး၊ ဧရာဝတီတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးဝင်းမောင်က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အား ထူးချွန် မောင်မယ်များနှင့် မိတ်ဆက်စကားပြောကြားသည်။

ထို့နောက် ဒသမတန်းဘက်စုံထူးချွန်မောင်မယ်များအား နေ့လယ်စာဖြင့် ကျွေးမွေးဧည့်ခံပြီး ခရီးဆက်လက် ထွက်ခွာရာ ညနေ ၃ နာရီခန့်တွင် ငွေဆောင်အပန်းဖြေစခန်းသို့ ရောက်ရှိသည်။

ယခုနှစ် ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် ဘက်စုံပညာ ထူးချွန်ဒသမတန်းကျောင်းသား ကျောင်းသူများအား ငွေဆောင်ကမ်းခြေရှိ ပုလဲငွေဆောင်ဟိုတယ်နှင့် ယုဇန ဟိုတယ်များတွင် တည်းခိုနေထိုင်ရန်စီစဉ်ပေးထားကြောင်း သိရသည်။

ဧပြီ ၂၇ ရက်မှ မေ ၂ ရက်အထိဖွင့်လှစ်မည့် အဆိုပါစခန်းတွင် ဘက်စုံပညာထူးချွန် ဒသမတန်းကျောင်းသား ကျောင်းသူစုစုပေါင်း ၁၇၆ ဦးအား အခြေခံစစ်ရေးပြ သင်တန်း၊ ကင်းထောက်သင်တန်းများ ပို့ချပေးသွားမည် ဖြစ်ပြီး ခရီးစဉ်အတွင်း ပြည်သူ့ဘဝလေ့လာရေး၊ ဖျော်ဖြေ ရေးအစီအစဉ်များလည်း စီစဉ်ထားကြောင်း သိရသည်။
(သတင်း-သီသီမင်း၊ ဓာတ်ပုံ -ဖြိုး)

No comments:

Post a Comment