Friday, April 29, 2016

ဘက်စုံပညာထူးချွန် ကျောင်းသား ကျောင်းသူများ ပုဂံ-ညောင်ဦးဒေသသို့ လေ့လာရေးခရီးရောက်ရှိ



The Mirror Daily's photo.


ညောင်ဦး ဧပြီ ၂၈

၂ဝ၁၆ ခုနှစ် အဋ္ဌမတန်းဘက်စုံပညာ ထူးချွန်ကျောင်းသား ကျောင်းသူများ လေ့လာရေးအဖွဲ့သည် ပုဂံ-ညောင်ဦး ဒေသသို့ လေ့လာရေးခရီးစဉ်အဖြစ် မန္တလေး၊ မိတ္ထီလာမြို့များမှတစ်ဆင့်ထွက်ခွာလာရာ ညောင်ဦးမြို့ ကျောက်ကူးမြစ်ရေတင်အနီး ဧရာဝတီ မြစ်ကမ်းနံဘေးတွင် ဖွင့်လှစ်ထားသည့် ဘက်စုံပညာ ထူးချွန်လူငယ် အပန်း ဖြေစခန်း(ပုဂံ)သို့ ဧပြီ ၂၇ ရက် ညနေ ၃ နာရီ ၁၅ မိနစ်က ရောက်ရှိခဲ့ ရာ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူရည် ချွန်ဟောင်းကြီးများ၊ဆရာ ဆရာမများ နှင့် ကျောင်းသား ကျောင်းသူများ၊ ကင်းထောက်လူငယ်မောင်မယ်များက လှိုက်လှဲစွာကြိုဆိုခဲ့ကြသည်။

အဆိုပါ အဋ္ဌမတန်းဘက်စုံပညာထူးချွန်ကျောင်းသား ကျောင်းသူများ အဖွဲ့၏ လေ့လာရေးခရီးစဉ်တွင် စခန်းမှူးအဖြစ် တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ စိုးမြင့်ထွန်း ဦးဆောင်သောကြီးကြပ်ရေးအဖွဲ့နှင့်အတူ အနီးကပ်ကြီးကြပ်သူများအဖြစ် ဆရာ ကိုးဦး၊ ဆရာမ ကိုးဦး လိုက်ပါလျက် ကျောင်းသား ၈၈ ဦး၊ ကျောင်း သူ ၈၈ ဦး စုစုပေါင်း ၁၇၆ ဦးတို့ ပါဝင်ကြောင်း သိရသည်။

ဘက်စုံပညာထူးချွန်လူငယ် အပန်း ဖြေစခန်း (ပုဂံ)ဖွင့်ပွဲကို ဧပြီ ၂၉ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်မည် ဖြစ်ကြောင်း၊ ဘက်စုံပညာထူးချွန် ကျောင်းသား ကျောင်းသူများနှင့် လူရည်ချွန်ဟောင်းကြီးများ တွေ့ဆုံ ပွဲကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အဖွဲ့သည် အပန်းဖြေစခန်း(ပုဂံ)တွင် ဧပြီ ၂၇ ရက်မှ မေ ၃ ရက်အထိ တည်းခိုနေထိုင်မည်ဖြစ်ပြီး ယင်းအပန်းဖြေစခန်းမှတစ်ဆင့် ပုဂံဒေသရှိ ထင်ရှားကျော်ကြားသည့် တန်ခိုးကြီး ဘုရားများ၊ ပြတိုက်၊ ယွန်းပညာ ကောလိပ်တို့အပြင် ပုပ္ပားဒေသရှိ ပုပ္ပားတောင်ကလပ်၊ ကိုးခရိုင် စိမ်းလန်း စိုပြည်ရေးဆောင်ရွက်ထားမှု၊ ပုပ္ပား ပြတိုက် ပရဆေးစိုက်ခင်း၊ Popa Mountain Resort ၊ စလေမြို့ရှိ စလေရုပ်စုံကျောင်းနှင့် ပခုက္ကူမြို့ရှိ ပခန်းကြီးစည်သူရှင်၊ ပခန်းကြီး ရှေးဟောင်းကျောင်း၊ သီဟိုဋ္ဌ်ရှင်ဘုရား တို့ကိုလည်း လေ့လာရေးသွားရောက် မည်ဖြစ်ကြောင်း သိရသည်။
ရဲသူရအောင်(ညောင်ဦး)

No comments:

Post a Comment