Friday, April 1, 2016

ဤရေသည်သာ


The Mirror Daily's photo.
ကိုဖိုးအေး
(မြန်မာ့အသံ)
မီးများတောက်လောင်နေသော နေကြီးကို ကမ္ဘာက ပတ်နေသည်ဖြစ်ရာ နေထံမှ အပူဓာတ်နှင့် အလင်းရောင်ကို ကမ္ဘာက ရရှိလျက်ရှိသည်။ ယခုအခါ ကမ္ဘာက ပိုပူလာသည်။ ဤသို့ဖြစ်လာရသည်မှာလည်း လူတို့၏ ဖြစ်စဉ်များက ဖန်တီးသောကြောင့်ဖြစ်သည်။ ဆိုးကျိုးကား ကမ္ဘာကြီး၏ ရာသီဥတုဖောက်ပြန်လာသည်။ လေပြင်းများ ပိုတိုက် ခတ်လာသည်။ မုန်တိုင်းထန်လာသည်။ တောမီးများ ပို လောင်လာသည်။ အချို့ဒေသများ၌ အဆက်မပြတ်ရွာလာသည်။ ရေရရှိရေးအခက်အခဲဖြစ်လာသည်။ မြေပြိုသည်။ မြေငလျင်လှုပ်သည်။ ရေခဲပြင်များ အရည်ပျော်လာသည်။ ပင်လယ်ရေပြင်မြင့်တက်လာသည်။ ရောဂါမျိုးစုံက လူသားများကို ဖိစီးလာသည်။ အပင်မျိုးစုံနေလောင်ခံလာရသည်တို့ကို ကမ္ဘာ့လူသားသန်း ၇၄ဝဝ ကျော်က မျှဝေခံစား နေရပြီဖြစ်သည်။
ကမ္ဘာကြီးဤသို့ ပိုပူလာရသည်မှာ အားကောင်း မောင်းသန်ဖြစ်လာသော အယ်နီညို (EI Nino) ကြောင့် ဖြစ်သည်။ မိုးလေဝသနှင့် ဇလဗေဒပညာရှင်များကလည်း ဤသို့တွေ့ရှိကာ သတိပေးထားသည်။
မြန်မာနိုင်ငံအလယ်ပိုင်းရှိ ချောက်၊ ရေနံချောင်း၊ မကွေး၊ မင်းဘူး၊ ပခုက္ကူ၊ မြင်းခြံ၊ တောင်သာ၊ မလှိုင်၊ မိတ္တ္ထီလာ အစရှိသော မြို့နယ်များကို ပထဝီပညာရှင်များက မိုးနည်းရေရှား ခြောက်သွေ့သော အရပ်ဒေသဟု သတ်မှတ်ကြသည်။ မိုးခေါင်မှုဒဏ်ကို အစဉ်နီးပါး အလူးအလဲ ခံခဲ့ရသော အရပ်ဒေသဖြစ်သည်။ မိုးကောင်း သောက်ယာ သီးနှံဖြစ်သော ပြောင်း၊နှမ်း၊ ဝါစိုက်တောင်သူတွေ စိတ်ပျက်သွားကြရတာလည်း အမြဲလိုလိုဖြစ်သည်။ ဤဒေသတွေက အဖွဲ့အစည်းတွေနဲ့ အစိုးရက ဒေသမြို့နယ်အလိုက် ရေရရှိရေး လုပ်ငန်းများကို လုပ်လေ့လုပ်ထရှိသည်။ အင်္ဂလန် က အဲလိဇဘက်မင်းသမီးကြီး လာစဉ်က ညောင်ဦးနတ်သမီးကမ်းပါးကနေ မြစ်ရေတင်ပြီး ကျေးရွာရေရရှိရေး ဆောင်ရွက်နေပုံကိုပြဖူးသည်။ နောက်ပိုင်းမှာ ရေတွန်း စက်ကြီးများနှင့် မြကန်အနီးရှိ တူးရွင်းတောင်ပေါ်မှ ရေလှောင်ကန် ကြီးထဲသို့ ဧရာဝတီမြစ်ရေကို တွန်းတင်ကာ အနီးအပါးမှ ကျေးရွာများသို့ ဆင်ခြေလျှောပိုက်ကြီးအသုံးပြုကာ ရေပေးဝေသည်။
ဤလုပ်ငန်းအောင်မြင်နေကြောင်း သိရ၍ ၁၉၈၉ ခုနှစ်က ကျွန်တော်ဗီဒီယိုသွားရိုက်ခဲ့ဖူးပါသည်။ ပုဂံ-ညောင်ဦးဒေသ ခြောက်သွေ့နေပုံများ၊ ကျေးရွာ ရေရရှိရေး ဆောင်ရွက်နေပုံများ၊ ရေသုံးစွဲလာနိုင်ပုံများ စသည်ဖြင့် သုံးပိုင်းခွဲရိုက်ပါသည်။ ရေရှားစဉ်က အဖြစ် သနစ်ကို ကရုဏာရသမြောက်အောင်လည်း ရိုက်ပါသည်။ သားအမိ နှစ်ယောက် ချောင်းရှိလက်ယက်သဲတွင်းမှာ မိခင်က ရေမှုတ်နှင့် ရေခတ်ပြီး ရေအိုးထဲရေဖြည့်နေတဲ့အခါ ငါးနှစ်သမီးလေးက မအေခေါင်းပုကလေးကို ရင်ဘတ်မှာ ကပ်ပြီး ငုတ်တုတ်ထိုင်ကြည့်နေတဲ့ပုံကို ရိုက်တည်းဖြတ်ပြီး နောက်ခံတီးလုံးထည့်ပြီး လွှင့်ခဲ့ဘူးသည်။
နောက်တစ်ခုက ရေရှားသည့် တောင်သာမြို့နယ်တွင်းရှိ ရိုးများ၊ ချောင်းများပေါများခြင်းကြောင့် မိုးရွာ၍ ရလာသမျှသောရေကို လေလွင့်စီးဆင်းသွားစေမည့်အစား ဆည်များပိတ်ဆို့ တားဆီးကာ အကျိုးရှိရှိ အသုံးချနိုင်ရေးအတွက် တောင်သာသားတို့အားနှင့် မာန်နှင့် အကောင်အထည် ဖော်ခဲ့ကြပုံတွေကိုလည်း ဗီဒီယို မကြာခဏရိုက်ပြီး မြန်မာ့ရုပ်မြင်သံကြားက လွှင့်ခဲ့ဘူးသည်။ ခုရေရရှိရေးအတွက် ပိုဆောင်ရွက်ရတော့မည့် အခြေအနေဆိုက်လာပါပြီ။ အဖွဲ့အစည်းများ၊ အစိုးရဌာနများ ငြိမ်နေလျှင် ပြည်သူများ ကပ်ဆိုက်နိုင်သည်။
ယခုဤဆောင်းပါးရေးနေစဉ် ကျွန်တော့်မိုဘိုင်းဖုန်းတွင် ညောင်ဦးခရိုင် ငါးသလောက်မြို့နယ် စက်စက်ယို ကျေးရွာ၌ ရန်ကုန်နာရေးကူညီထောက်ပံ့မှုအသင်းဥက္ကဋ္ဌ ဦးကျော်သူက အဝီစီတွင်း လှူသည့် သတင်းပေါ်လာသည်။ ရေများ ပန်းထွက်နေသော အဝီစီတွင်း၏ရှေ့တွင် ဦးကျော်သူနှင့် သျှောင်ပေစူးကလေးများက ပျော်ရွှင်စွာ အင်္ကျီချွတ်၍ ကနေကြသည်။ ငွေရှိသူများ ဤအချိန်၊ ဤ အခါ၊ ဤသို့သော အလှူမျိုး။ ဤသို့လှူသင့်၏။ ဖေ့ဘုတ် မှာ သာဓု ခေါ်တာတွေ၊ မှတ်ချက်ပေးတာတွေနောက်က တန်းစီပြီးပေါ်လာသည်။ ကျွန်တော်ဤပုံကို ကူးပြီး တင်ပြ ထားသည်။
ဤဒေသများ ဤသို့ဖြစ်နေသည်မှာ ကြာပြီ။ ခု အယ်နီညိုကလည်းရှိနေသဖြင့် အထက်ကပူ၊ အောက်ကပူ နှင့် သတိနှင့်နေကြရန်ဖြစ်သည်။ မြန်မာတွင် ရေနှင့်ပတ်သက်သော စကားပုံများစွာရှိ သည်။ ''ရေဝင်နိုင်လျှင် ရေကြည်သောက်ရ၊ ရေဘူး နှင့် ဖိနပ်မပါ နွေခါမှသိ၊ ရေမရှား မြေမရှား တောင်သူပျော်သည်။ ရေမလာခင်ကန်သင်းဖို့၊ ရေရွေးလျှင် သောက် စရာမရှိ၊ မြေရွေးလျှင် နေစရာမရှိ၊ ရေဝေးသည့်ကြာ မပွင့်သာ၊ ရေအသက် တစ်မနက်၊ ရေအိုင်သာလျှင် ငါးများသည်၊ အပြောသာလျှင် မိတ်ဆွေများသည်၊ ရေကြည်ရာ မြက်နု၊ ရေကုန်အိုင်ပျက်၊ ရေကုန်သည့်အိုင် လှိုင်းဘောင်ဘင်မခတ်နိုင်၊ ရေကန်အသင့် ကြာအသင့်၊ ရေခမ်းလျှင် တွင်းတူးပါ။''
ဤစကားပုံများအရ ရေမရှိလျှင် ကျန်းမာရေး၊ စီးပွားရေး ထိခိုက်နိုင်ကြောင်း အဓိပ္ပာယ်များစွာ ဖော်ကျူး လှစ်ဟပြ၍ရသည်။ ရေရှားက ရေသည်ငွေထက်အဖိုးတန်သွားတတ်သည်။ အခြားအလုပ်ကိုမလုပ်အား ရေရှား၍ ရေရှာနေရ သည့်အချိန်ကများလာတတ်သည်။ တစ်ခါက ရန်ကုန်မှာ ကြုံဖူးသည်။ သိဘူးသော်လည်း အချို့က မမှတ်ကြ။ လမ်းဘုံပိုင်များရှိစဉ်က ရေသုံးပြီး ဘုံပိုင်ခေါင်းကို ပြန်မပိတ်။ အိမ်ရေသွယ်ပေးသောအခါ၌လည်း ရေကိုမချွေတာ။ ရေမီတာတက်သော်လည်း အရေးမလုပ်ကြ။ ရေပုံး သေးသေး ဖွင့်သင့်ပါလျှက် ရေပုံးကြီးကြီးမဖွင့်သင့်။ အသုံးမပြုဘဲ ရေကို ဖွင့်ချမထားသင့်။ ရေတွင်း မရက်ရှာ သုံးသင့်မှသုံးသင့်။ ရေချိုးရာ၌ အဆင့်သုံး ဆင့်ရှိသည်။ ပထမ ကိုယ်ကိုရေ လောင်းခြင်း၊ ဒုတိယကဆပ်ပြာတိုက်ခြင်း၊ တတိယက ကိုယ်ကိုရေပြန်လောင်းခြင်းတို့ ဖြစ်သည်။ ပထမအဆင့်တွင် ရေကိုတတ်နိုင်သမျှ ချွေတာသင့်သည်။ ၁ဝရာခိုင်နှုန်းမျှသာ သုံးပြီး တတိယအဆင့်တွင် ၉ဝရာခိုင်နှုန်း သုံးသင့်သည်။
ပန်းပင်ရေလောင်းရာ၌ ပန်းရေပန်းကိုအသုံးပြုသင့်သည်။ ရေဝလျှင် ရပ်သင့်သည်။ ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများမှ ဘိုထိုင် အိမ်သာများ ရေကုန်လှသည်။ ရေရှား၊ ရေပြတ်လျှင် ဘိုထိုင်ရေသုံးစနစ်ကို ပြင်သင့်သည်။ ဘိုထိုင်ရေဆွဲချလျှင် လေးဂါလန်ကျော်ကျော် ရေကုန်မည်ထင်သည်။ ပျမ်းမျှ မိသားစု ငါးဦး၊ တစ်ဦးလျှင် တစ်နေ့ရေ ငါးခါဆွဲလျှင် ငါးဦး ထံက (၅x၅=၂၅)နှစ်ဆယ့်ငါးခါဆွဲမည်။ ထိုအခါ (၂၅x ၂ဂါလန်)ရေ ဂါလန် ၅ဝကို မိသားစုတစ်စုက တစ်နေ့ တစ်နေ့ သုံးစွဲနေရသည်။ အိမ်ထောင်ပေါင်းများစွာရှိသော ရန်ကုန် မြို့၌ ဘိုထိုင်အိမ်သာ ရေသုံးစွဲမှုကို ခန့်မှန်းကြည့် မည်ဆိုကအံ့မခန်းပေ။ရေမသောက်၍လည်းမဖြစ်၊အိမ်သာ ရေချောက်၍လည်း မဖြစ်ရကာ၊ ရေချွေတာရေး နည်းလမ်းများကိုသာ ရှာ၍ ရေသုံးစွဲကြရန်လိုနေကြပြီဖြစ်သည်။
ရေပြတ်၍ ရေရှားလာပြီဆိုပါက ဘိုထိုင်ရေလှောင် ကန်မှ ရေကိုလုံးဝမသုံးတော့ဘဲ အိမ်သာထဲ၌ ဘာလီပုံး တစ်လုံးထား၍သာသုံးစွဲသင့်ပါသည်။ ဘိုထိုင်ရေလှောင် ကန်မှရေကို သုံးချင်သည်ဆိုပါက ရေလှောင်ကန်တွင်ရှိသော ရေဖိ သောကန်၏ သုံးပုံတစ်ပုံ အထက်မတက်လာအောင် ပြန်ပြင်ထားသင့်ပါသည်။ အိမ်သာရေအကြောင်း ဤမျှ ဖြေရေး နေရသည်မှာ ရန်ကုန်တစ်မြို့လုံးအတိုင်းအတာဖြင့်ကြည့်ကာ တစ်နေ့တစ်နေ့ ရေဂါလန်ပေါင်း မြောက်မြားစွာ ကြောက်ခမန်းလိလိ ကုန်နေသည်ကို ဟန့်တားနိုင်ရန် အတွက် ဖြစ်ပါသည်။
တစ်ချို့အလိုက်မသိကြ။ ရေမရှိလျှင်ခက်မည်။ သို့သော် မသိခြင်းသည် ပိုခက်သည်။ ထို့ကြောင့် ''မရှိတာ ထက် မသိတာခက်''ဟု ရှေးလူကြီးသူမများက ပြောခဲ့ကြ သည်။ သိသင့်ပါလျက်၊ သိပါလျက် မသိတတ်မှုကြောင့် ခက်ခြင်း ဖြစ်သည်။
မိသားစုအတွင်း၌ မသိတတ်သူပါနေပါက ကျန်လူများ ရေဒုက္ခဖြစ်နိုင်သည်။ ကျန်လူများကို အနှောင့်အယှက် ဖြစ်စေသည်။ လူတစ်ယောက်၏ ခန္ဓာကိုယ်၌ ရေဓာတ် ၇၅ ရာခိုင် နှုန်းပါသည်။ ထို့ကြောင့် အစာမစားဘဲ ရက် ၃ဝ ခန့် နေနိုင် သော်လည်း ရေမသောက်ဘဲ ငါးရက်ထက်ပို၍မနေနိုင်။ ထို့ကြောင့် ရေအသက် တစ်မနက်ဟု ပြောကြသည်။
ရေရှားမှ ရေ၏တန်ဖိုးကိုသိ၏။ ထို့ကြောင့် ရေကို ချွေတာပါ။ အနာဂတ် သေချာအောင် ရေစုပါ။ လာမည့် ဘေးကို မြင်ရန်လိုပါသည်။ ရေသန့်စင်ရေး အလေးပေးပါ။ ရေသန့်ရှိနေခြင်းသည် ကျန်းမာချမ်းသာလျင် ဘဝဋ္ဌေး သည်။
ကျေးလက်တွင် အလှူရှင်လာရောက်လှူသော စက်ရေတွင်းကို အကျိုးရှိရှိ ထိရောက်စွာ အသုံးပြုရေးသည် တောင်သူလယ်သမား ပြည်သူများအပေါ်တွင် တည်သည်။ စက်ချွတ်ယွင်းလျှင် မပြုပြင်တတ်က ကျေးရွာ ရေရရှိရေး ဌာနသို့ အမြန်အကြောင်းကြားသင့်သည်။
သောက်ရေသည် ကျန်းမာရေးအတွက် အဓိက၊ စီးပွားရေးအတွက် ပဓာန၊ လူမှုရေးအတွက် အနှစ်သာရ ဖြစ်သည်။

No comments:

Post a Comment