Friday, April 1, 2016

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်



 
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်

၂ဝ၁၆ ခုနှစ် မတ်လ ၃၁ ရက်နေ့က ကျင်းပသည့် အမျိုးသား လွှတ်တော်အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ထူးခြားသောဥပဒေကြမ်းတစ်ရပ် တင်သွင်းသည်။
ဥပဒေကြမ်းအမည်က  ''နိုင်ငံတော်၏  အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း''
ဥပဒေကြမ်းတွင် ဖော်ပြထားချက်အရ၊ ဤဥပဒေကြမ်းက ရည်ညွှန်းသော အတိုင်ပင်ခံပုဂ္ဂိုလ်ဟူသည် ၂ဝ၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ၏ ယုံကြည် အားကိုးမှုဖြင့် တစ်ခဲနက်ထောက်ခံမဲရရှိခဲ့သည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။
အတိုင်ပင်ခံပုဂ္ဂိုလ်အား ပေးအပ်သည့်တာဝန်က ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ''နိုင်ငံ တော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် အကြံပြုချက် များ''ပေးရန်ဖြစ်သည်။
နိုင်ငံတော်- နိုင်ငံသားအကျိုးစီးပွားဟူသည်ကို ဥပဒေ ကြမ်းထဲတွင် ''ရည်ရွယ်ချက်များ'' ခေါင်းစဉ်အောက်၌ တိကျစွာ ဖော်ပြထားသည်။ (က) ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး၊ (ခ) ဈေးကွက်စီးပွားရေးစနစ်ပီပြင်ရေး၊    (ဂ) ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်တည်ဆောက်ရေးနှင့် (ဃ) ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ဖြစ်သည်။
ဤရည်ရွယ်ချက်များ သို့မဟုတ် နိုင်ငံ့အကျိုးစီးပွားများကို အောင်မြင်စွာ ဆောင်ကြဉ်းနိုင်ရန်အတွက် အတိုင်ပင်ခံပုဂ္ဂိုလ်အား ''အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်ဆောင်ရွက်ခွင့်'' ပေးအပ်ထားသည်။
ထို့ပြင် ဥပဒေကြမ်း၌
''အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက်တမ်းသည် နိုင်ငံတော် သမ္မတ၏ ရာထူးသက်တမ်းအတိုင်းဖြစ်သည်'' ဟူ၍လည်းကောင်း၊
''ဤဥပဒေသည် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းကာလတွင် တာဝန်ထမ်းဆောင်သည့်  နိုင်ငံတော် သမ္မတ၏ ကာလအတွက်သာဖြစ်စေရမည်'' ဟူ၍လည်းကောင်း ဖော်ပြထားရာ ခြုံငုံသုံးသပ်သော် ဤဥပဒေကြမ်း သို့မဟုတ် ဤဥပဒေကြမ်းကို လွှတ်တော်အရပ်ရပ်က အတည်ပြုပြဋ္ဌာန်း ပြီးနောက် ဖြစ်ပေါ်လာမည့် ''နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုင်ရာ ဥပဒေ'' သည် ပြည်သူလူထုတစ်ရပ်လုံး လေးစားအားထား ကြသည့်    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်အား  နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ကိုယ်စွမ်းÓဏ်စွမ်းရှိသရွေ့ သယ်ပိုးထမ်းရွက် ရန်   ယုံကြည်ကိုးစား အပ်နှံလိုက်သော သဘောဖြစ်သည်ဟု ဆိုနိုင်သည်။
မြန်မာနိုင်ငံတွင် မရှိခဲ့ဖူးသော၊ အခြားအခြားသောနိုင်ငံ များတွင်လည်း တစ်ထပ်တည်းတူညီစွာ ရှိလိမ့်မည်မဟုတ်သော ''နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်'' ဟူသည့် ထူးခြားလှသော ရာထူးနေရာ၌ ဒေါ်အောင်ဆန်းစုကြည်အား တင်မြှောက်ရန် ဥပဒေကြမ်း တင်သွင်းရခြင်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဤဥပဒေသည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၂၁၇)တွင် ဖော်ပြသတ်မှတ်ထားသည့် ပြည်ထောင်စုလွှတ်တော်၏ ဘောင်အတွင်းကဖြစ်ကြောင်း တင်ပြ သည်ကို တွေ့ရသည်။
အဆိုပါပုဒ်မ (၂၁၇)တွင်
''ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့် ကျင်စေဘဲ ပြည်ထောင်စု၏ အုပ်ချုပ်မှုအာဏာသည် နိုင်ငံတော် သမ္မတ၌ တည်ရှိသည်။ ဤစကားရပ်ကြောင့် ပြည်ထောင်စု လွှတ်တော်သည် အာဏာပိုင်အဖွဲ့အစည်း တစ်ရပ်ရပ်အား လည်းကောင်း၊ အာဏာပိုင်ပုဂ္ဂိုလ် တစ်ဦးဦးအားလည်းကောင်း တာဝန်နှင့်လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်းမပြုနိုင်ဟု မမှတ်ယူရ။ ထို့ပြင် ယင်းစကားရပ်ကြောင့် တည်ဆဲဥပဒေများအရ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း တစ်ရပ်ရပ်အားဖြစ်စေ၊ သက်ဆိုင်ရာ အာဏာပိုင်ပုဂ္ဂိုလ်  တစ်ဦးဦးအားဖြစ်စေ၊ အပ်နှင်းထားသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို နိုင်ငံတော်သမ္မတအား လွှဲပြောင်း ပေးအပ်သည်ဟုလည်း မမှတ်ယူရ။''
ဟူ၍ ဖော်ပြထားကြောင်း တင်ပြအပ်ပါသည်။

No comments:

Post a Comment