Friday, April 29, 2016

သင်္ကြန်ကာလနောက်ပိုင်း အင်းလေးဒေသသို့ ခရီးသွားဧည့်သည်ဝင်ရောက်မှု လျော့နည်း




The Mirror Daily's photo.


တောင်ကြီး ဧပြီ ၂၈

သင်္ကြန်ကာလနှင့် နှစ်သစ်ကူး ပိတ်ရက်များ ပြီးဆုံးသည့်နောက်ပိုင်း ကာလတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်သို့ ပြည်တွင်း/ပြည်ပခရီးသွား ဝင်ရောက်မှု နည်းသွားကြောင်း အင်းလေးဒေသ ဟိုတယ်မန်နေဂျာ တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံမှာ အဓိကပြည်ပ ဧည့်သည်ဝင်ရောက်တဲ့ ရာသီက ''ဘာ''လေး ''ဘာ'' လို့ဆိုတဲ့ စက်တင်ဘာ နောက်ဆုံးပတ်မှစပြီး အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် အများဆုံးဖြစ်ကြောင်း၊ ဇန်နဝါရီမှစပြီး ဧည့်သည် တဖြည်းဖြည်းကျဲသွားကြောင်း၊ မေမှ စက်တင်ဘာအထိ ဧည့်သည်အလွန်ပါးကြောင်း ဆက်လက်ပြောပြသည်။ ဧပြီနောက်ပိုင်း မေလအထိ ပြည်တွင်း ခရီးသွားနည်းသွားပြီး အခန်းခများကိုလည်း ဈေးနှုန်းလျှော့ချပေးထားကြောင်း သိရသည်။

သင်္ကြန်နှင့် နှစ်သစ်ကူးပိတ်ရက်များက ဧည့်သည်နှင့်အခန်းလုံလောက် မှုမရှိကြောင်း၊ ဒီနှစ်အယ်နီညိုကြောင့် အပူမြင့်တော့ တောင်ကြီးဒေသကို ဘုရားဖူးတော်တော်များများလာပြီး ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ ဧည့်ရိပ်သာ၊ ဘုန်းတော်ကြီးကျောင်းတွေမှာလည်း ဧည့်သည်ပြည့်ကြောင်း သိရသည်။ အဆိုပါကာလတွင် တည်းခိုခန်းအမျိုးအစားအလိုက် ကျပ်နှစ်သိန်းမှ ငါးသောင်းအထိ အခန်းခဈေးနှုန်းများမြင့်တက်ခဲ့သော်လည်း ယခုရက်ပိုင်းတွင် တစ်သိန်းမှ နှစ်သောင်းအထိ ပြန်လည်ကျဆင်းသွားပြီဖြစ်သည်။ ၎င်းအပြင် အင်းလေးစက်လှေခမှာလည်း ညောင်ရွှေမှ ဖောင်တော်ဦးဘုရား၊ နမ့်ပန် အလိုတော်ပေါက်ဘုရား၊ ရေခြံငါးဖယ်ချောင်းရှေးဟောင်းကျောင်း၊ ရက်ကန်းရုံ ခရီးစဉ်အတွက် ကျပ်ငါးသောင်းမှ ခုနစ်သောင်းငါးထောင်အထိ ဈေးမြင့်တက်ခဲ့သော်လည်း ယခုရက်ပိုင်းတွင် ပုံမှန်ကျပ်နှစ်သောင်းခွဲမှ သုံးသောင်းဝန်းကျင်သာရှိတော့ကြောင်း သိရသည်။ အင်းလေးကန်ရေလျော့နည်းမှုရှိသော်လည်း စက်လှေလမ်းကြောင်းများ ကောင်းမွန်သဖြင့် ဘုရားဖူးဧည့်သည်များ တဖွဲဖွဲ လာရောက်လျက်ရှိကြောင်း သိရသည်။
နိုင်ထွန်း(TGI)

No comments:

Post a Comment