Friday, April 29, 2016

ဘင်္ဂလီများအပေါ် ''ရိုဟင်ဂျာလူမှုအသိုက်အဝန်း''ဟု သုံးစွဲခဲ့ခြင်းနှင့်ပတ်သက်၍ အမေရိကန်သံရုံးရှေ့၌ ဆန္ဒထုတ်ဖော်




The Mirror Daily's photo.


ရန်ကုန် ဧပြီ ၂၈

အမေရိကန်သံရုံးမှထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဘင်္ဂလီများအပေါ် ''ရိုဟင်ဂျာ လူမှုအသိုက်အဝန်း'' ဟု သုံးစွဲခဲ့ခြင်းနှင့်ပတ်သက်၍ အမျိုးသားရေးတက်ကြွ လှုပ်ရှားသူများက ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို မြန်မာ့အမျိုးသားရေး ကွန်ရက်မှ ဦးဆောင်၍ ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန် တက္ကသိုလ်ရှေ့မှစတင်ကာ ကြွေးကြော်သံများဖြင့် တက္ကသိုလ်ရိပ်သာလမ်းအတိုင်း အမေရိကန်သံရုံးရှေ့ထိ လမ်းလျှောက်ခဲ့ပြီး အမေရိကန်သံရုံးရှေ့၌ ဆန္ဒထုတ်ဖော် ခဲ့ခြင်းဖြစ်သည်။

''ကျွန်တော်တို့အနေနဲ့ ဥပဒေနဲ့အညီ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာပါ။ အသုံးပြုမယ့် ဗီနိုင်းနဲ့ကြွေးကြော်သံတွေကိုလည်း သက်ဆိုင်ရာကို တင်ပြထားတဲ့အတိုင်းပဲ လုပ်ဆောင်တာပါ။ အမေရိကန်သံရုံးရဲ့ ရိုဟင်ဂျာလို့ ကြေညာချက်ကို ချက်ချင်းပယ်ဖျက်ပေးဖို့လိုပါတယ်။ တိုင်းရင်းသား ၁၃၅ မျိုးထက် ပိုတိုးလာမယ့်ကိစ္စကို လက်မခံနိုင်ပါဘူး''ဟု မြန်မာ့အမျိုးသားရေး ကွန်ရက် ဥက္ကဋ္ဌ ဦးဝင်းကိုကိုလတ်က ပြောသည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဟူသော တိုင်းရင်းသား လူမျိုးလုံးဝမရှိကြောင်း အစိုးရနှင့် လွှတ်တော်မှ တရားဝင်ပြောကြားထားသောကြောင့် အမေရိကန်နိုင်ငံအနေဖြင့် ရိုဟင်ဂျာအမည်ကို သုံးစွဲခြင်းမပြုရန် မြန်မာ့အမျိုးသားရေးကွန်ရက်မှ ကြေညာချက်ထုတ်ပြန်ထားကြောင်းလည်း သိရသည်။

ထိုသို့ဆန္ဒထုတ်ဖော်စဉ် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများက အမေရိကန်သံရုံးထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ရာ အဆိုပါသံရုံးမှ လုံခြုံရေးအရာရှိချုပ်က လက်ခံခဲ့ပြီး ၎င်းတို့၏ အစိုးရထံရောက်အောင်ပေးပို့မည်ဖြစ်ကြောင်း၊ ထို့ပြင် ရိုဟင်ဂျာဆိုသည့် ကြေညာချက်ကို ဖျက်ပေးရန်လည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဦးဝင်းကိုကိုလတ်၏ပြောကြားချက်အရ သိရသည်။

လူဦးရေ ၃ဝဝ ခန့် ပါဝင်သည့် အဆိုပါဆန္ဒထုတ်ဖော်ပွဲကို ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းတွင် ပြုလုပ်ရန် သက်ဆိုင်ရာက ခွင့်ပြုခဲ့သော်လည်း အမေရိကန်သံရုံးရှေ့၌ ပြုလုပ်ခဲ့သည့်အပေါ် ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်ထွဋ်က ''သူတို့ကိုခွင့်ပြုတဲ့နေရာက ဒီနေရာမဟုတ်ဘူး။ ခွင့်ပြုနေရာမှာ မလုပ်ဘဲ ဒီနေရာမှာ လုပ်တဲ့အတွက် ခွင့်ပြုမိန့် လျှောက်ထားသူအပါအဝင် ဖော်ထုတ်လို့ရတဲ့သူအားလုံးကို ဥပဒေအတိုင်း ပုဒ်မ - ၁၉ နဲ့ အရေးယူသွားမယ်''ဟု ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် သဲချောင်းအနီးတွင် ဧပြီ ၁၉ ရက်က စက်လှေနစ်မြုပ်၍ သေဆုံးသွားသူများ အတွက် ဧပြီ ၂ဝ ရက်က အမေရိကန်သံရုံး (ရန်ကုန်) ၏ ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်တွင် ဘင်္ဂလီများအား ''ရိုဟင်ဂျာ လူမှုအသိုက်အဝန်း''ဟု သုံးစွဲခဲ့သည့်အတွက် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများက ဆန္ဒထုတ်ဖော် ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဇော်ကြီး(ပဏီတ)

No comments:

Post a Comment