Friday, April 29, 2016

လီဆူစစ်ရှောင်ဒုက္ခသည်များအတွက် လီဆူတိုင်းရင်းသားရိုးရာအဆိုအကနှင့် ဝတ်စားဆင်ယင်မှုရန်ပုံငွေပွဲ ကျင်းပမည်




The Mirror Daily's photo.


သတင်း - ခင်ဇာလီ
ဓာတ်ပုံ - လီဆူဂီတ
အနုပညာရှင်အသင်း

လီဆူဂီတအနုပညာရှင်များအသင်းက ဦးဆောင်ပြီး တစ်နိုင်ငံလုံးဆိုင်ရာ လီဆူတိုင်းရင်းသားများ၏ ရိုးရာအဆိုအကနှင့် ရိုးရာဖက်ရှင်တင်ဆက် မှုကို မေ ၆ ရက် ည ၇ နာရီမှစတင်ကာ ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံတွင် ဖျော်ဖြေသွားမည်ဟု သိရသည်။

အဆိုပါ ဖျော်ဖြေတင်ဆက်မှု ပြုလုပ်ရခြင်းမှာ ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ဒုက္ခသည် စခန်းများတွင် ခိုလှုံလျက်ရှိသော လီဆူ စစ်ဘေးရှောင်ဒုက္ခသည်များ အား ကူညီပေးရန်နှင့် လီဆူရိုးရာ ယဉ်ကျေးမှု အနုပညာဓလေ့များကို မြန်မာတိုင်းရင်းသားများ ပိုမိုရင်းနှီး ချစ်ခင်မှုရရှိစေရန် ရည်ရွယ်ကြောင်း သိရသည်။

''ဒီပွဲကနေရတဲ့ ရန်ပုံငွေအားလုံးကို လီဆူ စစ်ရှောင်ဒုက္ခသည်တွေအတွက် အသုံးပြုသွားမှာပါ။ အသင်းရဲ့ ဦးတည်ရာက လီဆူလူမျိုးတွေအတွက် ရည်ရွယ်ထားတာဆိုပေမယ့် စစ်ရှောင် ဒုက္ခသည်တွေ ဆိုတာကလည်း လီဆူလူမျိုးတစ်ခုတည်း မဟုတ်တော့ တိုင်းရင်းသားအားလုံးကို ကူညီထောက်ပံ့မှုပေးချင်ပါတယ်။ ရလာတဲ့ရန်ပုံငွေအနည်းအများပေါ် မူတည်ပြီး လှူဒါန်းသွားမှာပါ''ဟု လီဆူဂီတ အနုပညာရှင်အသင်းဥက္ကဋ္ဌ ဦးလာဇရု က ပြောသည်။

မြန်မာနိုင်ငံတွင် လီဆူတိုင်းရင်း သားလူမျိုး လေးသိန်းကျော်နေထိုင်ပြီး လီဆူမျိုးနွယ်ခွဲပေါင်း ၁၄ မျိုးခန့် ရှိသည်။ ထိုအထဲမှ လီဆူစစ်ရှောင် ဒုက္ခသည်ဦးရေသည် မြစ်ကြီးနား၊ ဝိုင်းမော်၊ စတုန်း၊ မိုင်းရူး၊ တနိုင်း၊ ဖားကန့်ဒေသများတွင် စုစုပေါင်း လူဦးရေ ၂၈ဝဝ ကျော်ခန့်ရှိကြောင်း လီဆူဂီတအနုပညာရှင်အသင်းမှ သိရသည်။

''ကျွန်တော် စစ်ရှောင်ဒုက္ခသည် စခန်းတွေကို ကိုယ်တွေ့သွားရောက် တဲ့အခါ သူတို့ရဲ့ဒုက္ခတွေကို သိလာရတယ်။ စစ်ပွဲတွေကို မဖြစ်စေချင်တော့ ပါဘူး'' ဟု ဦးလာဇရုက ဆက်လက်ပြောသည်။ အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်မည့် အဆိုပါ ရန်ပုံငွေဖျော်ဖြေ ပွဲတွင် လီဆူတိုင်းရင်းသားများ၏ ဝတ်စားဆင်ယင်မှု ရိုးရာစစ်စစ်များကို ပြသမည့်အပြင် ခေတ်မီဂီတဖြင့်လည်း တစ်မူထူးခြားအောင် တင်ဆက်သွား မည်ဟု သိရသည်။ ပြပွဲကို မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပြီး အလှူငွေများ လှူဒါန်းလိုပါက ဖုန်း- ဝ၉-၇၉၁၆၃၈၂၁၄ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

No comments:

Post a Comment