Friday, April 29, 2016

အာဆီယံပြိုင်ပွဲဝင် မြန်မာယူ-၁၉ အသင်းအား ကစားသမား ၄၃ ဦးဖြင့် ဖွဲ့စည်း




The Mirror Daily's photo.


သတင်းနှင့် ဓာတ်ပုံ - ရှိုင်းထက်ဇော်

ရန်ကုန် ဧပြီ ၂၈
ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများစွာ ဝင်ရောက်ယှဉ်ပြိုင်ရမည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အာဆီယံယူ-၁၉ ပြိုင်ပွဲအတွက် စတင်ပြင်ဆင်တော့ မည်ဖြစ်ပြီး မြန်မာယူ-၁၉ အသင်းကို ကစားသမား ၄၃ ဦးဖြင့် ဖွဲ့စည်းခဲ့ကာ နည်းပြအဖြစ် ဦးမျိုးလှိုင်ဝင်းက ကိုင်တွယ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာယူ-၁၉ အသင်းကို ကစားသမား ၄၃ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး မေလဆန်းပိုင်းတွင် လူရွေးပွဲများကျင်းပကာ ကစားသမားများ လျှော့ချသွားမည်ဖြစ်သည်။ ယခုရွေးချယ်ခဲ့သည့် ပဏာမ လူစာရင်းတွင် ၂ဝ၁၅ ခုနှစ်အတွင်းက ဖွဲ့စည်းခဲ့သော အာရှယူ-၁၉ ခြေစစ်ပွဲဝင် မြန်မာယူ-၁၉ အသင်းမှ ကစားသမားများ ပြန်လည်ပါဝင်လာသည်။ ပဏာမ ရွေးချယ်ခဲ့သည့် လူစာရင်းတွင် ယူ-၁၈ အသင်းမှ ကစားသမားများအပါအဝင် လက်ရှိ MNL လူငယ်အမှတ်ပေးပြိုင်ပွဲတွင် ခြေစွမ်းပြနေသည့် ကစားသမားများကို ရွေးချယ်ထားခြင်းဖြစ်သည်။ လူရွေးပွဲအပြီးတွင် ကစားသမား ၂၅ ဦးသို့ လျှော့ချသွားမည်ဖြစ်ပြီး မေလဒုတိယပတ်တွင် စခန်းဝင်လေ့ကျင့်မှု များပြုလုပ်မည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယခုနောက်ပိုင်း နှစ်များတွင် ပြည်တွင်းနည်းပြများကို နေရာပေးလာခဲ့ပြီး မြန်မာယူ-၁၉ အသင်း နည်းပြချုပ်အဖြစ် နေပြည်တော်အသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းကို ခန့်အပ်ခဲ့သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဦးမျိုးလှိုင်ဝင်းကို ဧပြီ ၂၈ ရက်က အပြီးသတ်စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်သက်တမ်းမှာ တစ်နှစ်ရှိမည်ဖြစ်သည်။

ဦးမျိုးလှိုင်ဝင်းကိုင်တွယ်မည့် မြန်မာယူ-၁၉ အသင်းမှာ ပထမဆုံး နိုင်ငံတကာပြိုင်ပွဲအဖြစ် အာဆီယံယူ-၁၉ ပြိုင်ပွဲကို ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အုပ်စုခွဲဝေထားမှုအရ ထိုင်း၊ သြစတြေးလျတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေရာ ခက်ခက်ခဲခဲ ရုန်းကန်ရဖွယ်ရှိနေသည်။ Air Bagan ၊ ရန်ကုန်၊ နေပြည်တော်အသင်းတို့ကို ကိုင်တွယ်ဖူးသည့် ဦးမျိုးလှိုင်ဝင်းအနေဖြင့် မြန်မာ ယူ-၁၉ အသင်းကို အောင်မြင်မှုများရယူနိုင်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ရမည် ဖြစ်သည်။

No comments:

Post a Comment