Thursday, April 28, 2016

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ ပဉ္စမအကြိမ်အစည်းအဝေးဆက်လက်ကျင်းပ


Myanmaalinn's photo.
 နေပြည်တော် ဧပြီ ၂၇

နိုင်ငံရေးဆွေးနွေးနေစဉ်ကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာ စေရန်၊ နိုင်ငံရေးအာမခံချက်များကို အကောင်အထည်ဖော်နိုင်ရန်၊ သဘော တူညီချက်များနှင့် ကတိကဝတ်များကို ထပ်လောင်းအတည်ပြုနိုင်ရန်အတွက် နှစ်ဖက်ကိုယ်စားလှယ်များပါဝင်သော ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)၏ ပဉ္စမအကြိမ် အစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ဆက်လက်ကျင်းပသည်။
ယနေ့အစည်းအဝေးတွင် JMC အလုပ်အဖွဲ့အတွင်း ဆွေးနွေးသဘော တူညီခဲ့သော ဒေသဆိုင်ရာ ရုံးအဖွဲ့လုပ်ငန်းလမ်းညွှန် (TOR for Secretariat of JMC - L) အား ဆွေးနွေးအတည်ပြုခြင်း၊ JMC အလုပ် အဖွဲ့အတွင်း ဆွေးနွေးခဲ့သည့် နိုင်ငံတကာအဖွဲ့အစည်းများက တောင်းဆို ထားသော တရားဝင်မှု (Legal Status) ကိုရရှိရန် Technical Secretrait Center(TSC)အား NGOအဖြစ် (သို့မဟုတ်) State process အဖြစ် မည်သို့ဆောင်ရွက်လိုကြောင်းကို EAOs ဘက်မှ ၂ဝ၁၆ ခုနှစ် ဧပြီ ၆ ရက်မတိုင်ခင် အကြောင်းပြန်ကြားပေးမည့် ကိစ္စရပ်အား ဆွေးနွေးခြင်း၊ ယာယီတိုင်ကြား ကန့်ကွက်ခြင်းလုပ်ငန်းအပေါ် ဆွေးနွေးအတည်ပြုခြင်း၊ ဗဟိုရုံးအဖွဲ့နှင့် ပြည်နယ်ရုံးအဖွဲ့များ၏ လုပ်ငန်းလမ်းညွှန်အရ ခန့်အပ်မည့် ဝန်ထမ်းများအတွက် တာဝန်နှင့် လုပ်ပိုင်ခွင့်များဆွေးနွေးအတည်ပြုခြင်း၊ အရပ်သားကိုယ်စားလှယ် ဒုတိယဥက္ကဋ္ဌ အလှည့်ကျလွှဲပြောင်းခြင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဆွေးနွေးမည့်အစီအစဉ်အပေါ် ဆွေးနွေး ညှိနှိုင်းခြင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီများဖွဲ့စည်းခြင်းကိစ္စ၊ အထွေထွေ ကိစ္စရပ်များနှင့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)၏ ဆဋ္ဌမအကြိမ်အစည်းအဝေး ကျင်းပမည့် နေ့ရက်နှင့် နေရာသတ်မှတ်ခြင်းတို့ကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဥက္ကဋ္ဌ (၁) စောအိုင်းဇက်ဖိုး၊ ဒုတိယဥက္ကဋ္ဌ(၂)ဦးပြည့်စုံ၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် အစိုးရကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းရှစ်ဖွဲ့မှ ကိုယ်စားလှယ်များ၊ နှစ်ဖက်မှ အဆိုပြုသော အရပ်သား ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို ၂ဝ၁၅ ခုနှစ် သြဂုတ် ၇ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။
ထိုသို့ လက်မှတ်ရေးထိုးပြီးနောက် ရက်ပေါင်း ၉ဝ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲများစတင်ကျင်းပပြီး ပြည်ထောင်စုညီလာခံကျင်းပခြင်း၊ ပြည် ထောင်စု သဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် ပြည်ထောင်စု သဘောတူစာချုပ် အား အကောင်အထည်ဖော်ခြင်းတို့ကို ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု ပူးတွဲကော်မတီ (UPDJC) တို့ကို ရက်ပေါင်း ၃ဝ အတွင်း ဖွဲ့စည်း၍ သဘောတူညီချက်များနှင့် ကတိ ကဝတ်များကို ထပ်လောင်းအတည်ပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment