Thursday, April 28, 2016

ဧရာဝတီအသင်း အိမ်ကွင်း၌ ရှုံးနိမ့်




The Mirror Daily's photo.
သတင်း၊ ဓာတ်ပုံ - ရှိုင်းထက်ဇော်

၂ဝ၁၆ ရာသီ AFC Cup ပြိုင်ပွဲအုပ်စု (H) ဖွဲ့မည်ဖြစ်သည့် ဧရာဝတီအသင်းနှင့် လက်ရှိချန်ပီယံ ဂျိုဟိုးဒါရူးလ် (မလေးရှား)အသင်းတို့ ယနေ့ ညနေပိုင်းက သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားကြသည်။


ဂျိုဟိုးဒါရူးလ် -နှစ်ဂိုး၊ ဧရာဝတီ - တစ်ဂိုး

ဧရာဝတီအသင်းမှာ လက်ရှိချန်ပီယံ ဂျိုဟိုးဒါရူးလ်အသင်းကို ပထမအကျော့က ဂိုးပြတ်ရှုံးခဲ့သလို ယခုဒုတိယ အကျော့တွင်လည်း ပွဲပြီးခါနီးဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ယခုပြိုင်ပွဲတွင် ပုံစံကောင်းပြသထားသည့် ဂျိုဟိုးဒါရူးလ်အသင်းမှာ ငါးပွဲဆက် အနိုင်ရလဒ်နှင့်အတူ အုပ်စုပထမဖြင့် ရှုံး/ထွက် အဆင့်သို့ တက်ရောက်သွားပြီဖြစ်သည်။

အဓိကကစားသမား နှစ်ဦးမပါဝင်သောကြောင့် ဧရာဝတီအသင်းမှာ ဂျိုဟိုးဒါရူးလ်အသင်းကို ပွဲအစတွင် တိုက်စစ်ဖွင့်မကစားဘဲ အမှားစောင့်ကစားခဲ့သည်။ ဂျိုဟိုးဒါရူးလ်အသင်းမှာ အမာခံကစားသမားအချို့ကို အနားပေးထားသော်လည်း ဧရာဝတီအသင်းကိုဖိအားပေးကစားနိုင်ခဲ့သည်။ ၁၅ မိနစ် နောက်ပိုင်းမှ ဧရာဝတီအသင်းတိုက်စစ်ဆင် ကစားလာနိုင်ပြီး ၂၆မိနစ်တွင် သီဟဇော်က ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သည်။ ဧရာဝတီအသင်းမှာ ဂိုးရခဲ့သော်လည်း ဦးဆောင်ဂိုးကို မထိန်းနိုင်ခဲ့ဘဲ မိနစ် ၃ဝတွင် ချေပဂိုးပြန်ပေးခဲ့ရသည်။ ယင်းဂိုးကို ကွင်းလယ်လူ အမ်မီဂူလ်က သွင်းယူခဲ့ခြင်းဖြစ်သည်။ ဂျိုဟိုးဒါရူးလ် အသင်းမှာ ဒုတိယပိုင်းတွင် ပွဲကို ထိန်းချုပ်ကစားသွားခဲ့ပြီး ဧရာဝတီအသင်းမှာ ပထမပိုင်းလောက် ပြိုင်ဘက် ဂျိုဟိုးဒါရူးလ် ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခြင်းမရှိ တော့ပေ။ ပွဲပြီးခါနီးတွင် ဂျိုဟိုးဒါရူးလ်အသင်း အနိုင်ဂိုးရခဲ့ပြီး ၈၆မိနစ်တွင် ဆာဖီက သွင်းယူခဲ့ခြင်းဖြစ်သည်။

ဟောင်ကောင်၌ ကျင်းပသည့် အုပ်စု (G) ပွဲစဉ်တွင် တောင်တရုတ်အသင်း က ရန်ကုန်အသင်းကို နှစ်ဂိုး- တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရန်ကုန်အသင်းမှာ ယခုရှုံးပွဲကြောင့် နောက်တစ်ဆင့်တက်ရန် ရုန်းကန်ရတော့မည်ဖြစ်ပြီး နောက်ဆုံးပွဲ၌ မဖြစ်မနေအနိုင်ရရန်လိုသလို တောင်တရုတ်၏ ရလဒ်ကိုလည်း စောင့်ကြည့်ရမည်ဖြစ်သည်။

ရန်ကုန်အသင်းမှာ အဝေးကွင်းဖြစ်သော်လည်း ပွဲစကတည်းက တိုက်စစ် ဖွင့်ကစားခဲ့သည်။ ၂၃ မိနစ်တွင် ရန်ကုန်အသင်း ဂိုးစတင်ရရှိခဲ့ပြီး ထောင့်ကန်ဘောကို ယာမာရှီတာက ခေါင်းတိုက်သွင်းခဲ့ခြင်းဖြစ်သည်။ ဂိုးရပြီး နောက်ပိုင်းတွင် ရန်ကုန်အသင်းပွဲကို ထိန်းကစားနိုင်ခဲ့သော်လည်း ၃၉မိနစ်တွင် ပယ်နယ်တီပေးခဲ့ရပြီး ရိုင်ယန်က တောင်တရုတ်အတွက် ချေပဂိုး ပြန်သွင်းခဲ့သည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ဂိုးသွင်းခွင့်များ အပြန်အလှန်ရရှိခဲ့သော်လည်း အသုံးချနိုင်ခြင်းမရှိခဲ့ပေ။ ၆၈မိနစ်တွင် ရန်ကုန်တိုက်စစ်မှူး ကျော်ကိုကို မှာ အငြင်းပွားဖွယ် ဒုတိယမြောက် အဝါထိကာ နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသည်။ တောင်တရုတ်အတွက် အနိုင်ဂိုးကို ၈၄ မိနစ်တွင် မာဟာမာက သွင်းယူခဲ့သည်။ ယင်းအုပ်စုတွင် မိုဟန်ဘေဂန် (အိန္ဒိယ)က ၁၁ မှတ်ဖြင့် အုပ်စုပထမရသွားပြီး လက်ကျန်တစ်နေရာအတွက် တောင်တရုတ်က ခြောက်မှတ်၊ ရန်ကုန် နှင့် မာဇီယာအသင်းတို့က ငါးမှတ်စီရရှိထားသည်။ ရန်ကုန်အသင်းမှာ မာဇီယာအသင်းနှင့် နောက်ဆုံးပွဲကစားရမည်ဖြစ်သည်။

No comments:

Post a Comment