Thursday, April 28, 2016

မြနန္ဒာကန်တော်ကြီး မိုးရေလှောင်ကန် ရေများခန်းခြောက်စပြုလာ၍ သောက်သုံးရေအတွက် ဒေသခံများစိုးရိမ်




The Mirror Daily's photo.


ငါ့သရောက် ဧပြီ ၂၇


မန္တလေးတိုင်းဒေသကြီး ငါ့သရောက် မြို့ အမှတ်(၂) ဈေးကုန်းရပ်ကွက်အတွင်းရှိ မြနန္ဒာကန်တော်ကြီး မြေသားမိုးရေလှောင်ကန်ကြီးသည် နှစ်စဉ် မြို့ပေါ်ရပ်ကွက် လေးရပ်ကွက် မှ ဒေသခံပြည်သူများကို သောက်သုံး ရေအတွက် လုံလောက်စွာ အကျိုးပြု ပေးနေကြောင်း သိရသည်။

သို့သော် ငါ့သရောက်မြို့ အမှတ်(၂) ဈေးကုန်းရပ်ကွက်ရှိ အဆိုပါကန်ကြီးမှာ ယခုအချိန်တွင် ရာသီဥတုပူပြင်းသည့်ဒဏ်ကြောင့်ရေများလျော့နည်းလာပြီး တဖြည်းဖြည်း ခန်းခြောက်စပြုနေပြီ ဖြစ်ကြောင်း ငါ့သရောက်မြို့ပေါ် ရပ်ကွက်များမှ ဒေသခံပြည်သူများက ပြောသည်။

''ကျွန်တော်တို့ အမှတ်(၂)ဈေးကုန်းရပ်ကွက်မှာရှိတဲ့ မြနန္ဒာကန်တော်ကြီး မြေသားမိုးရေလှောင် ကန်ကြီးဟာ နှစ်စဉ် ငါ့သရောက် မြို့မှာရှိတဲ့ ရပ်ကွက်လေးခုစလုံးက ဒေသခံပြည်သူတွေကို သောက်သုံးရေ လုံလောက်စွာအကျိုးပြုပေးနေတဲ့ ကန်ကြီး တစ်ကန်ပဲဖြစ်ပါတယ်။ နောက်ပြီး ဒီမြနန္ဒာကန်တော်ကြီး မြေသားမိုးရေလှောင်ကန်ကြီးက နှစ်တိုင်း မိုးဦးကျတဲ့အချိန်ထိ ရေခန်းတယ်ဆိုတာ ရှားပါတယ်။ ဒါပေမယ့် ဒီနှစ်တော့ အယ်နီညိုရဲ့ ရာသီဥတုပူပြင်းမှုကြောင့် ကန်ကြီး ထဲကရေတွေ တဖြည်းဖြည်းနဲ့ လျော့နည်းခန်းခြောက်စပြုလာတာကို တွေ့ရပါတယ်။

''ဒီကန်ကြီးထဲက ရေတွေလုံးဝ ခန်းခြောက်သွားပြီဆိုရင် ကျွန်တော်တို့ ငါ့သရောက်မြို့ပေါ်ကပြည်သူတွေအနေနဲ့ အဝီစိစက်ရေတွင်းကိုပဲ အဓိက မှီခိုအားထားရတော့မှာပါ။ နောက်ပြီး ဒီနှစ်ရာသီက အလွန်ပူပြင်းတော့ ကျွန်တော်တို့ ဒေသက စိမ့်စမ်းရေတွင်းတွေကလည်း အခုဆို ရေတွင်းတိုင်း ရေထွက်အား တွေနည်းကုန်ပါပြီ။ သောက်သုံးရေ ခပ်ဖို့အတွက် ရေစိမ့်ထွက်တာကို ထိုင်စောင့်ပြီး ရေခပ်ယူနေရပါတယ်။

ဒါ့ကြောင့် ငါ့သရောက် မြို့နယ်က ပြည်သူတွေအတွက် သောက်သုံးရေကို အဝီစိစက်ရေတွင်းကိုပဲ မှီခိုအားထားရတော့မယ် ထင်ပါတယ်။ သောက်သုံးရေဟာ လူတွေ အတွက်သာမက တိရစ္ဆာန်တွေ အတွက်ပါ မရှိမဖြစ် လိုအပ်တဲ့အရာ ဖြစ်လို့ သောက်သုံးရေ ပေါပေါများများ သုံးနိုင်အောင် မိုးလည်း မြန်မြန်ရွာစေ ချင်ပါပြီ''ဟု အမှတ်(၂)ဈေးကုန်း ရပ်ကွက်မှ ပြည်သူတစ်ဦးက ပြောသည်။
ရဲဝင်းနိုင်(ညောင်ဦး)

No comments:

Post a Comment