Thursday, April 28, 2016

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သစ်တော၊သစ်ပင်များ ပြန်လည်စိမ်းလန်းစေလို

မြန်မာ့အလင်း 

မိမိတို့နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ထိခိုက်ယိုယွင်းမှုများက ပြီးခဲ့ သည့် ဆယ်စုနှစ်အနည်းငယ်အတွင်း သိသိသာသာထင်ထင်ရှားရှား ဖြစ်လာသည်။ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြောင့် ဖြစ်ပေါ်လာ သည့် အရုပ်ဆိုးအကျည်းတန်သောမြင်ကွင်းများကလည်း နိုင်ငံ တစ်ဝန်း ဒေသအနှံ့အပြားတွင် တွေ့မြင်လာရသည်။
အလွန်အကျွံသစ်ထုတ်လုပ်မှု၊ ကျောက်စိမ်းကျောက်မျက်နှင့် ရွှေကဲ့သို့သော သယံဇာတများ   စည်းကမ်းမဲ့ထုတ်လုပ်မှုတို့ကို ဝိသမလောဘသမားတို့က ၎င်းတို့၏ ကိုယ်ကျိုးတစ်ခုတည်းကိုသာ ကြည့်ကာဆောင်ရွက်ခဲ့ကြခြင်းကြောင့် တောတောင်မြစ်ချောင်းများ ပျက်စီးခဲ့ကြရပြီး ဒေသအလိုက် သစ်ခိုးထုတ်ခြင်း၊ တောမီးရှို့ကာ မီးသွေးထုတ်ယူခြင်း၊ တောင်ယာဖော်ထုတ်ခြင်းစသည့် ဒေသခံများ၏ စည်းကမ်းမဲ့စွာဆောင်ရွက်ခြင်းတို့ကြောင့်လည်း   သဘာဝ ပတ်ဝန်းကျင်မှာ အနည်းနှင့်အများ ထိခိုက်ခဲ့ရသည်။
ကမ္ဘာပေါ်၌ သက်ရှိတို့၏ ၉ဝ ရာခိုင်နှုန်းမှာ သစ်ပင်၊ သစ်တော တို့ကို မှီခိုရှင်သန်နေကြရခြင်းဖြစ်သည်။ သစ်ပင်များက မြေဆီလွှာ နှင့် ရေဓာတ်ကိုထိန်းပေးထားသောကြောင့် ရေတွင်း၊ ရေကန်၊ အဝီစိတွင်းတို့မှ သောက်သုံးရေများကို အလွယ်တကူ ရရှိနိုင်ကြသည်။ သစ်ပင်၊ သစ်တောများ ပျက်စီးပြုန်းတီးသွားပါက ယင်းတို့ကို မှီခို နေထိုင်သည့် လူနှင့်တကွ အခြားဇီဝမျိုးကွဲများအလိုက် ဂေဟစနစ်ပါ ပျက်စီးသွားမည် ဖြစ်သည်။
မည်သည့်နေရာတွင် ပေါက်ရောက်သည့်သစ်ပင်မဆို သဘာဝ ပတ်ဝန်းကျင်ကို တစ်နည်းနည်းဖြင့် အကျိုးပြုနေသည်ကို မိမိတို့ သိနားလည်ထားကြရမည်ဖြစ်သည်။ သစ်ပင်များ၏ အစာချက်လုပ်မှု ဖြစ်စဉ်တွင် သစ်ရွက်များက လေထုထဲရှိ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပြီး အောက်ဆီဂျင်ကို ပြန်လည်ထုတ်လွှတ်ပေးသည်။ ကမ္ဘာ့ လေထုထဲရှိ အောက်ဆီဂျင်ဓာတ်ငွေ့စုစုပေါင်း၏ ၂ဝ ရာခိုင်နှုန်းကို သစ်ပင်များက ထုတ်လွှတ်ပေးနေခြင်းဖြစ်သည်။ တစ်ဖန် ရေညှိ ရေမှော်ပင်ငယ်များနှင့် ရေအောက်တွင် ပေါက်ရောက်ရှင်သန်သော အပင်များကလည်း ကမ္ဘာ့အောက်ဆီဂျင်ဓာတ်ငွေ့စုစုပေါင်း၏ ၇ဝ ရာခိုင်နှုန်းကို ထုတ်လွှတ်ပေးနေခြင်းဖြစ်သည်။
လူ့ပယောဂကြောင့် သစ်ပင်သစ်တောများ ပျက်စီးပြုန်းတီးခြင်း ကြောင့် ကမ္ဘာ့လေထု၌ ကာဗွန်ဒိုင်အောက်ဆိုက်များ တိုးပွားလာပြီး ကမ္ဘာကြီးပူနွေးလာသည်နှင့်အမျှ သမုဒ္ဒရာရေထုလည်း ပူနွေးလာ ကာ ရေအောက်ဂေဟစနစ်များကိုပါ ပျက်စီးစေသည်။ သစ်ပင်၊ သစ်တောများ ပျက်စီးပြုန်းတီးနေခြင်းကြောင့် မြေဆီလွှာတိုက်စား မှုများ ဖြစ်ပေါ်စေကာ မိုးရွာသွန်းသည့်အခါတွင်လည်း ရေကို ထိန်းသိမ်းထားနိုင်ခြင်းမရှိဘဲ  ရုတ်တရက်ရေကြီးခြင်း (Flash Flood) ကဲ့သို့ သော သဘာဝဘေးအန္တရာယ်များကို ဖြစ်ပေါ်စေသည်။
ယခုအခါ  ကမ္ဘာ့သစ်တောပြုန်းတီးမှု၏  ထက်ဝက်ခန့်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ဖြစ်ပေါ်နေသည်ဟု သုတေသီတို့က ဆိုကြသည်။ မိမိတို့နိုင်ငံတွင်လည်း ရာသီဥတုဖောက်ပြန်မှုတို့ လျော့နည်းစေရေး၊ သဘာဝဘေးအန္တရာယ်များမှ ရှောင်လွှဲနိုင်ရေး၊ ဂေဟစနစ်ပျက်သုဉ်းမှု တို့ကို ကာကွယ်နိုင်ရေး၊ ရေအရင်းအမြစ်များ မဆုံးရှုံးစေရေးတို့ အတွက် အဓိကကျသည့် သစ်ပင်၊ သစ်တောများ ပြန်လည်ဖုံးလွှမ်းလာ စေရန် သစ်ပင်များကို ပြုစုပျိုးထောင်သွားကြရန်မှာ လတ်တလော လိုအပ်ချက်တစ်ရပ်ဖြစ်လာပြီဟု နှိုးဆော်အပ်ပါကြောင်း။   ။

No comments:

Post a Comment