Thursday, April 28, 2016

လာမည့် တစ်လ၊နှစ်လအတွင်း နှစ်ဆယ့်တစ်ရာစု ပင်လုံညီလာခံကိုစတင်နိုင်ရေး ၀ိုင်းဝန်းကူညီဆောင်ရွက်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းပြောကြား


Myanmaalinn's photo.
 နေပြည်တော် ဧပြီ ၂၇

လာမည့် တစ်လ၊ နှစ်လအတွင်း နှစ်ဆယ့်တစ်ရာစု ပင်လုံ ညီလာခံကို စတင်နိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ကြပါ ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အဖွဲ့ဝင်များနှင့် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ် အစည်း အဝေးခန်းမ၌ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးစဉ် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဝင်များက တစ်ဦးချင်း မိတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က အဖွင့် အမှာစကားပြောကြားရာတွင် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းများမှတစ်ဆင့် ထာဝရငြိမ်းချမ်းရေးရရှိအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းများ တည်တံ့ခိုင်မြဲမှလည်း ထာဝရငြိမ်းချမ်းရေး လုပ်ငန်းများကို လုပ်နိုင်မည်ဖြစ်ကြောင်း၊ JMC-U ထဲတွင် ပါဝင်ကြသူများသည် ကမ္ဘာတစ်ဝန်းမှ လုပ်ဆောင်နေ သည့် အပစ်အခတ်ရပ်စဲရေးအစီအစဉ်များနှင့် ပတ်သက် ပြီး လေ့လာထားသည့် ပုဂ္ဂိုလ်များဖြစ်၍ အပစ်အခတ်ရပ်စဲ ရေးများတွင် သဘောတူညီမှုထက် တည်တံ့ခိုင်မြဲရေးက ပိုမိုခက်ခဲသည်ကို သိရှိကြမည်ဖြစ်ပါကြောင်း၊ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် အများစု၏ ကိုးဆယ်ရာခိုင်နှုန်း မှာ လပိုင်းအတွင်း
ပြန်ပျက်သွားသည်ကို မိမိအနေဖြင့် ကြားသိရပါကြောင်း၊ ဤသည်မှာ JMC -U က မည်မျှအရေးကြီးသည်ကို ပြသ သည့် သက်သေဖြစ်ပါကြောင်း။
အပစ်အခတ်ရပ်စဲရေးများ တည်တံ့ခိုင်မြဲအောင်လုပ် ရန်သည် အလွန်အရေးကြီးပါကြောင်း၊ လက်မှတ်ထိုးရေး သည် ပထမခြေလှမ်းပင်ဖြစ်ပါကြောင်း၊ ပစ်ခတ်ရပ်စဲ ရေးများတည်တံ့ခိုင်မြဲခြင်းမရှိပါက ငြိမ်းချမ်းရေးအတွက် ဆက်လက်သွား၍ မရနိုင်ပါကြောင်း၊ ထို့ကြောင့် JMC -U အနေဖြင့် လုပ်ငန်းစဉ်များကို အဆင်ပြေချောမွေ့စွာ စတင်လုပ်ဆောင်နေသည်ဟု နားလည်ထားပါကြောင်း၊ အစကောင်းမှ အနှောင်းသေချာဆိုသည့်အတိုင်း ကောင်းမွန်သောလက္ခဏာများပင်ဖြစ်ပါကြောင်း၊ JMC -U ထဲတွင် အစိုးရ၊ တိုင်းရင်းသားများနှင့် အရပ်ဘက်အပါ အဝင် အဘက်ဘက်မှပါဝင်ကြသည့်အတွက် ပါဝင်သင့် ပါဝင်ထိုက်သူများ စုံစုံလင်လင်ပါဝင်သည်ဟု မိမိအနေဖြင့် ယူဆပါကြောင်း၊ ပါသင့်ပါထိုက်သူများသည် ယခုခေတ် စကားအရ Stakeholder ဆိုသည့် စကားက တွင်ကျယ် နေပါကြောင်း၊Stakeholder ကို တိတိကျကျ တွေးခေါ် မည်ဆိုပါက ကိစ္စတစ်ရပ်ရပ်တွင် တစ်နည်းမဟုတ် တစ်နည်း ပါဝင်ပတ်သက်နေသူဟု အဓိပ္ပာယ်ဖွင့်ဆိုရမည် ဖြစ်ပါကြောင်း။
အမှန်တကယ် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တစ်နည်း မဟုတ် တစ်နည်း ပါဝင်ပတ်သက်နေသူများမှာ နိုင်ငံသူ၊ နိုင်ငံသားအားလုံးပင် ဖြစ်ပါကြောင်း၊ နိုင်ငံသူ၊ နိုင်ငံသား သန်း ၅ဝ ကျော်ပါဝင်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်လုပ်ကိုင်မည်ဆိုသည်မှာ လက်တွေ့မကျပါကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် မည်သူများပါဝင်သင့်သည်ကို အများကြီးစဉ်းစားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် JMC ထဲတွင် ပါဝင်သင့်ပါဝင်ထိုက်သူများ မည်သူများ ပါဝင်ရ မည်ကို စပြီးစဉ်းစား၍ ယခုလုပ်ငန်းစဉ်မှ သင်ခန်းစာ ယူနိုင်မည်ဟု မိမိထင်မြင်ပါကြောင်း။
ဆက်လုပ်ရမည့်လုပ်ငန်းမှာ ငြိမ်းချမ်းရေးညီလာခံ ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးညီလာခံကို ဆက်လက် လုပ်ဆောင်ရာ၌ ယခင်သဘောတူညီထားပြီးဖြစ်သည့် အပြင် လိုအပ်ပါက ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ JMC-U ၏ အတွေ့အကြုံများသည် ယခုကဲ့သို့ ဆောင်ရွက်ရာ၌ အထောက်အကူပြုမည်ဖြစ်ပါ ကြောင်း၊ JMC-U ထဲမှာ အဘက်ဘက်က ပါသင့် ပါဝင် ထိုက်သူများကို ကိုယ်စားပြုသူများဖြင့် ဆောင်ရွက်သည့် အတွက် အားနည်းချက်၊ အားသာချက်များကိုသိရှိပြီး မည်သို့ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားမည်ကို ကြိုတင် စဉ်းစားထားကြမည်ဟု ယုံကြည်ပါကြောင်း၊ ထိုသို့ စဉ်းစား ထားသည်များကိုအခြေခံပြီး ငြိမ်းချမ်းရေးညီလာခံကို မည်သို့ကျင်းပသွားမည်ဆိုသည့် အကြံဥာဏ်များရရှိမည်ဟု ယုံကြည်ပါကြောင်း၊ JMC-U နှင့်တွေ့ဆုံခြင်းသည် မိမိ အနေဖြင့် အတွေ့အကြုံများကို နားထောင်ရန်အတွက် ဖြစ်ပါကြောင်း။
JMC-U ၏ တိုက်ရိုက်ခန့်အပ်သည့်တာဝန်သည် အပစ်အခတ်ရပ်စဲရေး တည်မြဲဖို့ဖြစ်ပါကြောင်း၊ အပစ် အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ မည်သည့်ဘက်မှ မကျေ နပ်စရာမရှိရန်၊ အမှန်အမှား၊ တရားမျှတမှု ရှိ မရှိ တို့ကို JMC-U က အဓိကထိန်းသိမ်း ဆောင်ရွက်သွားရန် ဖြစ်ပါ ကြောင်း၊ သို့ရာတွင် အပစ်အခတ်ရပ်စဲရေးမကျိုးပျက် အောင်၊ မကျိုးဖောက်အောင်ဆောင်ရွက်ခြင်းသည် ငြိမ်းချမ်းရေးညီလာခံအောင်မြင်ရေးအတွက် ဖြစ်ပါကြောင်း၊ JMC-U ၏ အကြံဉာဏ်များထဲတွင် ငြိမ်းချမ်းရေးညီလာခံ အောင်မြင်ဖို့အတွက် မည်သို့ဆောင်ရွက်သွားသင့်သည်ကို မိမိတို့အနေဖြင့်သိချင်ပါကြောင်း၊ အပစ်အခတ်ရပ်စဲရေး မကျိုးဖောက်ရန်အတွက် မည်သို့ဆောင်ရွက်ရမည်မှာ JMC-U ၏ တိုက်ရိုက်ချက်ချင်း လက်ငင်းတာဝန်ဖြစ်ပါ ကြောင်း၊ ရေရှည်ဆောင်ရွက်ရမည့် အရေးကြီးတာဝန်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် ငြိမ်းချမ်းရေးညီလာခံများကို မည်သို့အောင်မြင်အောင် ဆောင်ရွက်ရမည်ဆိုသည့် အကြံ ဉာဏ်များကို လိုချင်ပါကြောင်း၊ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်နှင့်စပ်လျဉ်း၍ အားလုံးပါဝင်စေချင် ပါကြောင်း၊ အားလုံးပါဝင်အောင် မည်သို့ဆောင်ရွက် ရမည်ကို မိမိတို့အနေဖြင့် ဝိုင်းဝန်းစဉ်းစား အဖြေရှာသွားရ မည်ဖြစ်ပါကြောင်း။
တကယ်စေတနာမှန်ပါက မအောင်မြင်စရာမရှိပါ ကြောင်း၊ အလုပ်တစ်ခုကို လုပ်သည့်နေရာတွင် အထူး သဖြင့် အများနှင့်စုပေါင်းပြီးလုပ်သည့်နေရာတွင် အပေး အယူဆိုရာ၌ အဓိကအားဖြင့် ကိုယ်ဘာပေးမည်ဆိုသည်ကို တစ်ယောက်ချင်း၊ တစ်ယောက်ချင်းက စဉ်းစားပေးပါက အများကြီးအောင်မြင်မည်ဟု မိမိအနေဖြင့် ထင်မြင်ပါ ကြောင်း၊ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းက ငါဘာ ယူလို့ရမလဲဆိုသည့် စိတ်ဓာတ်ဖြင့်လာပါက ပိုမိုခက်ခဲ လိမ့်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အပေးအယူဟုဆိုသည့် နေရာတွင် နိုင်ငံအပေါ်ထားသည့်စေတနာ၊ မိမိဂုဏ်သိက္ခာ အရ ကိုယ်ဘာပေးနိုင်သည်ကို ဦးစားပေး၍ ဆွေးနွေး စဉ်းစားစေချင်ပါကြောင်း၊ ကိုယ်ဘာလိုချင်လဲ ကြည့်မည် ဆိုပါက တိုင်းရင်းသားမျိုးစုံဖြင့် တည်ဆောက်ထားသည့် ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့၊ ညီညွတ်ဖို့လွယ်မည် မဟုတ် ပါကြောင်း။
ယခုအစည်းအဝေးကစပြီး ငြိမ်းချမ်းရေးအတွက် ဦးတည်ပြီးဆောင်ရွက်သည့်အခါတွင် တစ်ယောက်စီတိုင်း က ငါတို့ဘာပေးနိုင်သလဲဆိုသည့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှု၊ ကိုယ်ဘာပေးနိုင် လဲဆိုသည်ကို အဓိကစဉ်းစား၍ ဝိုင်းဝန်းစဉ်းစား ကူညီစေ ချင်ပါကြောင်း၊ ယခုလိုစိတ်ဓာတ်ဖြင့် ဆောင်ရွက်သွားပါက အပစ်အခတ်ရပ်စဲရေးကိုလည်း ခိုင်မာအောင် လုပ်ဆောင် နိုင်မည့်အပြင် မပါဝင်သေးသည့်အဖွဲ့များကို ပါဝင်လာရန် နှင့် ပါဝင်နိုင်အောင် အခြေအနေတစ်ခုကို ဖန်တီးပေးနိုင် မည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်နေစဉ်အတွင်းမှာ ငြိမ်းချမ်းရေးညီလာခံကို စတင်ကျင်းပသွားမည်ဖြစ် ပါကြောင်း။
ငြိမ်းချမ်းရေးညီလာခံနှင့် အပစ်အခတ်ရပ်စဲရေးတွင် မပါဝင်သေးသည့် အဖွဲ့များပါဝင်ရေးသည် တစ်ပြိုင်တည်း ဆောင်ရွက်ရမည့် မျဉ်းပြိုင်များဖြစ်ပါကြောင်း၊ တစ်ခုပြီးမှ တစ်ခုလုပ်၍မရပါကြောင်း၊ ထို့ကြောင့် ယခုမှစ၍ အပစ် အခတ်ရပ်စဲရေးခိုင်မြဲအောင်လုပ်ခြင်းဖြင့် အပစ်အခတ် ရပ်စဲရေး၏အကျိုးဆက်ကို ပြည်သူများက မည်သို့ခံစားရ သည်ကို ရှင်းရှင်းလင်းလင်း မြင်သာထင်သာပြနိုင်ခြင်းဖြင့် အပစ်အခတ်ရပ်စဲရေးတွင် မပါဝင်သေးသည့် အခြားအစု အဖွဲ့များပါဝင်လာအောင် မိမိတို့အနေဖြင့် ဆွဲဆောင်နိုင် မည့်အပြင် တစ်ချိန်တည်းတွင် ထာဝရငြိမ်းချမ်းရေးရမည့် ညီလာခံများကျင်းပနိုင်ရန် အစပျိုးနိုင်မည်ဖြစ်ပါကြောင်း။
ယခု ၂၁ ရာစု ပင်လုံညီလာခံကျင်းပနိုင်ရန်အတွက် မိမိအနေဖြင့် အချိန်ဆွဲဆောင်ရွက်သွားမည်မဟုတ်ပါ ကြောင်း၊ တစ်လ၊ နှစ်လအတွင်းမှာ ယခုအစီအစဉ်များကို ပြီးမြောက်၍ ငြိမ်းချမ်းရေးညီလာခံကို စတင်ဆောင်ရွက် သွားချင်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးကို နိစ္စဓူဝလိုအပ်နေပါကြောင်း၊ နေ့စဉ်ငြိမ်းချမ်းရေး မရသည့် အတွက် ‘ဒုက္ခခံနေရသည့် မိမိတို့နိုင်ငံသူ၊ နိုင်ငံသားများ အတွက် တစ်ရက်စီ၏ ၂၄ နာရီသည် နည်းသည့်အချိန် မဟုတ်ပါကြောင်း၊ မခံစားရသူများအတွက် ၂၄ နာရီသည် ဘာမှမဟုတ်ပါကြောင်း၊ မိမိတို့ နိုင်ငံသူ၊ နိုင်ငံသားများ အားလုံး အေးအေးချမ်းချမ်းဖြင့်နေထိုင်နိုင်ရန် ငြိမ်းချမ်း ရေးညီလာခံကိုအမြန်ဆုံးအောင်အောင်မြင်မြင် ကျင်းပ နိုင်ရေးအတွက် ဝိုင်းဝန်းစဉ်းစား၍ လက်ရှိ JMC-U ၏ လုပ်ငန်းများနှင့်စပ်လျဉ်း၍ သင်ယူစရာရှိသည်များကို မိမိတို့ကိုသင်ကြားသွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ဆက်ပြီးအောင်မြင်အောင် မည်သို့ဆောင်ရွက်ရမည်၊ မပါဝင်သေးသည့်အဖွဲ့များ အပစ်အခတ်ရပ်စဲရေး စာချုပ်ထဲမှာ ပါဝင်လက်မှတ်ရေးထိုးနိုင်အောင် မည်သို့ ဆောင်ရွက်သွားမည်ကို ဝိုင်းဝန်းအကြံပြုစေလိုပါ ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က JMC အနေဖြင့် NCA ကို အကောင်အထည်ဖော်ရာမှာ စစ်ဘက်ဆိုင်ရာသဘောတူ ညီချက်များကို ထိန်းသိမ်းလိုက်နာအကောင်အထည်ဖော် ဆောင်သွားရန်အတွက် တာဝန်ရှိကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA ပါ စစ်ဘက်ဆိုင်ရာအချက် ၅၅ ချက်ကို လက်မှတ် ရေးထိုးသူများအားလုံး လိုက်နာဆောင်ရွက်သွားစေ ရန် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ JMC ကို ပြည်ထောင်စု၊ ပြည်နယ်နှင့် ဒေသဆိုင်ရာအဆင့်များဆိုပြီး အဆင့်ဆင့်ဖွဲ့စည်းထားကြောင်း၊ အဆင့်တိုင်းတွင် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်နှင့် အရပ်သားကိုယ်စားလှယ် များဖြင့် ပါဝင်ဖွဲ့စည်းထားကြောင်း၊ JMC ကော်မတီ အဆင့်ဆင့်ကိုအထောက်အကူပြုရေးအတွက် အဆင့်တိုင်း တွင်လည်းရုံးအဖွဲ့များကို ဖွဲ့စည်းထားရှိမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် JMC-U အဖွဲ့ဝင်များကို ၂၆ ဦးဖြင့် ဖွဲ့စည်းထားကြောင်း၊ အခြေအနေအချိန်အခါ လိုအပ်ချက် များအရ နိုင်ငံတော်၏အတိုင်ပင်ခံ၏လမ်းညွှန်ချက်နှင့် JMC-U ၏ အစိုးရကိုယ်စားလှယ်များကို ပြင်ဆင်ဖွဲ့စည်း စရာရှိသည်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း။
JMC ၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်မှု ရလဒ်များအနေဖြင့် NCA လက်မှတ်ရေးထိုးပြီး ခြောက်လ အတွင်း အသေးစားထိတွေ့မှု သုံးကြိမ်သာရှိခဲ့ကြောင်း၊ အခြားနိုင်ငံများမှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဖြစ်စဉ် များနှင့်နှိုင်းယှဉ်ပါက NCA လက်မှတ်ရေးထိုးသူများ အကြားထိတွေ့တိုက်ပွဲများမရှိသလောက် လျှော့ချနိုင်ခဲ့ ပါကြောင်း၊ သို့သော် JMC ၏ လက်ရှိလုပ်ငန်းစဉ်များကို ထိရောက်စေရန်အတွက် စနစ်တကျလုပ်ဆောင်နိုင်သော အခြေအနေသို့မရောက်ရှိသေးကြောင်း၊ နှစ်ဖက် ခေါင်းဆောင်များ၏ နားလည်မှုနှင့်ဆက်ဆံရေးကို အခြေခံပြီး လုပ်ငန်းအကောင်အထည်ဖော်နေရခြင်း ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လူ အပြောင်းအလဲလုပ်သည့်အခါ၊ မြေပြင်တပ်များအပြောင်း အလဲလုပ်သည့်အခါများတွင် လက်ရှိတည်ငြိမ်မှုကို ဆက်ထိန်းနိုင်ရန် အခက်အခဲရှိကြောင်း၊ ထို့ကြောင့် JMC လုပ်ငန်းစဉ်များကို စနစ်တကျအကောင်အထည်ဖော်နိုင် သည့်ယန္တရားတစ်ခုဖြစ်လာစေရန် အချိန်ယူတည်ဆောက် ရဦးမည်ဖြစ်ကြောင်း၊ ဤယန္တရားတစ်ခုဖြစ်လာရန် အဓိကကျသည့် အလုပ်အဖွဲ့ (ရုံးအဖွဲ့) အဆင့်ဆင့်ကို ဖွဲ့စည်းအကောင်အထည်ဖော်သွားရမည်ဖြစ်ကြောင်း။
အလုပ်အဖွဲ့ အဆင့်ဆင့်ကိုဖွဲ့စည်းလည်ပတ်နိုင်ရန် လိုအပ်သည့်ငွေကြေးပမာဏကို စိစစ်တွက်ချက်ထားပြီး နိုင်ငံတကာမှ ကျွမ်းကျင်သူများနှင့်လည်း ညှိနှိုင်းဆွေးနွေး ထားပြီးဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်များအတွက် သုံးနှစ်စာဘတ်ဂျက်ကို အမေရိကန်ဒေါ်လာ ၂၅ သန်းခန့် ခန့်မှန်းတွက်ချက်ထားကြောင်း၊ နိုင်ငံတကာတွင်ပြုလုပ် ခဲ့ကြသည့် အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ကြီးကြပ် သည့်လုပ်ငန်းများနှင့် ယှဉ်ကြည့်လိုက်လျှင် မိမိတို့၏ ခန့်မှန်းကုန်ကျစရိတ်မှာ ငါးဆကျော် သက်သာပါကြောင်း၊ ယင်းဘတ်ဂျက်ကို ကမ္ဘာ့ကုလသမဂ္ဂမှ ကမကထပြုပြီး အထောက်အပံ့ပြုရန် ညှိနှိုင်းဆွေးနွေးထားကြောင်း၊ UN Peace Building Fund မှ အထောက်အပံ့ပြုရန် လျာထား သည်ဟုသိရှိရကြောင်း၊JMC လုပ်ငန်းများနှင့် အလုပ် အဖွဲ့များ စတင်လည်ပတ်နိုင်ရေးအတွက် လက်ရှိအစိုးရ အသစ်မှ JMC တည်ရှိမှုကိုအသိအမှတ်ပြုပေးပြီးမှသာ နိုင်ငံတကာအလှူရှင်များက အထောက်အပံ့များကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊NCA လက်မှတ်ရေးထိုးထား သူများအကြား ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲပြီး နိုင်ငံရေး ဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ JMC အနေဖြင့် အားသွန်ခွန်စိုက်လုပ်ဆောင် သွားမည်ဟု သဘောထားပြုအပ်ပါကြောင်း ပြောကြား သည်။
ဆက်လက်၍ ပူးတွဲစောင့်ကြည့်ရေးကော်မတီဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးနှင့် ဦးပြည့်စုံတို့က ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားကြသည်။
ယင်းနောက် ပူးတွဲစောင့်ကြည့်ရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာရွှေခါးက ကော်မတီ စတင် ဖွဲ့စည်းချိန်မှစ၍ ယနေ့အထိ လုပ်ငန်းဆောင်ရွက်နေမှု များကို အကျယ်တဝင့် ရှင်းလင်းတင်ပြသည်။
အလားတူ ပူးတွဲစောင့်ကြည့်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာမင်းဇော်ဦးက JMC အား အစိုးရအဖွဲ့အစည်း တစ်ရပ်အဖြစ်ထားရှိရေး၊ အစိုးရမဟုတ်သောအဖွဲ့အစည်း တစ်ရပ်အဖြစ်ထားရှိရေးကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဒေါက်တာတင်မျိုးဝင်းက ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက် နိုင်ရန်အတွက် ဖွဲ့စည်းမှုများညှိနှိုင်းနိုင်ရေး ရှင်းလင်း တင်ပြသည်။
ထို့နောက် ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ အရပ်သားကိုယ်စားလှယ် ဦးကိုကိုကြီးက အရပ်ဘက် ကိုယ်စားလှယ်များပါဝင်နိုင်ရေး ရှင်းလင်းတင်ပြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ရှင်းလင်းတင်ပြချက်များအပေါ် ပြန်လည် ဆွေးနွေးပြောကြားပြီး ပြည်တွင်းငြိမ်းချမ်းရေးသာမက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိုပါ ခြုံငုံနိုင်သည့် ဖွဲ့စည်းမှုတစ်ရပ်ဖွဲ့စည်းဆောင်ရွက်နိုင်ရေး၊ ပါဝင်သင့် ပါဝင်ထိုက်သူ အနည်းဆုံးဖြင့် ဆောင်ရွက်နိုင်ရေး၊ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးခိုင်မြဲစေရန်၊ လက်မှတ်ရေးထိုးမှု မရှိ သေးသည့် ကျန်အဖွဲ့များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်စေရန်နှင့် ငြိမ်းချမ်းရေးညီလာခံ အမြန်ဆုံး ခေါ်ယူကျင်းပနိုင်ရန် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း စဉ်များအတွက် ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို အမြန်ဆုံး ကျင်းပသွားမည်ဖြစ်ကြောင်း၊ တိကျမှန်ကန်သော အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒလုပ်ငန်းစဉ်တစ်ရပ် ခိုင်ခိုင်မာမာချမှတ်နိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဥက္ကဋ္ဌ ‘ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (Joint Cease-fire Monitoring Committee - JMC) ၏ ပဉ္စမအကြိမ် အစည်းအဝေးကို နေပြည်တော်ရှိံသမငဖသညူေုန ဠငနတ ဟိုတယ်၌ ဧပြီ ၂၆ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့သည်။
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီ (Joint Cease fire Monitoring Committee -JMC) သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး နှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ မူဝါဒချမှတ်သူများအား အပစ်အခတ်ရပ်စဲရေးအတွက် မူဝါဒဆိုင်ရာ ကူညီပံ့ပိုး ပေးရန်၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထိန်းသိမ်း စောင့်ကြည့်ပေးသည့် ယန္တရားတစ်ခုအကောင်အထည်ဖော် နိုင်ရန်၊ ပစ်ခတ်တိုက်ခိုက်မှုများကို တည်ငြိမ်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံရေးဆွေးနွေးပွဲများကို အထောက်အကူဖြစ်စေရန်၊ နှစ်ဖက်ယုံကြည်မှုတည် ဆောက်နိုင်စေရန်နှင့် ပဋိပက္ခဒေသများတွင် ပြည်သူ လူထုကို အကာအကွယ်ပေးနိုင်ရန်ဆိုသည့် ရည်မှန်းချက် များကိုအခြေခံ၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။
အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ တာဝန်ယူဆောင်ရွက်မည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ကော်မတီNational Reconciliation and Peace Centre (NRPC) ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေး တစ်ရပ်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်၍ လာမည့်မေလဒုတိယ ပတ်အတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။

(သတင်းစဉ်)

No comments:

Post a Comment