Thursday, April 28, 2016

သဘာဝဘေးအန္တရာယ်များသုတေသနပြုနိုင်မည့် သုတေသနစင်တာ တည်ထောင်ပေးရန်လိုအပ်

အောင်ရဲသွင်

မန္တလေး ဧပြီ ၂၇

သဘာဝဘေးအန္တရာယ်များကို စောင့်ကြည့်လေ့လာ သုတေသနပြုနိုင်မည့် သုတေသနစင်တာတစ်ခု နိုင်ငံ တော်မှ ထောက်ပံ့၍ တည်ထောင်ပေးရန်လိုအပ်ကြောင်း သိရသည်။
လက်ရှိနိုင်ငံတွင်းဖြစ်ပေါ်နေသည့် သဘာဝဘေး အန္တရာယ်များကို ပညာရှင်များက ၄င်းတို့၏အဖွဲ့အစည်း များအလိုက် စေတနာ့ဝန်ထမ်းများအဖြစ် လိုက်လံသုတေ သနပြုနေကြပြီး အဆိုပါပညာရှင်များအတွက် တစ်နိုင်ငံ လုံးကိုယ်စားပြု သဘာဝဘေးအန္တရာယ် သုတေသန စင်တာတစ်ခု နိုင်ငံတော်မှ တည်ဆောက်ပေးပါက သဘာဝဘေးအန္တရာယ်များကို ပိုမိုထိရောက်စွာ သုတေသနပြုနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံငလျင် ကော်မတီမှ အတွင်းရေးမှူး ဒေါက်တာမျိုးသန့်က ပြောကြားသည်။

''မြန်မာနိုင်ငံငလျင်ကော်မတီဆိုတာကNGO အဖွဲ့ အစည်းတစ်ခုပါ။ ဒီကော်မတီမှာပါတဲ့ ဆရာတွေက သူတို့ ရဲ့ ကိုယ်ပိုင်အချိန်တွေထဲက သဘာဝဘေးအန္တရာယ်တွေ ကို သုတေသနပြုနေကြတာပေါ့။ အဲ့ဒါကြောင့် ထိရောက် မှုနည်းတယ်။ ဒါကြောင့် အစိုးရကထောက်ပံ့ပေးတဲ့ သုတေသနစင်တာ တစ်ခုတော့လိုတယ်။ ဒါဆိုရင် ကျွန်တော်တို့က ငလျင်တင်မဟုတ်ဘဲ သဘာဝဘေး အန္တရာယ်တွေကို ပညာရှင်တွေပေါင်းပြီး လုပ်နိုင်သွားမယ် ဆိုရင် သဘာဝဘေးအန္တရာယ်တွေကို ပိုပြီးလျှော့ချနိုင် မှာပါ''ဟု ၄င်းကဆိုသည်။

လက်ရှိတွင် နှစ်ပေါင်း ၁၇ဝ ကျော် ငြိမ်သက်နေသည့် စစ်ကိုင်းပြတ်ရွေ့၊ အင်းဝငလျင်အပိုင်းမှာ ပြန်လည် လှုပ်ခတ်ရန် နီးကပ်လာသည့် အခြေအနေကြောင့် အစိုးရနှင့် ပြည်သူလူထုပူးပေါင်း၍ ငလျင်အန္တရာယ်
ကြိုတင်ကာကွယ် သည့်လုပ်ငန်းစဉ်များ လုပ်ဆောင် ထားသင့်ကြောင်း ၄င်းကဆက်လက် ပြောကြားသည်။
''၁၈၃၉ ခုနှစ် စစ်ကိုင်းပြတ်ရွေ့ရဲ့ အင်းဝငလျင်အပိုင်းက မလှုပ်ဘဲ ငြိမ်နေတာ နှစ်ပေါင်း ၁၇ဝ ကျော် ၂ဝဝ နီးပါး ရောက်နေပြီ။ ပြန်လှုပ် မယ်ဆို လှုပ်နိုင်ခြေများနေပြီး အရင် လှုပ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၃ အထက်ပဲ လှုပ်မှာပါ။ ဒါကြောင့် မြို့တော်စည်ပင်သာယာ၊ အုပ်ချုပ်ရေး အဖွဲ့တွေ၊ အင်ဂျင်နီယာအသင်းတွေနဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အဆောက်အအုံတွေရဲ့ ခံနိုင်ရည်ကို ပြန်လည်ဆန်းစစ်ပြီး မွမ်းမံဖို့ လိုအပ်နေပါပြီ။ 

အထူးသဖြင့် ကျောင်း၊ ဆေးရုံ၊ဈေးတွေရဲ့အဆောက် အအုံ ခံနိုင်ရည်တွေကို ပြန်လည် မွမ်းမံပြီး ဆုံးရှုံးမှုကိုလျှော့ချနိုင်မှာ ပါ '' ဟု ၄င်းက သုံးသပ်ပြောကြားသည်။
ထိုသို့ လှုပ်ခတ်ပါက ဧရာဝတီ မြစ်ကြောင်းပြောင်းလဲမှုများ ရှိနိုင်ပြီး မြစ်ကမ်းပါးများ ပြိုကျခြင်း၊ မြစ် ကြောင်း ပြောင်းပြန်စီးဆင်းခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် နယ်ပယ် ပေါင်းစုံမှ ပညာရှင်များပါဝင်သည့် သုတေသနစင်တာတစ်ခု ပေါ်ပေါက် လာရန် မျှော်လင့်လျက်ရှိသည်။

No comments:

Post a Comment