Friday, April 1, 2016

အစိုးရသစ်က ဘာတွေကို ဦးစားပေးဆောင်ရွက်စေချင်သလဲ



The Mirror Daily's photo.
တွေ့ဆုံမေးမြန်း - ခင်မောင်ထွေး၊ ဝင်းဝင်းမော်၊ ဇော်ကြီး(ပဏီတ)
နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူများက ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့တွင် ကတိသစ္စာပြုခြင်း၊ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြားခြင်းနှင့် နိုင်ငံတော်သမ္မတအိမ်တော်၌ အခမ်းအနားဖြင့် တာဝန်လွှဲပြောင်းခြင်းတို့ကို မတ် ၃ဝ ရက်တွင် ကျင်းပခဲ့ခြင်းတို့နှင့်အတူ မြန်မာနိုင်ငံ၏ အနာဂတ်ရှေ့ခရီးကို အစိုးရသစ်က ပဲ့ကိုင်မောင်းနှင်မှုများဖြင့် စတင်လိုက်ပြီဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော် သည် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြားရာ၌ ''ယခုပေါ်ပေါက် လာတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဟာ ပြည်သူလူထုရဲ့ မျှော်လင့်ချက်များ၊ ဆန္ဒများ ပြည့်ဝစေရန် မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အလေးအနက်ပြောကြားလို ခြင်းဖြစ်ပါတယ်''ဟု ထည့်သွင်းပြော ကြားခဲ့သည်။

သို့ဖြင့် ဒီမိုကရေစီစံနှုန်းနှင့်အညီ ယနေ့ပေါ်ထွန်းလာသည့် အစိုးရအသစ်အပေါ် ပြည်သူအချို့၏ မျှော်လင့်ချက်နှင့် ၎င်းတို့အတွက် ဦးစားပေး ဆောင်ရွက်ပေးစေလို သည့် ဆန္ဒသဘောထားများကို ကောက်နုတ်စုစည်းတင်ပြလိုက်ရပါသည်-

ကိုမျိုးခိုင်(အနှေးယာဉ်မောင်း)
(ဂ)ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်


ကုန်ဈေးနှုန်းက အဓိကပါပဲ။ ကုန်ဈေးနှုန်းကို ထိန်းချုပ်နိုင်ရင် အားလုံးပြေလည်သွားမှာပါ။ ကျွန်တော် ဆိုက်ကားနင်းတဲ့ဝင်ငွေက ကိုယ်ပိုင်ဆိုက်ကားဆိုတော့ အောက်ထစ် တစ်နေ့ တစ်သောင်းလောက်ရ ပါတယ်။ ဒါပေမယ့် စားစရိတ်၊ ကလေးစရိတ်က အနည်းဆုံး တစ်နေ့ ခြောက်ထောင်လောက်ရှိတယ်။ မိသားစုက လေးယောက်ရှိတော့ ဝင်ငွေနဲ့ထွက်ငွေ မျှတစေချင်တယ်။ ဆန်၊ ဆီ၊ ဆား၊ သားငါး စတဲ့အခြေခံ စားကုန်တွေ ဈေးနှုန်းကျဆင်းစေချင်ပါတယ်။

ကိုတင်မျိုးဦး (ဈေးရောင်း)
တိုက်ကြီးမြို့နယ်


အစိုးရသစ်လက်ထက်မှာ ဦးစားပေးဖြစ်စေချင်တာက ကုန်ဈေးနှုန်း ကျဆင်းရေးနဲ့ အလုပ်အကိုင်တွေပို များလာရေးပါပဲ။ စားဝတ်နေရေးမှာ စားရေးကပိုပြီး အဓိကကျပါတယ်။ နေဖို့က စားဖို့လောက် အဓိကမကျ သေးပါဘူး။ အစိုးရသစ်လက်ထက်မှာ ကုန်ဈေးနှုန်းလည်း ကျဆင်းမယ်၊ အလုပ်အကိုင်တွေလည်း ပိုများလာ မယ်ဆိုရင် နေဖို့က တဖြည်းဖြည်း ကြိုးစားလို့ရပါတယ်။

ကိုဝင်းနိုင် (အနှေးယာဉ်မောင်း)
ဝေဘူလရပ်ကွက်၊သင်္ဃန်းကျွန်းမြို့နယ်


စားဝတ်နေရေး ပြေလည်အောင် လုပ်ပေးစေချင်တယ်။ ကုန်ဈေးနှုန်းတွေ ဈေးသက်သာတဲ့ အခါကျတော့ မိသားစုစားဝတ်နေရေးပြေလည် တာပေါ့။ ကျွန်တော်ဆို မိသားစု လေးယောက်ရှိပါတယ်။ ကလေးနှစ် ယောက်က ကျောင်းတက်နေပါပြီ။ ကလေးကျူရှင်ထားဖို့က ပိုအခက်အခဲ ဖြစ်ရတယ်။ ကျွန်တော်ဆိုက်ကား နင်းတဲ့ဝင်ငွေက တစ်နေ့ လေးထောင်၊ ငါးထောင်ရှိပါတယ်။

ကိုဝင်းမောင်မောင်
ကျောက်တန်းမြို့နယ်


တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွေ စနစ်တကျဖြစ်ဖို့၊ ကားလမ်းပိတ်ဆို့မှုတွေကြောင့် ယာဉ်လမ်းကြောင်း တွေကို မြို့တွင်း မြို့ပြင် ပြောင်းလဲဖို့၊ မြို့ပတ်ရထားစနစ် တွင်တွင်ကျယ်ကျယ်ဖြစ်ဖို့၊ မြေသိမ်းယာသိမ်းမှု များကို စနစ်တကျပြန်လည်စီမံခန့်ခွဲဖို့ လိုပါတယ်။

ဦးဖိုးထောင်(အနှေးယာဉ်မောင်း)
(၇ဝ)ရပ်ကွက်၊ ဒဂုံမြို့သစ်တောင်ပိုင်း


အခြေခံလူတန်းစားတွေအတွက် အလုပ်အကိုင်၊ စားသောက်ဖို့ အဆင် ပြေစေတာပဲ လိုချင်တယ်။

ဦးလှမိုး (မထသ ၃၄ အထူး- ယာဉ်မောင်း) ဒဂုံ(တောင်)မြို့နယ်

ကျွန်တော်တို့က ယာဉ်မောင်းဆိုတော့ ယာဉ်လမ်းကြောကျပ်တည်းမှုကို အရင်ဖြေရှင်းပေးစေချင်တယ်။ နောက်တစ်ဆင့်အနေနဲ့ ပြည်သူတွေ နေထိုင်ဖို့ အငှားအိမ်ရာနဲ့ တန်ဖိုးနည်း အိမ်ရာတွေ များများလုပ်ပေး စေချင်တယ်။ ရန်ကုန်မြို့မှာ စားဖို့ထက် နေထိုင်ဖို့ပိုအရေးကြီးတယ်။ ရတဲ့ဝင်ငွေက လကုန်ရင် အိမ်လခ ပေးရတာနဲ့ ဘာမှမကျန်ပါဘူး။ အစိုးရ သစ်အနေနဲ့ ပြည်သူတွေနေဖို့ အဆင်ပြေအောင် အဓိကထားဆောင် ရွက်ပေးစေချင်ပါတယ်။

ဒေါ်ခင်ဇာဝင့် (မှီခို) 
(၁) ရပ်ကွက်၊မရမ်းကုန်းမြို့နယ်


'အစိုးရသစ်လက်ထက်မှာ အဓိကအနေနဲ့ ကုန်ဈေးနှုန်းကျဆင်းလာအောင် ဆောင်ရွက်ပေးစေချင်ပါတယ်။ လက်ရှိကာလထက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုများလာ ဖို့လိုတယ်။ဒါမှလည်းကျွန်မတို့မျှော်လင့်တဲ့ အိုးပိုင်အိမ်ပိုင်ဘဝမျိုးကို ရောက်လာနိုင်မှာပါ။ ကုန်ဈေးနှုန်း မကျရင်တော့ ရှေ့ကဘယ်လောက် ရှာရှာ ငွေပိုဆိုတာ လက်ထဲသိပ် မကျန်နိုင်ပါဘူး။ ပလိုင်းပေါက်နဲ့ဖား ကောက်သလိုအဖြစ်မျိုး ကြုံတွေ့နေ ရဦးမှာပါ။ ကုန်ဈေးနှုန်းကို ထိန်းချုပ် ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကိုမင်းမင်း (သန့်ရှင်းရေးလုပ်သား) 
သီရိမင်္ဂလာဈေး၊ လှိုင်မြို့နယ်


အစိုးရသစ်ကို အများကြီး မျှော်လင့်ထားတယ်။ ရန်ကုန်မြို့နေ ပြည်သူတွေရဲ့ လိုအပ်ချက်ဖြစ်တဲ့ အလုပ်အကိုင် အခွင့်အလမ်းနဲ့ နေထိုင်မှုဘဝတွေကို ထိရောက်တဲ့ အပြောင်းအလဲဖြစ်အောင်ဆောင်ရွက် ပေးစေချင်တယ်။ ကျွန်တော်ဆိုရင် တစ်ရက် ၇ဝဝဝ လောက်ရတယ်။ မိသားစု ငါးယောက်ရှိတော့ မလုံ လောက်ပါဘူး။ လကုန်ရင် အိမ်လခ ပေးရသေးတယ်။ ကလေးကျောင်း စရိတ်လည်းရှိတော့ နေ့စဉ် အလုပ် တွေသာ လုပ်နေရတယ်။ ဘဝက ပြောင်းလဲမသွားသေးပါဘူး။ အစိုးရသစ်လက်ထက်မှာ ဒီလိုဘဝမျိုးက လွတ်ချင်ပါတယ်။ ပြည်သူတွေ အဆင်ပြေပြေ နေထိုင်ဖို့ အိမ်လခ နည်းနည်းနဲ့ အငှားအိမ်ရာတွေ များများချပေးစေချင်ပါတယ်။

ဒေါ်အေးသန်း (ဈေးရောင်း)
(၅)ရပ်ကွက်၊လှိုင်သာယာမြို့နယ်


ရန်ကုန်မြို့မှာ အဓိကအရေးကြီး တာနေဖို့ပါ။ နေစရာရှိရင် အလုပ်မရှားပါဘူး။ ကျွန်မတို့ဆိုရင် ကျူး ကျော်နေရာမှာ မိုးလေမလုံတဲ့တဲကို တစ်လသုံးသောင်းနှုန်းနဲ့ ငှားနေရတယ်။ ရေခဲချောင်းရောင်းတဲ့အလုပ် လုပ်တာဆိုတော့ လက်ထဲမှာ ငွေပို ငွေလျှံမရှိပါဘူး။ ရတဲ့ဝင်ငွေနဲ့ မိသားစုလောက်ငအောင်စားရတယ်။ လကုန်ရင် အိမ်လခပေးဖို့ လတိုင်း ရုန်းကန်နေရတဲ့အတွက် ဘယ်အစိုးရပဲတက်တက် နေစရာ စီစဉ်ပေး စေချင်ပါတယ်။ ကျူးကျော်မှာ လခပေးနေပြီး ဘယ်အချိန် လာဖျက်မလဲဆိုတဲ့ စိုးရိမ်စိတ်မျိုးနဲ့ မနေ ချင်တော့ပါဘူး။ ဒီလခလောက်နဲ့ တခြားရပ်ကွက်ထဲမှာ ငှားရမ်းနေထိုင်ဖို့ဆိုတာလည်း မဖြစ်နိုင်တဲ့ အတွက် အစိုးရအနေနဲ့ ဈေးနှုန်းသက်သာတဲ့ အိမ်ရာတွေ စီစဉ်ပေးပါလို့ ပြောချင်ပါတယ်။

မကြည်ကြည်မော် (ဈေးရောင်း) 
စက်မှုဇုန် (၃)၊လှိုင်သာယာမြို့နယ်


အစိုးရသစ် တက်လာတော့ ကျူးကျော်နေရာတွေကို ဖျက်သိမ်းမှာ ပဲကြောက်တယ်။ ကျွန်မတို့က ဈေး ရောင်းပြီး တစ်နေ့လုပ်မှ တစ်နေ့ စားရတာဆိုတော့ တခြားနေရာမှာ အိမ်လခတွေ အများကြီးပေးပြီး မနေနိုင်ပါဘူး။ စားဖို့ရုန်းကန်နေရ တဲ့ဘဝမှာ အိမ်လခပေးပြီး နေထိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ကျူးကျော်နေ ထိုင်တယ်ဆိုတဲ့အထဲမှာ အခွင့်အရေးရလို့ ကျူးကျော်တဲ့သူတွေရှိသလို တကယ် ဒုက္ခရောက်ပြီး နေစရာမရှိလို့ ကျူးကျော်တဲ့သူတွေပိုများပါတယ်။ အစိုးရသစ်လက်ထက်မှာ မဖြစ်မနေ ကျူးကျော်တွေကို ဖျက်မယ်ဆိုရင် လည်း ပြန်လည်နေထိုင်နိုင်အောင် စီစဉ်ပေးစေချင်ပါတယ်။

မမေစိုး (ကုမ္ပဏီဝန်ထမ်း) 
ကမာရွတ်မြို့နယ်


အစိုးရသစ်လက်ထက်မှာ အထူး သဖြင့် အလုပ်အကိုင်အခွင့်အလမ်း ပေါများလာတာမျိုးကို ဖြစ်စေချင်တယ်။ ပြည်ပနိုင်ငံတွေကိုသွားရောက် အလုပ်လုပ်ကိုင်စရာ မလိုတော့ဘဲ ပြည်တွင်းမှာတင် စားဝတ် နေရေးအဆင်ပြေမယ့် လစာမျိုးနဲ့ အလုပ်လုပ်ချင်တယ်။ နေထိုင်ဖို့ အတွက်ဆိုရင် အရင်လိုအောက်ခြေ လူတန်းစားတွေအထိ မရောက်တဲ့ အိမ်ရာစီမံကိန်းမျိုး မဖြစ်စေချင်ပါဘူး။ထိထိမိမိနဲ့ အခြေခံလူတန်းစားတွေကို အဓိကထားဆောင်ရွက်မယ့် အိမ်ရာ စီမံကိန်းမျိုး များများအကောင် အထည်ဖော်ပေးစေချင်တယ်။

No comments:

Post a Comment