Friday, April 1, 2016

ဗီယက်နမ်၌ ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတစ်ဦးကို လွှတ်တော်ဥက္ကဋ္ဌ တင်မြှောက်

The Mirror Daily's photo.
ဟနွိုင်း မတ် ၃၁
ဗီယက်နမ်နိုင်ငံ၏ လွှတ်တော်ဥက္ကဋ္ဌအဖြစ် အမျိုးသမီးတစ်ဦးဖြစ်သူငုယင်တီကင်ငန်းအား မတ် ၃၁ ရက်တွင် ရွေးချယ်တင်မြှောက်လိုက်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သတင်းထုတ်ပြန်သည်။
ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်နိုင်ရန် မဲခွဲဆုံးဖြတ်ရာတွင် မဲပေးသူ ၄၈၁ ဦးအနက် ၄၇၂ ဦးက ထောက်ခံ မဲပေးကာ ငုယင်တီကင်ငန်းအား ရွေးချယ်တင်မြှောက်ခဲ့ကြသည်။
ကျင်းပနေဆဲ ၁၃ ကြိမ်မြောက် အမျိုးသားလွှတ်တော်၏ ၁၁ ကြိမ်မြောက် အစည်းအဝေးတွင် အမျိုးသမီးတစ်ဦးကိုလွှတ်တော် ဥက္ကဋ္ဌအဖြစ် ပထမဆုံးအကြိမ် ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။
ထိုစဉ်အတွင်း ငုယင်တီကင်ငန်းကိုပင် အမျိုးသားရွေးကောက်ပွဲ ကောင်စီ၏ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ မဲပေးပွဲတွင် မဲပေးသူ ၄၇၇ ဦးအနက် ၄၆၇ ဦးက ထောက်ခံမဲပေးခဲ့ကြသည်။
ငုယင်သည် အမျိုးသားလွှတ်တော်၌ ၂ဝ၁၁ ခုနှစ် ဇူလိုင်လမှစ၍ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ဗီယက်နမ်ကွန်မြူနစ်ပါတီ ၁၂ ကြိမ်မြောက်ဗဟိုကော်မတီနှင့်နိုင်ငံရေးဦးဆောင်အဖွဲ့(ပေါ်လစ်ဗျူရို)တို့က ငုယင်အားတစ်ဦးတည်းသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌလောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့ကြပြီး မဲပေးရွေးချယ်တင်မြှောက်ခဲ့ကြခြင်းဖြစ်သည်။
ဆင်ဟွာ။

No comments:

Post a Comment