Thursday, April 28, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ သံအမတ်ခန့်အပ်လွှာများ ပေးအပ်


Myanmaalinn's photo.
 နေပြည်တော် ဧပြီ ၂၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်များအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်ကြသည့် သံအမတ်ကြီး သုံးဦးသည် ယနေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၌ သံအမတ်ခန့်အပ်လွှာများ ပေးအပ်ကြသည်။
အဆိုပါသံအမတ်ကြီးများမှာ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာမိုဆမ် မိုဟာမက်ဒီ၊ အမေရိကန်သံအမတ်ကြီး မစ္စတာ စကော့အလန် မာရှယ်နှင့် ဆလိုဗက်နိုင်ငံသံအမတ်ကြီး မစ္စတာ စတန်နီစလဗ် အိုပီလာတို့ဖြစ်ပြီး ယနေ့ နံနက်ပိုင်းတွင် သံအမတ်ခန့်အပ်လွှာများအား နိုင်ငံတော်သမ္မတထံသို့ ပေးအပ် ခဲ့ကြခြင်းဖြစ်သည်။
ယနေ့ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် နှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်တို့ တက်ရောက်ကြသည်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်သည့် အစိုးရစတင်တာဝန်ယူစဉ် နိုင်ငံတကာမှ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး ခြောက်ဦးတို့သည် ၎င်းတို့၏ သံအမတ် ခန့်အပ်လွှာများ ပေးအပ်ခဲ့ကြပြီး ဧပြီ ၂၈ ရက်တွင်လည်း သံအမတ်ကြီးနှစ်ဦးက ၎င်းတို့၏ ခန့်အပ်လွှာများကို နိုင်ငံတော်သမ္မတထံ ပေးအပ်မည်ဖြစ်ကြောင်း သိရှိရသည်။

(သတင်းစဉ်)

No comments:

Post a Comment