Friday, April 29, 2016

ရုရှားအာကာသယာဉ်လွှတ်တင်ရေးစခန်းသစ်မှ ဒုံးပျံယာဉ်လွှတ်တင်မှု ပထမဆုံးပြုလုပ်



The Mirror Daily's photo.
မော်စကို ဧပြီ ၂၈

ရုရှားနိုင်ငံ၌ အသစ်တည်ဆောက်ထားသော အာကာသယာဉ်လွှတ်တင်ရေးစခန်းမှ ပထမဆုံးသော ဒုံးပျံယာဉ်ကို ဧပြီ ၂၈ ရက်တွင် လွှတ်တင်လိုက်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သတင်းထုတ်ပြန်သည်။

စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့် ဒုံးပျံယာဉ်လွှတ်တင်မှု တစ်ရက်ကြာ နှောင့်နှေး ကြန့်ကြာခဲ့ရပြီးနောက် ဒုတိယအကြိမ် ကြိုးပမ်းမှုအဖြစ် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။

လူလိုက်ပါခြင်းမရှိသော ဆိုယုဇ်-၂/၁-အေ အမျိုးအစား ဒုံးပျံယာဉ်သည် ဂြိုဟ်တု သုံးလုံးကို တင်ဆောင်လျက် မော်စကို စံတော်ချိန် ၅ နာရီ ဝ၁ မိနစ်တွင် တရုတ်နယ်စပ်ဒေသအနီး အမ်မူးဒေသရှိ ဗော့စတိုချာနီ အာကာသယာဉ်လွှတ်တင်ရေးစခန်းမှ ပျံတက်သွားကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားဌာနက သတင်းထုတ်ပြန်သည်။

ဒုံးပျံယာဉ် စတင်ပျံသန်းချိန် ကိုးမိနစ်ခန့်အကြာတွင် တတိယအဆင့် ပေါက်ကွဲမှုနှင့်အတူ ဂြိုဟ်တုများကို သီးခြားခွဲထုတ်ခဲ့ရာ သတ်မှတ်ထားသော ကမ္ဘာပတ်လမ်းကြောင်းများအတိုင်း ပို့ဆောင်နိုင်ခဲ့ကြောင်း ရုရှားအာကာသအေဂျင်စီတာဝန်ရှိသူများအား ကိုးကားလျက် ရုရှား သတင်းဌာနများက သတင်းထုတ်ပြန်သည်။

ဒုံးပျံယာဉ်လွှတ်တင်မှုကို ကနဦးအနေဖြင့် ဧပြီ ၂၇ ရက်တွင် ပြုလုပ်ရန် စီစဉ်ခဲ့သည်။ အာကာသယာဉ် လွှတ်တင်ရေးစခန်းသစ်မှ ပထမဆုံးအကြိမ် ဒုံးပျံယာဉ်လွှတ်တင်မည့် အစီအစဉ်ဖြစ်သဖြင့် ရုရှားနိုင်ငံ၏အာကာသဆိုင်ရာသမိုင်းဝင်ဖြစ်စဉ်ကို မျက်မြင်စောင့်စား ကြည့်ရှုရန် သမ္မတ ဗလာဒီမာပူတင်သည် ယင်းစခန်းသို့ ရောက်ရှိရန် လေယာဉ်ဖြင့် ခရီးနှင်ခဲ့သည်။ သို့ရာတွင် ဒုံးပျံယာဉ်ကို လွှတ်တင်မည့်အချိန်မတိုင်မီ နှစ်မိနစ်အလိုတွင် လွှတ်တင်မှုကို ပြန်လည်ဖျက်သိမ်းခဲ့ရသည်။

ဧပြီ ၂၈ ရက်တွင် ဒုံးပျံယာဉ်ကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး ဒုံးပျံယာဉ်လွှတ်တင်မှုကို သမ္မတပူတင် လေ့လာစောင့်ကြည့်ခဲ့သည်။
ရိုက်တာ။

No comments:

Post a Comment