အလက်ပို ဧပြီ ၂၈
ဆီးရီးယားနိုင်ငံ အလက်ပိုမြို့တွင် လေကြောင်းတိုက်ခိုက်မှုများ ယနေ့ဖြစ်ပွားခဲ့ရာ အိုင်အက်စ်စစ်သွေးကြွများ သိမ်းပိုက် ထားသောဒေသရှိ ဆေးရုံတစ်ရုံအား ဗုံးဆန်များထိမှန်ခဲ့ပြီး ကလေးငယ်သုံးဦးအပါအဝင် အနည်းဆုံး လူ ၂၇ ဦး သေဆုံးခဲ့ကြောင်း ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်လေ့ လာရေးအဖွဲ့က ဧပြီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါဆေးရုံပေါ်သို့ လေကြောင်းမှ ဗုံးဆန်တိုက်ရိုက် ကျရောက်ခဲ့ခြင်းဖြစ်ပြီး ဆရာဝန်သုံးဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် အလက်ပိုမြို့ အိုင်အက်စ်စစ်သွေး ကြွများသိမ်းပိုက်ထားသော ဒေသများကို ဦးတည်ပြီး လေကြောင်းတိုက်ခိုက်ရေးဆင်နွှဲ မှုများကြောင့် အရပ်သား ၃ဝ ထက်မနည်း သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်သား တစ်ဦးကဆိုသည်။ လူ့အခွင့်အရေးစောင့် ကြည့်လေ့လာရေးအဖွဲ့က သေဆုံးသူ ၂ဝ ထက်မနည်းရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
အစိုးရထိန်းချုပ်ထားသော ဒေသများတွင်လည်း စစ်သွေးကြွများက စက်သေနတ်များဖြင့် ဦးတည်ရာမဲ့ ပစ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၁၄ ဦးသေဆုံးခဲ့ကြောင်း ဗြိတိန်အခြေစိုက် စောင့်ကြည့်လေ့လာရေးအဖွဲ့နှင့် ဆီးရီးယား သတင်းဌာန(အက်စ်အေအင်န်အေ)ကဆိုသည်။
ပိုမိုပြင်းထန်လာသည့် အလက်ပိုမြို့တွင်း စစ်ပွဲများကြောင့် ဒေသခံပြည်သူများသည် စစ်ဘေးဒဏ်ကို ခါးသီးစွာရင်ဆိုင်နေရကြောင်း နိုင်ငံတကာကြက်ခြေနီအဖွဲ့က ဂျီနီဗာမြို့တွင် ပြောကြားခဲ့သည်။
''ဆီးရီးယားနိုင်ငံရဲ့ နေရာတိုင်းမှာ သေနတ်သံတွေနဲ့ ကောင်းကင်ယံက လေယာဉ်ပျံသန်းသံတွေကြားနေရတယ်'' ဟု နိုင်ငံတကာ ကြက်ခြေနီအဖွဲ့အကြီးအကဲ ဘော့တာဂရို့စ်၏ ပြောကြားချက်ကို ကိုးကားပြီး နိုင်ငံတကာကြက်ခြေနီအဖွဲ့၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ထည့်သွင်းထားသည်။
အလက်ပိုမြို့တွင်း အိုင်အက်စ်တို့သိမ်းပိုက်ထားသည့်ဒေသများတွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် လွန်ခဲ့သော ခြောက် ရက်အတွင်း အရပ်သား ၉၁ ဦးသေဆုံးခဲ့ပြီး အိုင်အက်စ်တို့၏စက်သေနတ်ပစ်ခတ်မှုများကြောင့် အရပ်သား ၄၉ ဦးသေဆုံးခဲ့ရကြောင်း စောင့်ကြည့်လေ့လာရေးအဖွဲ့ကဆိုသည်။
ရိုက်တာ။
No comments:
Post a Comment