Friday, April 29, 2016

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ စဉ်ဆက်မပြတ်လာရောက်လည်ပတ်လျက်ရှိ



The Mirror Daily's photo.


ရန်ကုန် ဧပြီ ၂၈

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ခရီးသွားကုမ္ပဏီများ၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် အပျော်စီး စက်တပ်ရွက်လှေများဖြင့်လည်းကောင်း၊ နယ်စပ် ဝင်ပေါက်များမှတစ်ဆင့် မော်တော်ယာဉ်တန်း၊ မော်တော် ဆိုင်ကယ်ယာဉ်တန်း၊ စက်ဘီးယာဉ်တန်း ခရီးစဉ်များဖြင့် လည်းကောင်း လာရောက်လည်ပတ်လျက်ရှိသည်။

Nava Andaman Travels & Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် အင်္ဂလန်နိုင်ငံသားတစ်ဦးနှင့် စက်လှေဝန်ထမ်း ကိုးဦးပါဝင်သော S/y FIDELIS စက်တပ် ရွက်လှေသည် အိန္ဒိယနိုင်ငံ ပို့ဘလဲယားဆိပ်ကမ်းမှ ဧပြီ ၅ ရက်တွင် ထွက်ခွာလာရာ မြန်မာနိုင်ငံ ရန်ကုန်မြို့ နန်းသီတာဆိပ်ကမ်းသို့ ဧပြီ ၇ ရက်တွင် ရောက်ရှိခဲ့ပြီး အဆိုပါ အဖွဲ့သည် ရန်ကုန်- ပုဂံ- အင်းလေးဒေသများသို့ သွားရောက်လေ့လာကာ ဧပြီ ၂ဝ ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။

ထို့အတူ Osuga Myanmar Travels & Tours Co.,Ltd. ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဗြိတိန်နိုင်ငံသား နှစ်ဦးသည် မော်တော်ဆိုင်ကယ်နှစ်စီးဖြင့် ဧပြီ ၂ ရက်မှ ဧပြီ ၁၄ ရက်အထိလည်းကောင်း၊ မင်္ဂလာရှုခင်းခရီးသွား Co., Ltd. ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဆွစ်ဇာလန်နိုင်ငံသား သုံးဦးသည် မော်တော်ယာဉ်တစ်စီးဖြင့် ဧပြီ ၃ ရက်မှ ၁၃ ရက်အထိလည်းကောင်း၊ အမေရိကန်နိုင်ငံသား ခုနစ် ဦးပါဝင်သော မော်တော်ယာဉ် နှစ်စီးသည် ဧပြီ ၁ဝ ရက်မှ ၁၃ ရက်အထိလည်းကောင်း၊ Thanakha Travels & Tours Co.,Ltd. ၏ စီစဉ်ဆောင်ရွက်မှုဖြင့် မလေးရှား နိုင်ငံသား ၁၅ ဦးသည် အိပ်စင်ပါမော်တော်ယာဉ် ငါးစီး၊ မော်တော်ဆိုင်ကယ် တစ်စီးဖြင့် ဧပြီ ၅ ရက်မှ ၁၇ ရက် အထိလည်းကောင်း၊ Myanmar Senses Family Travels & Tours Co.,Ltd. ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ပြင်သစ်နိုင်ငံသား ခြောက်ဦးပါဝင်သော အဖွဲ့သည် မော်တော်ယာဉ် နှစ်စီးဖြင့် ဧပြီ ၅ ရက်မှ ၁၈ ရက် အထိလည်းကောင်း မြန်မာနိုင်ငံ၏ နယ်စပ်ဝင်ပေါက်များ ဖြစ်သော မြဝတီ၊ တမူး၊ မူဆယ် နယ်စပ်ဝင်ပေါက်များမှ ဝင်ရောက်ကြပြီး တမူး၊ ကလေး၊ မုံရွာ၊ ပုဂံ၊ မန္တလေး၊ အင်းလေး၊ လားရှိုး၊ မူဆယ်၊ နေပြည်တော်၊ ရန်ကုန်၊ ကျိုက်ထီးရိုး၊ ဘားအံ၊ မြဝတီမြို့များတို့သို့ သွားရောက် လည်ပတ်ခဲ့ကြသည်။

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ပြောင်းလဲလာသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများနှင့် သာယာလှပသော သဘာဝရေမြေ တောတောင် ရှုခင်းအလှများ၊ ရိုးရာဓလေ့ထုံးစံများကို သိရှိခံစားလို၍ အပြည်ပြည်ဆိုင်ရာ လေကြောင်း၊ ကုန်းကြောင်း၊ ရေကြောင်းများဖြင့်သာမက နယ်စပ်ဝင်/ထွက် ပေါက်များမှတစ်ဆင့် ကိုယ်ပိုင်မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များဖြင့် နယ်စပ်ဖြတ်ကျော်ခရီးစဉ် များဖြင့် လာရောက်လည်ပတ်မှုမှာ တိုးတက်များပြားလျက် ရှိကြောင်း သိရသည်။
(ကြေးမုံ)

No comments:

Post a Comment