Tuesday, March 1, 2016

မြန်မာ့ဆေးပညာနယ်ပယ်တွင် သမိုင်းမှတ်တိုင်စိုက်ထူနိုင်မည့် ဆေးပညာကုထုံး ရေးသားပြုစုနိုင်ပြီ

The Mirror Daily's photo.
ရန်ကုန် ဖေဖော်ဝါရီ ၂၉
မြန်မာနိုင်ငံ၏ ဆေးပညာနယ်ပယ် တွင် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူ နိုင်မည့် ဆေးပညာကုထုံးကို ရေးသား ပြုစုနိုင်ခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်း ဆေးပညာအဖွဲ့မှ သိရသည်။
မြန်မာနိုင်ငံ၏ အခြေအနေနှင့်လည်း ကိုက်ညီမှုရှိစေရန် နိုင်ငံအတွင်း အဖြစ်များသည့်ရောဂါများကို အဓိကဦးစားပေးပြီးပါရှိစေရန်၊ နိုင်ငံတကာစံနှုန်း အနေဖြင့်လည်း ကွာခြားမှုမရှိစေရန်နှင့် ဆရာဝန်များ အနေနှင့်လည်း အလွယ်တကူ ကိုးကားနိုင်စေရန် ရေးဆွဲထားခြင်း ဖြစ်ကြောင်း သိရသည်။
''ဆေးကုထုံးတွေနဲ့ ပတ်သက်ပြီး အခုလို စုစည်းထားတာမရှိဘူး၊ ဘာသာရပ်အလိုက် အဖွဲ့တွေအနေနဲ့ သူ့ဘာသာရပ်အလိုက် လုပ်ထား တာပဲရှိတယ်။
ဆရာဝန်တွေအနေနဲ့ ဆေးကုထုံး လက်စွဲကို မှီငြမ်းပြီးကုသနိုင်မှာ ဖြစ်တဲ့အတွက် အမှားအယွင်း နည်းမယ်။ လူနာအတွက်ရော ဆရာဝန်အတွက်ပါ လုံခြုံမှုရစေတယ်။ နောက်ဆုံးပေါ် ကုထုံးတွေကို မျက်ခြည်မပြတ်တော့ဘူး။နိုင်ငံတကာစံနဲ့လည်း ကုသမှုပေးနိုင်တာပေါ့'' ဟု ဒေါက်တာမျိုးလွင်ငြိမ်းက ပြောသည်။
ဆေးပညာကုထုံးကို ရေးသားပြုစု နိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံ ဆေးပညာအဆင့်အတန်း မြင့်မား လာစေရန် အထောက်အကူပြုနိုင် မည်ဖြစ်ပြီး ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် ကျေးလက်ဒေသနှင့် မြို့ပြ အခြေခံကုသမှုတွင် ကွာခြားမှုနည်း ပါးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်း ဆေးပညာအဖွဲ့မှ သိရသည်။
ယင်းစံကုထုံးများကို အခြေခံ၍ ကုသမှုဆိုင်ရာဌာနများနှင့် ဆေးရုံ များတွင် လိုအပ်သောဆေးဝါးများ၊ ပစ္စည်းကိရိယာများ ဖြည့်ဆည်းရာတွင် အမှန်တကယ် ကုန်ကျမှုကို တွက် ချက်မှုများလည်း ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ဆေးပညာကုထုံးကို မြန်မာနိုင်ငံ ဆေးပညာရှင်အဖွဲ့နှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း ဆေးပညာအဖွဲ့တို့ ပူးပေါင်း၍ ကော်မတီတစ်ရပ်ဖွဲ့ကာ မြန်မာနိုင်ငံအတွင်းရှိ သက်ဆိုင်ရာ ရောဂါအမျိုးအစားအလိုက် တတ် ကျွမ်းနားလည်သူ ပါမောက္ခကြီးများ၊ ပါရဂူဆရာဝန်ကြီးများ၊ အထူးကု ဆရာဝန်ကြီးများနှင့်ညှိနှိုင်း၍ စုပေါင်း ရေးသားပြုစုထားခြင်းဖြစ်ကြောင်း သိရသည်။
ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများတွင် သက်ဆိုင်ရာနိုင်ငံအလိုက် ဆေးပညာ ဘာသာရပ်အလိုက် စံကုထုံးများ၊ လက်စွဲကျမ်းများရှိကြပြီး ယင်းကျမ်း များတွင်ပြုစုထားသော ကုထုံးများမှာ သက်ဆိုင်ရာနိုင်ငံ၏ နောက်ခံ အခြေအနေနှင့် အသင့်လျော်ဆုံး ဖြစ်အောင် ရေးဆွဲထားကြခြင်း ဖြစ်ကြောင်း သိရသည်။
ဆေးပညာကုထုံး ပြုစုထုတ်ဝေပြီး သွားသော်လည်း တိုးတက်ပြောင်းလဲ နေသည့် ဆေးပညာနှင့်သက်ဆိုင်သည့် နည်းပညာများအပေါ် ကွာဟမှုမရှိ စေရန် အဆိုပါဆေးကုထုံးစာအုပ်ကို အခြေခံကာ အချက်အလက်များကို မွမ်းမံပြီး ဆက်လက်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်း ဆေးပညာအဖွဲ့မှ သိရသည်။
မြန်မာနိုင်ငံတွင် ဆေးကုထုံးမပေါ် ခင်က အနယ်နယ်အရပ်ရပ်ရှိ ဆရာဝန်များသည် နိုင်ငံရပ်ခြားမှ ထုတ်ဝေသော ဆေးကျမ်းများ၊ လက်စွဲကျမ်းများကိုသာ နမူနာထား လက်ကိုင်ပြုကုသခဲ့ကြပြီး နေရာဒေသ အပေါ်လိုက်၍ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသော စံကိုက် ကုထုံးများကို တစ်ပြေးညီသိရှိရန် အခက်အခဲများရှိခဲ့ကြောင်း၊ မြန်မာ နိုင်ငံ၏ လက်ရှိအခြေအနေနှင့် နိုင်ငံ ရပ်ခြားမှ စံကုထုံးများမှာ ကွာဟချက် ရှိပြီး လူနာများအတွက် အသင့် လျော်ဆုံး ကုထုံးများကိုချိန်ဆရန် ဆရာဝန်အငယ်များအနေဖြင့် အခက် အခဲများရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်း ဆေးပညာအဖွဲ့မှ သိရသည်။
သတင်း-မင်းသစ်
ဓာတ်ပုံနေလင်း

No comments:

Post a Comment