Tuesday, March 1, 2016

ရွေ့လျားဆေးကုသယာဉ်ဖြင့် ကလေးဒေသများသို့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိ

The Mirror Daily's photo.
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာန လူမှုဖူလုံရေးအဖွဲ့နှင့် သုခမင်္ဂလာ (Medical and Diagnostic Center)တို့ အကျိုးတူပူးပေါင်း၍ နိုင်ငံ တစ်ဝန်းရှိ လူမှုဖူလုံရေးအာမခံထားရှိသူ ဝန်ထမ်း လုပ်သားများကို ရွေ့လျားဆေးကုသရေးယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက် ရှိရာ ဖေဖော်ဝါရီ ၂၉ ရက်မှ မတ် ၄ ရက်အထိ မုံရွာ မြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုများပေး လျက်ရှိသည်ကို တွေ့ရသည်။
''လူမှုဖူလုံရေး ထည့်ဝင်ကြေးပေးသွင်းပြီး အာမခံထားတဲ့ အလုပ်သမားတွေ၊ ဝန်ထမ်းတွေအားလုံးကို ဌာနအရောက် ဆေးကုသမှုတွေကို ပေးနေတာပါ။ လုပ်ငန်းခွင်မပျက် ဆေးကုသခံယူနိုင်အောင်လို့ပါ။ တချို့က အလုပ်တွေ မအားလပ်တဲ့အတွက် ဆေးကုသမှုကို မခံယူနိုင်တာ တွေရှိပါတယ်။ အခုလို ရွေ့လျားဆေးကုသရေးယာဉ်နဲ့ လာရောက်ကုသပေးတော့ အားလုံးအတွက် အဆင်ပြေစေ ပါတယ်။ လူမှုဖူလုံရေးအဖွဲ့ဝင် ဖြစ်ရခြင်းရဲ့ အကျိုးခံစား ခွင့်တွေ ဘယ်လိုရှိတယ်ဆိုတာ ဆေးဖိုးဘယ်လိုပြန်အမ်း ပေးနေတယ်ဆိုတာတွေ သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ အခုလို ကွင်းဆင်းကုသမှုတွေ ဆောင်ရွက်နေတာပါ။ အခု ရွေ့လျားဆေးကုသယာဉ်ဟာ မုံရွာမြို့နယ်၊ ဆားလင်းကြီး မြို့နယ်၊ ရွှေဘိုမြို့နယ်က လူမှုဖူလုံရေးအာမခံထားရှိတဲ့ ဝန်ထမ်းလုပ်သား ၁၈၃၂ ဦးကို ၂ဝ၁၅ ခုနှစ် ဇူလိုင် ၃ ရက်ကနေ ၂၄ ရက်အထိ ပထမအကြိမ် ဆေးကုသပေး ခဲ့ပါတယ်။ အခုအကြိမ်က ဒုတိယအကြိမ်ပါ။ ဒီနေ့ဝန်ထမ်း ငါးရာကျော်ရှိတဲ့ မုံရွာမြို့ ကံကောင်းခြင်းရတနာသစ်ပါး လွှာစက်မှာ ဆေးကုသစစ်ဆေးမှုတွေ ဆောင်ရွက်နေတာပါ။ မနက်ဖြန် မတ် ၁ ရက်မှာ လှိုင်မေတ္တာအထပ်သားစက်ရုံ နဲ့အမှတ် ၅ သစ်ပါးလွှာစက်ရုံတွေအပြင် အဲဒီစက်ရုံအနီး အနားက စက်ရုံလုပ်သားတွေကိုလည်း လက်လှမ်း မီသလောက် ဆေးကုသပေးသွားမှာပါ။
ဒါ့အပြင် မတ်လ ၃ ရက် ၄ ရက်တွေမှာလည်း မုံရွာမြို့ပေါ်နဲ့ ဝန်းကျင်က စက်ရုံအလုပ်ရုံလုပ်သားတွေဆီ အရောက်ကုသပေးသွားမှာပါ။ စုစုပေါင်း မုံရွာမြို့နယ်အတွင်းမှာ ကုသမယ့် လူဦးရေဟာ၂ဝဝဝ အထက်မှာ ရှိပါမယ်။ မုံရွာပြီးရင် ကောလင်းမြို့နယ်၊ ကသာမြို့နယ်၊ ကလေးမြို့နယ်တွေကို သွားရောက်ကုသပေးမှာဖြစ်ပါတယ်''ဟု စစ်ကိုင်းတိုင်း ဒေသကြီး လူမှုဖူလုံရေးဌာနတာဝန်ခံအရာရှိ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နှင်းနှင်းဦးက ပြောသည်။
ရွေ့လျားဆေးကုသရေးယာဉ်မှ ဆေးကုသမည့် လူနာရောက်လျှင် လူမှုဖူလုံရေးစမတ်ကတ်နံပါတ်ရယူပြီး ပဏာမ ဆေးစစ်ဆေးမှုကို ခံယူရကာ တာဝန်ခံဆရာဝန်၏ မှတ်ချက်ဖြင့် ကုသမှုများကို ဆောင်ရွက်ပေးခြင်း ဖြစ်သည်။ ရွေ့လျားဆေးကုသယာဉ်တွင် တာဝန်ခံ မန်နေဂျာတစ်ဦး အပါအဝင် အထက်တန်းသူနာပြု နှစ်ဦး၊ သူနာပြု နှစ်ဦး၊ ဆေးကောင်တာတာဝန်ခံ နှစ်ဦး၊ အကူ သူနာပြု၊ ဓာတ်ခွဲလက်ထောက်နှင့် အထွေထွေလုပ်သား စုစုပေါင်း ၁၂ဦး ပါဝင်ကုသစစ်ဆေးပေးလျက်ရှိပြီး ကုသရေး ယာဉ်အနေဖြင့် နှလုံးရောဂါကို ECG စက်ဖြင့် စမ်းသပ် စစ်ဆေးနိုင်သည့်အပြင် ကူးစက်ရောဂါများကိုလည်း စမ်းသပ်စစ်ဆေးနိုင်ကြောင်း ရွေ့လျားဆေးကုသရေးအဖွဲ့ မန်နေဂျာ ဦးဖြိုးစည်သူထံမှ သိရသည်။
ရွေ့လျားယာဉ်နဲ့ လှည့်လည်ဆေးကုသတာ ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလကတည်းက ကျွန်တော်တို့ သုခမင်္ဂလာ ကုမ္ပဏီနဲ့ လူမှုဖူလုံရေးအဖွဲ့တို့ပူးပေါင်းပြီး လူမှုဖူလုံရေး အာမခံလုပ်သားတွေရှိတဲ့ နိုင်ငံတစ်ဝန်းက ဒေသတွေကို လှည့်လည်ဆေးကုသနေတာပါ။ လူမှုဖူလုံရေးရုံးစိုက်တဲ့ ဒေသအနှံ့ သွားရောက်ကုသပေးနေတာပါ။ ပထမ ဦးစားပေးကတော့ ဆေးကုသရေးယာဉ်သွားရလွယ်ကူတဲ့ နေရာနဲ့ စက်ရုံအလုပ်ရုံတွေရှိတဲ့နေရာတွေ ဖြစ်ပါတယ်။ ဆေးကုသမှုမရှိသေးတဲ့နေရာဒေသတွေက ဒုတိယ ဦးစား ပေးကုသပေးနေတာပါ။ နေပြည်တော်ဝန်ကြီးဌာနတွေ၊ ဟိုတယ်ဇုန်တွေ၊ မန္တလေး-ကသာ-ကလေး-ကောလင်း မြစ်ကြီးနားအထိ သွားကုသမှာဖြစ်ပါတယ်။ အခုကုမ္ပဏီ အနေနဲ့ ရွေ့လျားဆေးကုသယာဉ်နှစ်စီးနဲ့ လှည့်လည် ကုသပေးနေသလို နောက်ပိုင်းမှာ နောက်ထပ်နှစ်စီးတိုးပြီး စုစုပေါင်း လေးစီးနဲ့ ကုသပေးဖို့ စီစဉ်နေပါတယ်''ဟု မန်နေဂျာဦးဖြိုးစည်သူက ပြောပြသည်။
ရွေ့လျားဆေးကုသရေးယာဉ်သည် ဖေဖော်ဝါရီ ၂၉ ရက်မှ မတ် ၄ ရက်အထိ မုံရွာမြို့နယ်အတွင်း ဝန်ထမ်း ၂ဝဝဝ ကျော်ကို စစ်ဆေးကုသပေးမည်ဖြစ်သလို မုံရွာ ပြီးလျှင် ကောလင်း-ကသာ-ကလေးမြို့များသို့ သွားရောက် ကုသကြမည်ဖြစ်သည်။ ကုသရေးယာဉ်သည် မုံရွာမြို့ သို့ မလာခင် ပဲခူးမြို့၊ ဒိုက်ဦးမြို့၊ ညောင်လေးပင်မြို့၊ တောင်ငူမြို့နှင့် နေပြည်တော်တို့တွင် ကုသပေးခဲ့ပြီး ကချင် ပြည်နယ် မြစ်ကြီးနားမြို့သို့လည်း သွားရောက်ကုသပေး သွားမည်ဖြစ်ကြောင်း သိရသည်။
''စက်ရုံဝန်ထမ်းတွေအနေနဲ့ အပြင်ဆေးခန်းတွေ မှာ ကုန်ကျစရိတ်ဈေးကြီးတဲ့အတွက် မဖြစ်မနေကုရတော့ မယ်ဆိုမှသာ သွားကုကြတာပါ။ ဒီအတိုင်းကတော့ ကျန်းမာရေးစစ်ဆေးတာ ပြသတာတွေ မလုပ်ဖြစ်ကြပါဘူး။ အခုလိုလူမှုဖူလုံရေးက ရွေ့လျားကုသရေးယာဉ်ကြီးနဲ့ ကုမ္ပဏီရုံးအရောက် ဝန်ထမ်းတွေကို ကုသပေးတာ အတိုင်း မသိဝမ်းသာပါတယ်။ ဘာလို့လဲဆိုတော့ ကုမ္ပဏီအနေနဲ့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေး နေတယ်ဆိုတာမှန်ပေမယ့် အခုလိုငွေကုန်ကြေးကျမရှိဘဲ စက်ရုံအရောက်ကုသပေးတော့ သွားကုတာထက် လာကု ပေးတော့ လုပ်သားတွေ ကျန်းမာရေးကို စစ်ဆေးဖြစ်သွားပြီး ကြိုတင်ကုသလို့ရပါတယ်။ အခုလိုကျွန်မတို့လို စက်ရုံတွေကို ကုသရေးကားကြီးအနေနဲ့ တစ်နှစ်တစ်ခေါက် ပုံမှန်လာရောက်စစ်ဆေးကုသပေးနိုင်မယ်ဆိုရင် ကောင်းပါတယ်။ လာရောက်ဖို့ ဖိတ်လည်းဖိတ်ခေါ်ပါတယ်''ဟု ကံကောင်းခြင်းရတနာသစ်ပါးလွှာစက်ရုံ အဖွဲ့မှူး ဒေါ်ဝင်းကြည်က ပြောပြသည်။
မျိုးဝင်းထွန်း(မုံရွာ)

No comments:

Post a Comment