လယ်သမားဘ၀မြှင့်တင်ရေး ၀ိုင်းဝန်းကြိုးပမ်း
==============================
မြန်မာနိုင်ငံတွင် လူဦးရေ ၇ဝ ရာခိုင်နှုန်းမှာ ကျေးလက်နေ ပြည်သူများဖြစ်ကြပါသည်။ ကျေးလက်နေပြည်သူမျုားသည် တိုင်းပြည်စားရေရိက္ခာတိုးပွားရေးနှင့် ပြည်ပပို့ကုန် မြှင့်တင် ရေးအတွက် အဓိကကြိုးစားအားထုတ်နေကြသူများ ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ကျေးဇူးရှင် တောင်သူဦးကြီးများနှင့် လယ် သမားမိသားစုများသည် ပြည်သူတစ်ရပ်လုံးအတွက် အဓိက သီးနှံဖြစ်သည့် ဆန်စပါးနှင့် ကောက်ပဲသီးနှံအမျိုးမျိုး စိုက်ပျိုး ထုတ်လုပ်ပေးနေသကဲ့သို့ ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ကုန် များ တိုးမြှင့်တင်ပို့နိုင်အောင်လည်း ကြိုးပမ်းဆောင်ရွက်နေကြ သူများ ဖြစ်ပါသည်။
ထို့ကြောင့်လည်း ကျေးဇူးရှင် တောင်သူဦးကြီးများအား ဂုဏ်ပြုသောအားဖြင့် နှစ်စဉ်မတ်လ ၂ ရက်နေ့ကို တောင်သူ လယ်သမားနေ့အဖြစ် သတ်မှတ်ထားပြီး နိုင်ငံတစ်ဝန်း တောင်သူ လယ်သမားနေ့အခမ်းအနားများ ကျင်းပလေ့ရှိပါသည်။ ဤသို့ တောင်သူလယ်သမားနေ့အခမ်းအနားများကို အလေးထား ကျင်းပပေးနေခြင်းသည် ယနေ့ပြည်သူ တစ်ရပ်လုံး စားသုံးနေသည့် ဆန်စပါးနှင့် ကောက်ပဲသီးနှံများကို ပင်ပန်းကြီးစွာ စိုက်ပျိုးထုတ်လုပ်ပေးနေခြင်းကြောင့် ဖြစ်ပါသည်။ တောင်သူလယ် သမားများမှာ ကျေးလက်ဒေသတွင်နေထိုင်ပြီး ဆင်းရဲနွမ်းပါးသူ များဖြစ်၍ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို အမျိုးသားရေးတာဝန် များအဖြစ် ရည်မှန်းချက်ထားကာ လုပ်ငန်းစဉ်များ ချမှတ် ဖော်ဆောင်လျက်ရှိရာ တောင်သူဦးကြီးများ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိုအဓိကဦးစားပေးဆောင်ရွက်လျက်ရှိသည်။
တောင်သူလယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်း များ ဆောင်ရွက်ရာ၌ စိုက်ပျိုးစရိတ်အပြင် သီးနှံစရိတ်များကို လည်း တိုးတက်ထုတ်ချေးပေးလျက်ရှိရာ တောင်သူများ၏ လို အပ်ချက်ကို နိုင်ငံတော်က တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ ကူညီနေခြင်းပင်ဖြစ်သည်။
မျက်မှောက်ခေတ် အခြေအနေသည် မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ ဝင်ငွေနည်းပါးခြင်းတို့ကြောင့် လယ်လုပ်သူ ရှားပါး သောပြဿနာနှင့် ရင်ဆိုင်နေကြရပါသည်။ လယ်ယာလုပ်ငန်းခွင်မှ မြို့ပြရွှေ့ပြောင်းလုပ်သားများအဖြစ် ပြောင်းလဲလုပ်ကိုင်နေကြ သည်ကို တွေ့ရသည်။ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်သူ များအထိ တိုးပွားလာလျက်ရှိသည်။ ကျွန်ုပ်တို့ပြည်သူများအနေဖြင့် ကျေးဇူးရှင်ဦးကြီးများနှင့် လယ်သမားများ၏ ကျေးဇူးတရားကို အောက်မေ့နေကြရုံမျှဖြင့် မပြီးပေ။ လယ်သမားဘဝမြှင့်တင် ရေးအစီအမံများ တိုးချဲ့ဆောင်ရွက်ရန်လိုအပ်လာသည်။
စိုက်ပျိုးရေး၊ မွေးမြူရေး ဘက်စုံဝင်ငွေတိုးပွားအောင် လယ်သမားကြီးပွား တိုးတက်ရေးအစီအစဉ်များ စိတ်ကောင်း စေတနာမှန်ဖြင့် ထိထိရောက်ရောက်ဆောင်ရွက်ပေးရန် လိုအပ် သည်။ ဝင်ငွေကောင်း၍ လယ်တောတွင် ပျော်ပိုက်သော လယ်သမားများဖြစ်အောင် လူမှုဘဝမြှင့်တင်ရေး၊ ကျန်းမာရေး၊ ပညာရေး အဘက်ဘက်မှ မြှင့်တင်ဆောင်ရွက်ပေးသင့်သည်။ သို့မှသာ လယ်သမားမိသားစုများအား ကျေးဇူးဆပ်ရာ ရောက် ပေလိမ့်မည်။ ထို့ကြောင့် လယ်သမားဘဝမြှင့်တင်ရေးအစီအမံ များ တိုးမြှင့်ဆောင်ရွက်ကာ ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်ပါ ကြောင်း။ ။

No comments:
Post a Comment