နေပြည်တော် ဖေဖော်ဝါရီ ၂၉
ဝါးကို သစ်အစားထိုး ပရိဘောဂ လုပ်ငန်းတစ်ခုအဖြစ် စီးပွားဖြစ် လုပ်ကိုင်လာကြသည်နှင့်အညီ အခြေခံ ဝါးထုတ်လုပ်မှုသင်တန်းကို သင်တန်းကြေးအခမဲ့အဖြစ် နေပြည်တော် ပျဉ်းမနားမြို့ နှင်းဆီပန်းအဝိုင်းအနီး ငုဝါလမ်းနှင့် ၂၈ လမ်းထောင့်တွင် ဧပြီ ၂၆ ရက်မှ စတင်ကာ သင်ကြားပို့ချလျက်ရှိကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းမှ သိရသည်။
''အသင်းအတွက် ယာယီရုံးခန်းဆိုပြီး ဝါးနဲ့ဘန်ဂလိုလေးတစ်လုံး ဆောက်ရာကနေ ဒီပညာကိုဝါသနာပါတဲ့ လူငယ်တွေကို မျှဝေပေးနိုင်ရင် ကောင်းမယ်ဆိုပြီး ဒီသင်တန်းကို စဖွင့်ခဲ့ကြတာပါ။ အခြေခံလူတန်းစားတွေ အလုပ်ရဖို့ အဓိကရည်ရွယ် တာဖြစ်လို့ ဝါးအိမ်တစ်လုံးဆောက်နိုင်တဲ့အထိ လက်တွေ့သင်ကြားပြသပေးသွားမယ်။ အခြေခံပြီးသွားရင်တော့ အသေးဆုံး သွားကြားထိုးတံကနေ တူ၊ တုတ်၊ ဝါးခြမ်းပြား၊ ဝါးလုံး၊ ဝါးပါကေး၊ ကလေးကစားစရာအရုပ်၊ ဝါးလုံးပန်းပု၊ မီးပုံး၊ စားပွဲ၊ ကုလား ထိုင်၊ ခုတင်၊ စားသောက်ဆိုင် စတာတွေကို ပြုလုပ်နည်း၊ အိမ်တွင်းအလှ ဆင်ခြင်း၊ ဒီဇိုင်းရေးဆွဲနည်းတွေကို ဆက်လက်သင်ကြားပို့ချပေးသွားမှာပါ။ သင်တန်းအားလုံး ပြီးသွားပြီဆိုရင် တော့ စီးပွားရေးနယ်ပယ်မှာ ပညာရှင် တစ်ယောက်အဖြစ် သူတို့ဘဝ ရပ်တည်နိုင်သွားပါပြီ''ဟု မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းမှ အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောသည်။
ဝါးပင်သည် အောက်ဆီဂျင် ထုတ်လုပ်မှုအားကောင်းသော အပင်ဖြစ်ပြီး ဝါးစိုက်ပျိုးထားခြင်းသည် မြေဆီလွှာဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်သည်။ မြန်မာနိုင်ငံ တွင် ဝါးမျိုးစု ၂၂ စုနှင့် မျိုးစိတ် ၁၂ဝ ခန့်ရှိသည်။ ဝါးပင်များမှ အာဟာရ ဓာတ်ပြည့်ဝသော စားသောက်ကုန် မျှစ်အပြင် အဆောက်အအုံများ၊ ပရိဘောဂများ၊ လူသုံးကုန် ပစ္စည်းများ ထုတ်လုပ်နိုင်ခြင်းကြောင့် ဆင်းရဲမှု လျှော့ချရေး၊ သက်ရှိလောက တည်မြဲရေးတို့အတွက် ကြီးမြန်ပင် ဖြစ်သော ဝါးကို အထူးစိုက်ပျိုးသင့်ကြောင်း သိရသည်။
''ဝါးကို စနစ်တကျစိုက်ပျိုးမယ်ဆိုရင် မိသားစုဝင်ငွေအမြောက်အမြား ရရှိနိုင်မှာ သေချာပါတယ်။ ဝါးပင်က နှစ်သက်တမ်း ကြာလာတာနဲ့အမျှ အထွက်နှုန်းမကျဘဲ ပိုပြီးအထွက်နှုန်း ကောင်းမွန်လာစေတယ်။ ပြီးတော့ ဝါးကိုခုတ်တဲ့နေရာမှာလည်း စနစ် တကျခုတ်သိမ်းမယ်ဆိုရင် ဝါးကပိုး မထိုးနိုင်တဲ့အပြင် သစ်ထက်ခိုင်ခံ့မှု ပိုမိုကောင်းမွန်တာကို တွေ့ရ မှာပါ။ ဒါဆိုရင် သစ်အစားထိုးအဖြစ် လုပ်ကိုင်လာနိုင်ပြီး နည်းပညာတွေကတစ်ဆင့် ခေတ်မီဆန်းသစ်တဲ့ ဝါးပရိဘောဂတွေ ထုတ်လုပ်ပေးနိုင်လာ မယ်။ ထိုင်းနိုင်ငံမှာဆိုရင် ဝါးဥယျာဉ်တွေ ထူထောင်ထားတာမို့ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၄ဝဝ ကျော် ဝင်ငွေရရှိနေပါတယ်။
ဒါကြောင့် ဝါးကို တစ်နိုင်တစ်ပိုင် ပဲဖြစ်ဖြစ်၊ စီးပွားဖြစ်ပဲဖြစ်ဖြစ် စိုက်ပျိုးသင့်ကြောင်း တိုက်တွန်းလိုတဲ့အပြင် ကျွန်တော်တို့အသင်း အနေနဲ့လည်း မြေဧကငါးရာမှာ ဝါးကျေးရွာကို တည်ဆောက်သွား ဖို့ရှိပါတယ်။ ဝါးကျေးရွာအဖြစ် ဆောင်ရွက်လာနိုင်ပြီဆိုရင် ဝါးနဲ့ပတ်သက်တဲ့ သင်တန်းကျောင်းတွေ၊ ထုတ်ကုန်တွေကို ပြည်ပက ပညာရှင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်။
အခု ပထမဆုံးဖွင့်တဲ့ဒီသင်တန်းကနေ ပညာရှင်တွေကို ဆက်လက်မွေး ထုတ်ပေးဖို့ ဆောင်ရွက်သွားမှာပါ'' ဟု ဦးကျော်ဝင်းက ဆက်လက်ပြောသည်။
သတင်း-ခင်ဇာလီ
ဓာတ်ပုံ-သိမ့်ရွှေရည်
No comments:
Post a Comment