Thursday, March 31, 2016

အီဘိုလာဗိုင်းရပ်(စ်)ကူးစက်ပျံ့နှံ့မှု နိုင်ငံတကာအရေးပေါ်ကြေညာချက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရုပ်သိမ်း




The Mirror Daily's photo.


မွန်ရိုးဗီးယား မတ် ၃ဝ

အနောက်အာဖရိကနိုင်ငံများတွင် ၂ဝ၁၄ ခုနှစ် သြဂုတ်လက ထုတ်ပြန်ကြေညာခဲ့သော အီဘိုလာဗိုင်းရပ်(စ်) ကူးစက်ပျံ့နှံ့မှု နိုင်ငံတကာအရေးပေါ်ကြေညာချက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သတင်းများအရသိရသည်။

မတ် ၂၉ ရက်ကကျင်းပခဲ့သည့် အီဘိုလာဗိုင်းရပ်(စ်)အရေးပေါ်ကော်မတီအစည်းအဝေးရလဒ်ပေါ်အခြေခံပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် မာဂရက်ချန်က အီဘိုလာဗိုင်းရပ်(စ်)နှင့်ပတ်သက်ပြီး ကမ္ဘာတစ်ဝန်း ပြည်သူ့ကျန်းမာရေးအရေးပေါ်ကြေညာချက်ကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ဂီနီ၊ လိုက်ဘေးရီးယားနှင့် ဆီရာလီယွန်နိုင်ငံတို့သို့ ခရီးသွားလာခြင်းများ၊ ကုန်သွယ်ရေးလုပ်ဆောင်ခြင်းများအား တားမြစ်ပိတ်ဆို့ထားခြင်းကိုလည်း ပြန်လည်ရုပ်သိမ်းသင့်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် မာဂရက်ချန်က မီဒီယာသို့ပြောကြားသည်။

အဆိုပါနိုင်ငံများအနေဖြင့် အီဘိုလာဗိုင်းရပ်(စ်)ပျံ့နှံ့မှုထပ်မံမဖြစ်ပွားစေရန် နိုင်ငံတကာအကူအညီများကို ဆက်လက်လိုအပ်နေမည်ဖြစ်ကြောင်း မာဂရက်ချန်က ဆက်လက်ပြောကြားသည်။

၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလမှစပြီး ယင်းသုံးနိုင်ငံမှစတင်ကာ အီဘိုလာဗိုင်းရပ်(စ်) ကမ္ဘာတစ်ဝန်းသို့ပျံ့နှံ့ခဲ့သည်။ ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ကမ္ဘာတစ်ဝန်းတွင် လူပေါင်း ၁၁၃ဝဝ ကျော် သေဆုံးခဲ့သည်။

အဆိုပါသုံးနိုင်ငံတွင် ဗိုင်းရပ်(စ်)ကူးစက်မှုဖြစ်ပွားခြင်းမရှိတော့သည်မှာ လေးလကျော်ပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment