Thursday, March 31, 2016

(31.3.2016) ကြေးမုံစာတည်းရှုထောင့်


ပြည်သူ့အတွက် ပြည်သူတင်မြှောက်သော ပြည်သူ့အစိုးရ

၁၉၈၈  ပြည်သူ့အရေးတော်ပုံကြီးက  စတင်ခဲ့သည့်   ဒီမိုကရေစီ  တော်လှန်ရေးအောင်ပွဲတစ်ဆင့်တက်ခဲ့ပြီ။ ဒီမိုကရေစီပန်းတိုင်ရောက်ပြီဟု ပြည့်ပြည့်ဝဝမကြွေးကြော်နိုင်သေး လင့်ကစား ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုဖြင့် အပ်ကျမပ်ကျ ရောက်ပြီဟူ၍ ကျူးရင့်နိုင်ခဲ့ပြီဖြစ်သည်။

၁၉၆၂ ဒီမိုကရေစီဆိတ်သုဉ်းချိန်ကစပြီး အာဏာရှင်စနစ် ဆန့်ကျင် ရေးတိုက်ပွဲအဆက်ဆက်မှာ အသက်သွေးချွေးစတေးခဲ့ကြသည့် ပြည်သူများကို အလေးပြုလွမ်းဆွတ်ရင်း ဒီမိုကရေစီပန်းတိုင်ကို လှမ်းမျှော်ကြည့်နေ နိုင်ကြပြီ။

ယနေ့အစိုးရသစ်ပြောင်းပြီ။

ဒီမိုကရေစီအုတ်မြစ် ခိုင်ခံ့သွားအောင် တည်ဆောက်မည့် အစိုးရသစ် ပေါ်ထွက်လာခဲ့ပြီ။  အာဏာရှင်အစိုးရအဆက်ဆက်က  အလွဲအမှားများ၊ အဂတိလိုက်စားမှုများ၊ ကိုယ်ကျိုးရှာအခွင့်ထူးခံမှုများကြောင့်ဖြစ်ခဲ့ရသည့်  နိုင်ငံတော်တစ်ခုလုံး   ယိုယွင်းပျက်စီးချွတ်ခြုံကျမှုများက တင်းကြမ်း။ 

ဤသည် တို့ကို ကယ်တင်ကုသရန် အစိုးရသစ်အနေဖြင့် အများကြီးကြိုးစားရုန်းကန်ကြရဦးမည်။ ပြည်သူလူထု၏ စည်းလုံးညီညွတ်မှုအင်အားနှင့် ထောက်ခံကူညီမှုကို အားပြု၍ အနာဂတ်နိုင်ငံတော်သစ်ကို ဆက်လက်တည်ဆောက်ကြရပေဦးမည်။

လက်ငင်းအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထုတ်ဆောင်ရွက် ဖို့အသာထား ကျန်နေရစ်သည့် ပြဿနာအခက်အခဲများကို စာရင်းပြုစုရသည်ကပင် အလုပ်ကြီးတစ်ခုဖြစ်နေသည်။ ကုသရေးအသာထား ရောဂါရှာဖွေရေး လုပ်ရသည်ကပင် စိန်ခေါ်မှုကြီးတစ်ခု။

မည်သို့ပင်ဖြစ်စေ ဒီမိုကရေစီအစိုးရသစ်ပေါ်ထွက်ခဲ့ပြီ။ ပြည်သူက ရွေးချယ်တင်မြှောက်သည့်     ပြည်သူ့အတွက်    ပြည်သူ့အစိုးရတစ်ရပ် ပေါ်ပေါက်လာခဲ့ပြီ။  သည်လိုပြည်သူ့အစိုးရတစ်ရပ်ကိုပြန်ရဖို့   ပြည်သူတို့ နှစ်ပေါင်းများစွာ မျှော်ခဲ့ကြရသည်။

မိမိတို့အမျှော်ကြီးမျှော်ခဲ့ရသော အစိုးရသစ်ကိုရရှိသည့်အခါ မိမိတို့ ကိုယ်တိုင် ကူညီအားပေး၍ အစိုးရသစ်နှင့်အတူလက်တွဲကာ နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် ပါဝင်သယ်ပိုးကြဖို့ အဆင်သင့်ဖြစ်နေကြပြီ။

ပြည်သူတို့  ရွေးချယ်တင်မြှောက်သည့်    ပြည်သူ့ခေါင်းဆောင်၏ဦးဆောင်မှုဖြင့် ပေါ်ထွက်လာသော ပြည်သူ့အစိုးရသည် မြန်မာနိုင်ငံတော်၏ ငြိမ်းချမ်းရေးတိုးတက်သာယာရေး၊ ပြည်ထောင်စုသားများ၏ စည်းလုံးညီညွတ်ရေး၊   

ပြည်ထောင်စုသားအားလုံး   တန်းတူညီအေးအတူပူအမျှနေနိုင်ရေး၊ ပြည်ထောင်စုကြီး ဒီမိုကရေစီပြည့်ဝခိုင်မာပြီး နိုင်ငံတကာအလယ်မှာ ခေါင်းမော့ဝင့်ကြွားနိုင်ရေးတို့ကို အောင်မြင်စွာဆောင်ရွက်နိုင်ပါစေသတည်း။

No comments:

Post a Comment