Tuesday, March 29, 2016

မန္တလေး၌တန်ဖိုးမျှတအိမ်ရာဝယ်ယူခွင့်မဲနှိုက်ရွေးချယ်

မင်းထက်အောင်(မန်းကိုယ်ပွား)

မန္တလေး မတ် ၂၈

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်တွင် အိုးအိမ်ဦးစီးဌာနမှ ဆောက်လုပ်သည့်တန်ဖိုးမျှတအိမ်ရာ တိုက်ခန်း ၄ဝဝ ကို ဝယ်ယူခွင့်လျှောက်ထားကြသူများအား မတ် ၂၈ ရက် နံနက် ၉ နာရီက မန္တလေးမြို့တော်ခန်းမ၌ မဲစနစ်ဖြင့် ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခန်းလျှောက်ထားကြသူများသည် ယခင်မြရည်နန္ဒာတန်ဖိုး နည်း အိမ်ရာဝယ်ယူခွင့် ချထားပေးစဉ်ကလျှောက်ထားခဲ့ကြသည့် မန္တလေး ခရိုင်အတွင်းမှ လုပ်သက်၂၅ နှစ်အထက် တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်း ၆၆၈၈ ဦးနှင့် ယခု ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၄ ရက်အထိ လာရောက် လျှောက်ထားကြသည့် တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်ဆဲ လုပ်သက် ၂၅ နှစ်အထက် ဝန်ထမ်း ၅၆၄ဝ စုစုပေါင်းဝန်ထမ်း ၁၂၃၂၈ ဦး တို့အတွက် ဝယ်ယူခွင့်ကို ပွင့်လင်းမြင်သာစွာမဲစနစ်ဖြင့် ရွေးချယ်ပေးခြင်း ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် ဦးတင်မောင်အေးက ရှင်းလင်းပြောကြားသည်။

''အခုမဲပေါက်တဲ့ လူတွေရဲ့ အမည်စာရင်းကို မတ် ၂၉ ရက်ထုတ် မန္တလေးနေ့စဉ် သတင်းစာမှာ ကြေညာပေးမှာဖြစ်ပါတယ်။ ဝယ်ယူ ခွင့်ရရှိသူတွေရဲ့တိုက်ခန်းနေရာတွေကိုနောက်လမှာ ထပ်မံရွေးချယ်ပေး မှာဖြစ်ပါတယ်'' ဟု ၄င်းကပြောသည်။
အဆိုပါ မဲနှိုက်ရွေးချယ်ပွဲသို့ မျှော်လင့်ချက်ကြီးမားစွာ လျှောက် ထားကြသူ အများအပြားလာရောက် စောင့်ဆိုင်းနားထောင်လျက်ရှိကြပြီး ၄င်းတို့အနက်မှ ကျောင်းအုပ် ဆရာမကြီးတစ်ဦးက ''ပင်စင်ယူဖို့ လပိုင်းပဲလိုတော့တာဆိုတော့ ဒီတိုက် ခန်းလေးမဲပေါက်ဖို့ကို မိသားစုတစ်စု လုံးမျှော်လင့်နေကြတာပါ။ ပေါက်ခဲ့ ရင်တော့ နေစရာအတွက် စိတ်အေး သွားရပါပြီ'' ဟု ပြောသည်။

ထို့ပြင် မဲပေါက်၍ ဝမ်းသာနေသူ လျှပ်စစ်ဌာနမှ ဦးသိန်းငွေကလည်း ''မဲပေါက်လို့ဝမ်းသာရသလို ဝယ်ဖို့ ငွေအတွက်လည်း စိုးရိမ်နေမိပါတယ်။ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့မိသားစု ငါးယောက် အိမ်ပိုင်နဲ့နေရတော့မှာဆိုတော့နောင်ရေးအတွက် စိတ်အေး ရအောင်ကြိုးစားပြီး ဝယ်ရမှာပါ'' ဟု ပြောကြားခဲ့သည်။

ယခု မဲပေါက်၍ ဝယ်ယူခွင့်ရရှိသူ များသည် မြေညီထပ် ၁၆၅ သိန်း၊ ပထမထပ် ၁၅၅ သိန်း၊ ဒုတိယထပ် ၁၄၅ သိန်းနှင့် တတိယထပ် ၁၃၅ သိန်းနှုန်းဖြင့် ဝယ်ယူကြရမည်ဖြစ် ကြောင်း သိရသည်။

No comments:

Post a Comment