Tuesday, March 29, 2016

အသက်ရှည်ရာ အနာမဲ့ကြောင်း

 
 
 
 
 
မြန်မာ့အလင်း အယ်ဒီတာအာ့ဘော်


လူတိုင်းလူတိုင်း အသက်ရှည်ရှည်နေထိုင်လိုကြသည်။ အသက်ရှည်သော်လည်း အနာရောဂါမရှိနေထိုင်နိုင်မှသာ လူ့ဘဝ နေရသည်မှာ ပျော်မွေ့ဖွယ်ဖြစ်လိမ့်မည်။ လူတိုင်းလူတိုင်း အသက် ရှည်၍ အနာမဲ့စွာနေထိုင်နိုင်ရန် လွန်စွာအရေးကြီးသည်။ လူတို့ ကျန်းမာစွာနေထိုင်ရေးအတွက် ကံ၊ စိတ်၊ ဥတု၊ အာဟာရသည် အရေးအကြီးဆုံးဖြစ်ကြောင်း ရှေးရှေးပညာရှိတို့က ဆိုခဲ့လေသည်။
ဤတွင် အသက်ရှည်စွာအနာမဲ့ကြောင်းအတွက် စိတ်သည် အရေးကြီးဆုံးဟု ဆိုရပေလိမ့်မည်။ ကျန်းမာလိုသူတိုင်းသည် ဦးစွာပထမ ကျန်းမာစွာနေထိုင်လိုသော ဆန္ဒ၊ စိတ်ဓာတ် ပြင်းပြဖို့လိုပါသည်။ မိမိသည် ကျန်းမာသက်ရှည်စွာ နေထိုင် နိုင်ရန်အတွက် ကောင်းစွာနေထိုင်မည်၊ ကောင်းစွာစားသောက် မည်၊ ကောင်းစွာသွားလာမည် စသော ဆန္ဒများရှိဖို့ လိုပါသည်။
လူတို့၏ခန္ဓာကိုယ်သည် အသက်အရွယ်ရလာသောအခါ လေးလံထိုင်းမှိုင်းတတ်ပါသည်။

နံနက်စောစော လေ့ကျင့်ခန်း တစ်ခုခုပြုလုပ်သင့်ပါသည်။ မိမိနှစ်သက်ရာ လေ့ကျင့်ခန်းတစ်ခုခု ကို ပြုလုပ်ပေးခြင်းဖြင့် သွေးလည်ပတ်မှုကို အားကောင်းစေ ပါသည်။ ကြွက်သားများလှုပ်ရှားပြီး သန်မာစေနိုင်ပါသည်။ ဤသည်မှာကောင်းစွာ နေထိုင်မှုတစ်ခုပင်ဖြစ်ပါသည်။ လူတို့သည် အသက်အရွယ်ရလာသောအခါ ခန္ဓာကိုယ်ဓာတ်သဘော၏ ဖောက်ပြန်မှုအရ အစားအသောက်များကိုလည်း သတိပြုစား သောက်ရန် လိုအပ်ပေသည်။ မစားသင့်သော အစားအသောက် များကို အလွန်အကျွံစားသုံးမိပါက ရောဂါအခြေအနေမှာ ပို၍ဆိုး နိုင်ပါသည်။
ကျန်းမာသော လူတစ်ယောက်ဖြစ်ရန် အသွားအလာ အအိပ် အနေသည်လည်း အရေးကြီးပါသည်။ အသွားမတော်တစ်လှမ်း၊ အစားမတော်တစ်လုပ်ဟူသော စကားရှိပါသည်။

ယခုကဲ့သို့ နွေရာသီကာလအတွင်း အပူရှိန်ပြင်းထန်ချိန်တွင် အသွားအလာ သည် သတိပြုရမည့် အချက်တစ်ချက်ဖြစ်ပါသည်။ အအိပ်အနေ များလွန်းလျှင် သွေးလေထိုင်းမှိုင်းကာ သွေးတိုး၊ ဆီးချိုဖြစ်ပွား မှုနှုန်းကို တွန်းအားပေးရာ ရောက်ပါသည်။ ယခုအခါ လူအချို့ သည် စည်းစိမ်ခံမှုများ များပြားလာပါသည်။ လမ်းလျှောက်သွား နိုင်သည့်ခရီးကို မော်တော်ကား၊ ဆိုင်ကယ်အစရှိသဖြင့် ယာဉ် ယန္တရားများကိုအသုံးပြုနေကြပါသည်။ လမ်းလျှောက်ခြင်းသည် ကျန်းမာရေးကို အထောက်အကူပြုသည်ဆိုသော အချက်ကို မေ့လျော့နေကြပါသည်။ ခေတ်မီ အားကစားပစ္စည်းများ အသုံးချ လုပ်နိုင်မှသာ လေ့ကျင့်ခန်းလုပ်သည်ဟု ယူဆနေမှုများသည် မှားယွင်းသော ယူဆချက်များဖြစ်ပါသည်။

သို့ဖြစ်၍ ကျန်းမာရေးကောင်းပြီး အသက်ရှည်ရှည်နေထိုင်လိုကြသူများအနေဖြင့် လေ့ကျင့်ခန်းတစ်ခုခု လုပ်သင့်သည်။ လေ့ကျင့်ခန်းလုပ်သည်ဆိုရာတွင် ရောဂါရှိမှ လုပ်ခြင်းထက် ရောဂါမရှိမီ လုပ်ခြင်းသည် ပို၍ကောင်းပါသည်။ အချို့မှာ အဝ လွန်မှ၊ ဆီးချိုသွေးချိုဖြစ်မှ လေ့ကျင့်ခန်းပြုလုပ်ရမည်ကို သတိပြု မိကြသည်။ လေ့ကျင့်ခန်းကို ပုံမှန်လုပ်မည်၊ အစားအသောက် အသွားအလာကိုလည်း သတိပြုဆင်ခြင်မည်ဆိုလျှင် အနာရောဂါ ကင်း၍ အသက်ရှည်နိုင်မည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment