Tuesday, March 1, 2016

ကယ်ဗယ်လီယို ရဲ့လက်စွမ်းကြောင့် ကယ်ပီတယ်ဝမ်းဖလား ချန်ပီယံဖြစ်ခဲ့ရတဲ့ မန်စီးတီး



The Mirror Daily's photo.



လီဗာပူး ၁-၁ မန်စီးတီး
ပင်နယ်တီ လီဗာပူး ၁ - ၃ မန်စီးတီး


လီဗာပူးနဲ့ မန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကယ်ပီတယ်ဝမ်းဖလား ဗိုလ်လုပွဲမှာ မန်စီးတီးက ပင်နယ်တီ အဆုံးအဖြတ် သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ယူကာချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ နှစ်သင်းစလုံးက ချန်ပီယံဖြစ်ရေး မျှော်လင့်ချက်အတွက် ပွဲအစအဆုံး တိုက်စစ်ဖွင့် ကစားခဲ့တာကြောင့် ကြည့်ကောင်းတဲ့ ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီး အဖွင့်ဂိုး ကို ပွဲချိန် ၄၉ မိနစ်မှာ မန်စီးတီးမှ ဖာနန်ဒင်ဟိုက သွင်းယူခဲ့ပါတယ်။ အဲဒီနောက် မန်စီးတီးတိုက်စစ်မှူး အဂူရိုရဲ့ အပိုင်အခွင့်အရေးအချို့ကို လီဗာပူးဂိုးသမား မစ်ဂ်နိုလက် လက်စွမ်းပြကာကွယ်နိုင်ခဲ့တာကြောင့် မန်စီးတီးအတွက် ဂိုးပြတ်ဦးဆောင်နိုင်ခွင့် အခွင့်အရေးဆုံးရှုံးခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

လီဗာပူးအသင်းက မန်စီးတီးထက် ဘောလုံးပိုင်ဆိုင် မှုအသာနဲ့ ထိုးဖောက်တိုက်စစ်ဆင်နေပေမယ့် စတားရစ်ခ်ျ ကြံ့ခိုင်မှုမပြည့်ဝတာကြောင့် ထိရောက်တဲ့ ထိုးဖော်မှုတွေ ပြုလုပ်ဖို့ ပျက်ကွက်နေခဲ့ပါတယ်။ အဲဒီနောက် လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်ကလည်း ချေပဂိုးရရှိဖို့ ဖာမီနိုနေရာ အော်ရီဂီ၊ မိုရီနိုနေရာမှာ လယ်လာနာတို့ကို ဝင်ရောက်ကစားစေခဲ့လို့ လီဗာပူးတိုက်စစ်ပိုင်း ပြန်လည်အသက် ဝင်လာခဲ့ပါတယ်။ ဒါ့ကြောင့် ပွဲကစားချိန် ၈၃ မိနစ်မှာ လယ်လာနာ၊ အော်ရီဂီ၊ ကော်တင်ဟိုတို့ရဲ့ တိုက်စစ်တွဲလုံး ကတစ်ဆင့် ကော်တင်ဟိုက အဖိုးတန်ချေပဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့လို့ တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်နေခဲ့ပါတယ်။ မိနစ် ၉ဝ ပြည့်ပြီးချိန်အထိ နှစ်ဖက်လုံး အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ ပွဲကိုဖြတ်ဖို့ ကြိုးစားခဲ့ပေမယ့် ဘယ်အသင်းကမျှ ထပ်မံဂိုးသွင်းနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။

အချိန်ပို မိနစ် ၃ဝ ဆက်လက်ယှဉ်ပြိုင်ကစားရာမှာလည်း ရလဒ်ပိုင်းအပြောင်းအလဲမရှိခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူရာမှာ မန်စီးတီးအသင်းက သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ယူကာ ချန်ပီယံဖလားတစ်လုံးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ယခုပွဲမှာ ဂိုးသမားနှစ်ဦးစလုံးရဲ့ လက်စွမ်းတွေက ပွဲစဉ်တစ်လျှောက် အဓိကကျခဲ့ပြီး လီဗာပူးဂိုးသမား မစ်ဂ်နိုလက်ဟာ အဂူရို၊ ဆေးလ်ဗား၊ စတာလင်းတို့ရဲ့ တိကျတဲ့ ကန်သွင်းချက်၊ ခေါင်းတိုက်ချက် တွေကို ကာကွယ်ကာ လီဗာပူးအသင်းကို ပင်နယ်တီအထိ ဆွဲခေါ်ပေးနိုင်ခဲ့ပါတယ်။ မန်စီးတီးရဲ့ ဝါရင့်ဂိုးသမား ကာဗယ်လီယို ကတော့ ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ လီဗာပူးကစားသမားတွေဖြစ်တဲ့ လူးကပ်စ်၊ ကော်တင်ဟို၊ လယ်လာနာတို့ရဲ့ ကန်သွင်းချက်တွေကို သုံးကြိမ်ဆက်တိုက် အံ့ဖွယ်ကာကွယ်နိုင်ခဲ့တာကြောင့် ယခုပွဲရဲ့ အဓိက သူရဲကောင်းတစ်ဦးဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ ဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို မန်စီးတီးအသင်း ခေါင်းဆောင် ဗင်ဆင့်ကွန်ပနီက ရရှိခဲ့ပါတယ်။
ထူးခြားချက်များ
ုမန်စီးတီးအသင်းသည် ကယ်ပီတယ်ဝမ်းဖလား ဗိုလ်လုပွဲ ငါးကြိမ်တက်ရောက်နိုင်ခဲ့ပြီး လေးကြိမ် (၁၉၇ဝ၊ ၁၉၇၆၊ ၂ဝ၁၄၊ ၂ဝ၁၆) အထိဗိုလ်စွဲခဲ့
 
လီဗာပူးအသင်းသည် ဗိုလ်လုပွဲလေးကြိမ်(၁၉၇၈၊ ၁၉၈၇၊ ၂ဝဝ၅၊ ၂ဝ၁၆)တွင် ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရ။
 
ဖာနန်ဒင်ဟိုမှာ ခုနစ်ပွဲဆက်တိုက် ဂိုးပေါက် ပျောက်ဆုံးနေခဲ့သော်လည်း နောက်ဆုံးကစားခဲ့သည့် လိဂ်နှစ်ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့။

ကော်တင်ဟိုမှာ မန်စီးတီးအားရင်ဆိုင်ခဲ့သည့် ပွဲစဉ် ခြောက်ပွဲတွင် ဝင်ရောက်ကစားခဲ့ပြီး ငါးဂိုးအထိ သွင်းယူနိုင်ခဲ့။

 
လီဗာပူးအသင်းသည် ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရသည့် စုစုပေါင်းပွဲစဉ်(၁၈)ပွဲတွင် လေးပွဲသာ ရှုံးနိမ့်ခဲ့။

မေလဲ့သင်း - ရေးသားသည်

No comments:

Post a Comment