Wednesday, March 30, 2016

ရခိုင်သားတို့၏သင်္ကြန်အကြိုပွဲ (နံ့သာသွေးပွဲ)


The Mirror Daily's photo.
ကျွန်းသားငမန်း
တပေါင်းလရောက်သည်နှင့် သင်္ကြန်၏အငွေ့အသက်တို့ကို ခံစားနေရပြီ။ တန်ခူးလ တွင် ကျရောက်မည့်သင်္ကြန်ပွဲတော်အတွက် ကြိုတင်ပြင်ဆင်ကြ၊ လှုပ်ရှားနေကြပြီ။ သင်္ကြန်သံချပ်သံများ၊ သင်္ကြန်တေးသီချင်းသံများကို ကြားနေကြရပြီ။ သင်္ကြန်တေးသီချင်း၊သင်္ကြန်သံချပ်ဆိုသည်ကလည်း အရသာ
တစ်မျိုး။ သင်္ကြန်တေးသီချင်းသံကြောင့် တက်ကြွလာသည်တော့မဟုတ်။ သို့ရာတွင်ကြည်နူးလန်းရွှင်မှုရှိလာသည်။ လေးလံထိုင်းမှိုင်းနေသောစိတ်တို့ လန်းဆန်းတက်ကြွမှုရှိလာသည်။ ဒေါသ၊ မာနကြောင့် တက်ကြွသည့် စိတ်ကြွသည့်စိတ်မျိုးမဟုတ်။ ပီတိဖြင့်ကြည်နူးတက်ကြွမှုမျိုးဖြစ်သည်။
သင်္ကြန်သီချင်းသံကိုကြားတော့ ခြေတို့လက်တို့မရိုးမရွဖြစ်လာသည်။ ငယ်စဉ်က သင်္ကြန်သံချပ်၊ တေးသီချင်းသံနှင့်အတူ ယိမ်းကာ၊ နွဲ့ကာ ကခဲ့သည်များကိုသတိရလာသည်။ အသက်ကြီးလာပြီဖြစ်သည့်တိုင် သင်္ကြန်သံချပ်နှင့် သင်္ကြန်တေးသီချင်းကစာရေးသူ၏စိတ်အလျဉ်ကို နိုးထနိုင်နေဆဲဖြစ်သည်။ စာရေးသူတို့ ငယ်စဉ်ငယ်တုန်းကတော့ ဆိုင်းသံ၊ ဗုံသံများဖြင့် ဝေစည်နေသည့် သင်္ကြန်ပွဲတော်ဖြစ်သည်။ ယခုတော့အသံချဲ့စက်မှလွင့်ပါလာသည့် ဗီစီဒီခွေတေးသီချင်းများကို ကြားနေရသည်။ ရယ်ဒီမိတ်တေးသီချင်းတွေ သံချပ်တွေဖြစ် ပါ၏။ သီချင်းများကတော့ သင်္ကြန်နှင့်ဆိုင် သည်မဆိုင်သည် အပထား။ လှုပ်လှုပ်ရှားရှား မြူးမြူးကြွကြွဖြင့်ကနိုင်လျှင်ပင် သင်္ကြန်နှင့်အသုံးတည့်နေကြပြီ။
သင်္ကြန်-သင်္ကန္တ်ဟူသည် စကားနှင့်အညီပင် တစ်နှစ်မှတစ်နှစ်သို့ ကူးပြောင်းသည့်အချိန်အခါကို သင်္ကြန်ဟု ဆိုကြသည်။ သင်္ကြန်ကာလတွင် နှစ်သစ်ကိုကြိုဆိုသောအားဖြင့် မြန်မာတို့သည် တစ်ဦးနှင့်တစ်ဦး ရေပက်ကစားကြသည်။ အရပ်ရပ်အနယ်နယ် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နှစ်ဟောင်းကို နှုတ်ဆက်
၍ နှစ်သစ်ကိုကြိုဆိုသည့် သင်္ကြန်ပွဲတော်ကိုဝှဲချီးဆင်ယင် သဘင်ခင်းကျင်း ပျော်ပါးခြင်းစုံစွာဖြင့် ကျင်းပကြသည်။ နံ့သာရည်စွက်သောရေအေးအေးဖြင့် မေတ္တာထုံမွှမ်းထားသော ရေစင်ဖြင့် ရေပက်ဖြန်းကာ၊ ကြည်လင်ချမ်းမြေ့စေလိုသော၊ အေးမြစေလိုသော ဆန္ဒစေတနာဖြင့် တစ်ဦးနှင့်တစ်ဦး ရေပက်ကစားကြသည်။ သပြေခက်နှင့် ရေပက်ဖြန်းကြသည်။
နှစ်သစ်တွင် အားလုံးသော အပေါင်းအသင်းဆွေသဟာတို့ ဘေးဘယာတို့ ကင်းစင်ပပျောက်၍ ကြည်လင် အေးမြစေရန် ရည်ရွယ်သည့် သဘောဖြစ်၏။ မြန်မာတို့တွင် (၁၂)လရာသီပွဲတော်များရှိသည်။ ထိုအထဲမှ အတာသင်္ကြန်ရေကစားပွဲကား မြန်မာတို့၏ အလေးမြတ်ထားရာ ပွဲတော်တစ်ခု လည်းဖြစ်သည်။
နှစ်ဟောင်းအညစ်အကြေးများကို ဆေးကြောသန့်စင်၊ ရေစင်ပက်ဖြန်း၊ အပြုံး
ပန်းတို့ဖြင့် ပွင့်လန်းဝေဖြာ၊ အတာအကူး၊လတန်ကူး၏ ကြည်နူးဖွယ်ရာမြင်ကွင်းများအနက် နှစ်သက်ဂုဏ်ယူ၊ တမူကွဲပြား၊ ရခိုင်သားတို့၏ပွဲတော်မှာမူ မည်သည့်အခါမျှရိုးအီမသွား။ ဆန်းပြားသစ်လွင်လျက်ရှိသည်ကို တွေ့ကြရပါ၏ ။
ရခိုင်သင်္ကြန်အကြိုပွဲ
ရခိုင်ယဉ်ကျေးမှုအစဉ်အလာအရ သင်္ကြန်မကျမီ သင်္ကြန်အကြိုပွဲဆိုတာရှိသည်။ ဤသည်မှာ သင်္ကြန်မကျမီ အညစ်အကြေးများကိုဆေးကြောသန့်စင်ခြင်းဖြစ်သည်။ ဘုရားကျောင်းကန် စေတီ ပုထိုးများသို့ သွားရောက် ၍ လှဲကျင်းသန့်စင်ခြင်း၊ ဆေးကြောရေသပ္ပာယ်ခြင်း၊ ဗုဒ္ဓဆင်းတုများကို ရောင်တော်ဖွင့်ခြင်းစသည်ဖြင့် ကုသိုလ်ယူလေ့ရှိကြသည်။ အမွှေးနံ့သာများဖြင့် ပက်ဖြန်းပူဇော်လေ့ ရှိ ကြသည်။ မိမိတို့နေထိုင်သည့်နေအိမ်များကိုလည်း အတွင်းအပြင်သန့်ရှင်းခြင်း၊ အိမ်ဦးဘုရားခန်းမှ ဗုဒ္ဓရုပ်ပွားတော်များကိုလည်း ရေသပ္ပာယ်ကြသည်။ သင်္ကြန်ကာလတွင်သင်္ကြန်အကြိုနေ့၊ သင်္ကြန်အကျနေ့၊ သင်္ကြန်အကြတ်နေ့၊ သင်္ကြန်အတက်နေ့များရှိကြရာ ဘုရားရေသပ္ပာယ်ရန် နံ့သာဖြူ၊ နံ့သာနီ၊ကရမက်စသည့် အမွှေးနံ့သာများကို တစ်ပျော်တစ်ပါးသွေးခြင်းဖြင့် နံ့သာသွေးခြင်း၊ နံ့သာ
သွေးပွဲများကို သင်္ကြန်အကြိုနေ့ညတွင် ပြုလုပ် ကျင်းပလေ့ရှိကြသည်။
နံ့သာသွေးပွဲ။ သင်္ကြန်အကြို ညတွင်ကျင်းပပြုလုပ် လေ့ရှိကြသည်။ ကျေးလက်
ဒေသများတွင် ရွာလယ်ခွဆုံမှာ အတီးအမှုတ်အကအခုန်တွေ အကျွေးအမွေးတွေနှင့်တစ်ပျော်တစ်ပါးစုရုန်း နံ့သာသွေးတတ်ကြသည်။ မိမိတို့နေအိမ်များမှ သနပ်ခါး ကျောက်ပျဉ်တွေ သယ်ယူလာကြမည်။ နံ့သာကရမက်တွေ ယူဆောင်လာကြမည်။ ပြီးတော့တစ်ပျော်တစ်ပါး စုဝေးကာ နံ့သာသွေးကြခြင်းဖြစ်သည်။ ရွာမှကာလသားငယ် သမီးငယ်တို့၏ပွဲ လည်းဖြစ်သည်။ ကာလသားလူငယ်
များက အတီးအမှုတ်အကအခုန်များနှင့် ကကြ၊ ခုန်ကြ။ သီချင်း တွေဆိုကြ။ ကာလသမီးငယ်တို့ကတော့ နံ့သာသွေးကြမည်။ ကာလသမီးငယ်များ၏ အပြုံးတစ်ချက် အပွင့်တွင်ရင်ခုန်လှိုက်မောကာ မျက်လုံးတစ်ချက်အဝင်
တွင် ကာလသားလူငယ်တို့ နှလုံးပီတိဂွမ်းဆီ ထိ သို့ကြည်နူးခဲ့ကြရသည်ပဲ။
ငယ်ငယ်တုန်းကတော့ စာရေးသူတို့လည်းသင်္ကြန်အကြိုညများတွင် ကခဲ့ကြ၊ ခုန်ခဲ့ကြ၊ကြည်နူးခဲ့ကြဖူးသည်။ မြတ်နိုးသူ၏မျက်လုံးတစ်ချက်အဝင့်တွင် ပင့်သက်ဖြာချ ရင်ခုန်ခဲ့ရဖူးသည်။ ကြည်နူးစရာပွဲတွေပဲ။ သင်္ကြန်အကြိုညများကလဲ ပြောင်းလဲခဲ့ပြန်ပြီ။ ရယ်ဒီမိတ်တေးသီချင်းများဖြင့် ခုန်ပေါက်ကခုန်နေကြ
သည်များကို မြင်နေကြရသည်။ သူခေတ်နှင့်သူ့ကာလပေကို။ နံ့သာသွေးသည့် လုံမငယ်တို့ကတော့ ရှေးမူမပျက်သေး။ သင်္ကြန်အကြိုညတွင်နံ့သာသွေးကြ၊ စုဝေးကြမြဲရှိသေးသည်။
နံ့သာသွေးပွဲ၏မြင်ကွင်းလည်း ကျေးလက်၊ရပ်ကွက်ရွာလယ်ခွဆုံမှ စင်မြင့်ပေါ် ရောက်ရှိလာခဲ့သည်ကိုလည်း တွေ့ရသည်။ နံ့သာသွေးပွဲဟူသည်က ကောင်းမွန်မြင့်မြတ်သည့် ယဉ်ကျေးမှု ဓလေ့ထုံးစံတစ်ခုဖြစ်သည်။ သင်္ကြန်အကြိုညတွင် နံ့သာသွေးကြမည်။ သွေးပြီးနံ့သာရည်များကို စနစ်တကျစုဆောင်း
သိမ်းဆည်းထားပြီး သင်္ကြန်အကျနေ့တွင်ဘုရားကျောင်းကန်များသို့ သွားရောက်ကာ ဘုရားပုထိုးတွေ ရေသပ္ပာယ်ကြမည်။ ကျောင်းဝင်းအတွင်း ဥပစာမြေများမှ အမှိုက် သရိုက်တွေရှင်းလင်းကြ၊ ဘုရားကျောင်းဆောင်တွေကို ဆေးကြောမည်။ အကြိုကသွေးယူထားသည့် နံ့သာရည်များဖြင့် ပက်ဖြန်းပူဇော်ကြ
မည်။ သင်္ကြန်အကြိုညသည် ကုသိုလ်ဒါနအတွက်ရည်စူး၍ ပြုလုပ်သည့်ပွဲလည်းဖြစ်သည်။ အပျော်အပါးသက်သက်တော့မဟုတ်။
အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးဟုဆိုသည့် ခံယူချက်ဖြင့် ရခိုင်တို့၏ ယဉ်ကျေးမှုအမွေအနှစ်နှင့် အမျိုးသားရေး လက္ခဏာရပ်များ ပျောက်ကွယ်မသွားစေရေးအတွက် နံ့သာသွေးပွဲများမှ လုံမငယ်တို့မှာ သူနိုင်ငါနိုင်အပြိုင်ကြဲကာနံ့သာသွေးကြသည်မှာလည်း ကြည်နူးစရာတစ်ခုဖြစ်သည်။ ဆင်တူဝတ်ဆင်ထားကြသည့်လုံမငယ်တို့၏ အလှကလည်း စွဲငြိစရာ။ နံ့သာသွေးပြိုင်ပွဲခဏအနားတွင် သင်္ကြန်ပျိုဖြူလုံမငယ်တို့ကလည်း သင်္ကြန်တေးသံဝေစည် သီဆိုရင်း ပြိုင်ပွဲလာသူများအား ဧည့်ခံ
ဖြေဖျော်ပေးကြသည်။
စာရေးသူကတော့ သင်္ကြန်အကြိုညတွင် ကခဲ့၊ခုန်ခဲ့သည်ကို သတိရနေမိတော့သည်။ ဟိုးတုန်းကတော့ သင်္ကြန်ပွဲတော်တွင် ကိုကိုတို့ကခဲ့ကြပါ၏။ အခုတော့ မမတို့လည်း ကကြခုန်ကြပြီ။
မြန်မာလူမျိုးတို့၏ အထွတ်အမြတ်ထားရာသင်္ကြန်ပွဲတော်ကို ရခိုင်တို့ကနံ့သာသွေးခြင်း၊ ဘုရားရေသပ္ပာယ်ခြင်းဖြင့် ဖွင့်လှစ်တတ်ကြသည်။ ဘုရားရေသပ္ပာယ်ပြီးမှသာ တစ်ဦးနှင့်တစ်ဦး ရေပက် ကစားကြသည်။ သင်္ကြန်ကာလ၏ နောက်ဆုံးရက်တွင်တော့ သက်ကြီးဘိုးဘွားရွယ်အိုတွေကို ကန်တော့ခြင်းဖြင့်
သင်္ကြန်၏ နောက်ဆုံးပိတ်ပွဲကို ပြုလုပ်လေ့ရှိတတ်ကြသည်။
သင်္ကြန်ပွဲတော်မှာ နိုင်ငံတော်၏ပွဲတော်လည်းဖြစ်သည်။ ဒေသအကြီးအကဲများကပျော်ပျော်ပါးပါးသင်္ကြန်ပွဲတော်ကို ဖွင့်လှစ်သည့် အခမ်းအနားကိုကျင်းပကြသည်။ အဆို၊အကများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်တီးမှုတ် ကခုန်ကာ သပြေခက်ဖြင့် ရေပက်ကြသည်။ အပြုံးတုန့်လှယ်ရင်း ဘဝအမောများကို ခဏတာမျှမေ့ပျောက်နိုင်ကြသည်။
ရခိုင်ဒေသတွင်လည်း နံ့သာသွေးခြင်း၊ဘုရားရေသပ္ပာယ်ခြင်းများပြုလုပ်ပြီးမှသာသင်္ကြန်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ကျင်းပလေ့ရှိကြသည်။ အရိုးကိုအရွက်မဖုံးစေသည့်သဘော။ သင်္ကြန်အကြိုနံ့သာသွေးပွဲ၊ ဘုရားရေချိုးပွဲ၊ လှေလောင်းနှင့်ရေကစားခြင်းစသည် အမျိုးသားရေးလက္ခဏာများကို သင်္ကြန်ရက်
များတွင် တွေ့မြင်ရသေးသည့်အတွက်တော့ ကြည်နူးပီတိဖြစ်ရသေးသည်။
မြန်မာလူမျိုးတို့၏ နှစ်တစ်နှစ်၏အဆုံးနှင့် အစသည် ပျော်စရာ၊ ကြည်နူးစရာတို့ဖြင့် မွှမ်းထုံနေလေသည်။

No comments:

Post a Comment