Wednesday, March 30, 2016

ဒူဘိုင်းမြို့ရှိ မိုးမျှော်တိုက် မီးလောင်မှုဖြစ်ပွား




The Mirror Daily's photo.


ဒူဘိုင်း မတ် ၂၉

အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)နိုင်ငံ ဒူဘိုင်းမြို့ရှိ လူနေအထပ်မြင့် မိုးမျှော်တိုက်နှစ်လုံး မီးလောင်ကျွမ်းမှု အကြီးအကျယ်ဖြစ်ပွားခဲ့သည့်အတွက် အနည်းဆုံး လူ ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည် ဟု သိရသည်။

ဒူဘိုင်းမြို့ အက်ဂ်ျမန်ရပ်ကွက်ရှိ မိုးမျှော်တိုက်တစ်လုံး တနင်္လာနေ့ ညပိုင်းက မီးစတင်လောင်ခဲ့ပြီးနောက် အနီးရှိ နောက်ထပ်မိုးမျှော် တိုက်တစ်လုံးကိုပါ ကူးစက်လောင် ကျွမ်းသွားခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာ ရရှိသွားသူများတွင် မီးခိုးငွေ့ကြောင့် အသက်ရှူကျပ်သည့် ဝေဒနာခံစားခဲ့ရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးလည်း ပါဝင်သည်။

ယခုမီးလောင်ကျွမ်းမှုသည် ဒူဘိုင်း မြို့ရှိ အထပ်မြင့် မိုးမျှော်တိုက်များ မီးလောင်မှုများအနက် နောက်ဆုံး ဖြစ်ပွားခဲ့သည့် မီးလောင်မှုဖြစ်သည်။ လွန်ခဲ့သည့်နှစ် ဖေဖော်ဝါရီလတွင် ၈၆ ထပ်မြင့်သည့် မိုးမျှော်တိုက် တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာလတွင်လည်း ၆၃ ထပ်မြင့် မိုးမျှော်တိုက်တစ်လုံး မီးလောင်ခဲ့ဖူးသည်။

ယခုမီးလောင်မှုနှင့် ပတ်သက်၍ ဖြစ်ပွားရသည့် အကြောင်းရင်းကို မသိရှိရသေးပေ။ သို့သော် ယခင် မီးလောင်မှုများနှင့် ပုံစံတူပြီး မီးတောက်များသည် နံရံများ တစ်လျှောက် လောင်ကျွမ်းကာ အမြင့် ဆုံးထပ်များထိ ကူးစက်ခဲ့သည်ဟု ဒေသခံ သတင်းမီဒီယာများက ရေးသားဖော်ပြကြသည်။

ယူအေအီးနိုင်ငံတွင် ဆောက်လုပ်သည့် မိုးမျှော်တိုက်များ၏ အပြင်ပန်း မျက်နှာစာများတွင် အသုံးပြုသည့် ပစ္စည်းများမှာ မီးလောင်လွယ်သည့်ပစ္စည်များကို အများဆုံး အသုံးပြုထားသည်ဟု ပညာရှင်အချို့က သုံးသပ်ကြသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment