Wednesday, March 30, 2016

အီဂျစ်အဲလေကြောင်းဌာနပိုင် ခရီးသည်တင်လေယာဉ် ပြန်ပေးဆွဲခံခဲ့ရသော်လည်း ပြန်ပေးသမားကို ဖမ်းဆီးရမိ



The Mirror Daily's photo.


ကိုင်ရို မတ် ၂၉

အီဂျစ်အဲလေကြောင်းဌာနပိုင် ခရီးသည်တင် လေယာဉ်တစ်စင်းသည် အီဂျစ်နိုင်ငံမြောက်ပိုင်း အလက်ဇန်းဒီးယား မြို့မှ မြို့တော်ကိုင်ရိုသို့ ပျံသန်းနေစဉ်အတွင်း အမျိုးသားတစ်ဦးက လေယာဉ်ကို ပြန်ပေး ဆွဲခဲ့ပြီး ဆိုက်ပရပ်စ်နိုင်ငံ လာနာကာမြို့သို့ လမ်းကြောင်းပြောင်း ပျံသန်းစေခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။

လေယာဉ်စီးခရီးသည်တစ်ဦးက လေယာဉ်ကို ပြန်ပေးဆွဲခဲ့ခြင်းဖြစ်ပြီး လာနာကာလေဆိပ်၌ ၎င်းအား ဖမ်းဆီးလိုက်နိုင်ပြီဟု ဆိုက်ပရပ်နိုင်ငံခြားရေးဝန်ကြီးဌာနက အင်တာနက်တွစ်တာမှတစ်ဆင့် နောက်ပိုင်းတွင် ကြေညာချက်ထုတ်ပြန်သည်။

ခရီးစဉ်အမှတ် ၁၈၁ ပျံသန်းလာသော ခရီးသည် တင်လေယာဉ်ပေါ်တွင် လေယာဉ်ဝန်ထမ်းခုနစ်ဦး အပါအဝင် လူ ၈၁ ဦးလိုက်ပါလာခဲ့ကြောင်း၊ ဆိုက်ပရပ်၌ လေယာဉ်ဆင်းသက်အပြီး မကြာခင်မှာပင် ခရီးသည်အများစုကို လွှတ်ပေးခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။

ငါးနာရီကြာ တင်းမာနေခဲ့ပြီးနောက် နောက်ဆုံးလက်ကျန်လူခုနစ်ဦးသည် လေယာဉ်ကို စွန့်ခွာထွက်ပြေးရန် ကြိုးပမ်းခဲ့ပုံရကြောင်း၊ လေယာဉ်မောင်းခန်းပြတင်းမှ လူတစ်ဦးဆင်းသက်လာပုံကို ဗီဒီယိုမှတ်တမ်းတွင် တွေ့မြင်ရကြောင်းသတင်းတွင် ဖော်ပြသည်။

မိမိသည် ဖောက်ခွဲရေးပစ္စည်းများတပ်ဆင်ထားသော ခါးပတ်ကို ပတ်ထားသည်ဟု ပြန်ပေးသမားက ခြိမ်းခြောက်ခဲ့သည်ဟု ကနဦးသတင်းတွင် ဖော်ပြသည်။

ပြန်ပေးဆွဲသမားသည် ပုဂ္ဂလိက ရည်မှန်းချက် တစ်ရပ်အရ လေယာဉ်ပြန်ပေးဆွဲမှုပြုလုပ်သည်ဟု ယူဆရပြီး အကြမ်းဖက်မှုနှင့်သက်ဆိုင်ဖွယ်မရှိဟု ဆိုက်ပရပ်စ် သမ္မတနီကိုးစ် အနာစတာဆီယာဒက်က ပြောကြားသည်။

ပြန်ပေးသမားနှင့် ညှိနှိုင်းချက်အရ လေယာဉ် ဝန်ထမ်းများနှင့် နိုင်ငံခြားသားလေးဦးမှအပ ကျန်သူများကို လွှတ်ပေးရန်သဘောတူညီမှု ရရှိခဲ့သည်ဆို၏။

ပြန်ပေးဆွဲခံရသော လေယာဉ်မှာ အဲဘတ်စ်-၃၂ဝ အမျိုးအစားလေယာဉ်ဖြစ်ပြီး ခရီးသည်တစ်ဦး၏ ခြိမ်းခြောက်မှုအရ ဆိုက်ပရပ်စ်သို့လမ်းကြောင်းပြောင်း ပျံသန်းခဲ့ရကြောင်း လေယာဉ်မှူးအိုမာအယ်လ်ဂမ်မားက ပြောကြားသည်။

ပြန်ပေးဆွဲသူမှာ ဆစ်အယ်လ်ဒင် မူစတာဖာဆိုသူ ဖြစ်ကြောင်း ဆိုက်ပရပ်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။ သို့ရာတွင် ၎င်းနှင့်အတူ ဖောက်ခွဲရေး ပစ္စည်းပါရှိခြင်း ရှိ၊မရှိ အတည်ပြုခြင်း မရှိပေ။

ပြန်ပေးဆွဲသူမှာ ဆိုက်ပရပ်စ်၌ နိုင်ငံရေးခိုလှုံခွင့် ရရှိရန် ရည်ရွယ်ပုံရကြောင်း ကနဦးသတင်းများအရ သိရသည်။
ရိုက်တာ။

No comments:

Post a Comment