Wednesday, March 30, 2016

ငါ့သရောက်မြို့၌ ဒေသခံပြည်သူများ သွားလာမှုအဆင်ပြေစေရန် ရပ်ကွက်လမ်းများအား အဆင့် မြှင့်တင်ခြင်း ဆောင်ရွက်

The Mirror Daily's photo.
ငါ့သရောက် မတ် ၂၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်၌ မြို့ပေါ်ရပ်ကွက်များမှ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ရာသီမရွေးသွားလာမှု အဆင်ပြေချောမွေ့စေရန်အတွက် ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁ဝ ဒသမ ၁၄၄ သိန်းဖြင့် ငါ့သရောက်မြို့ အမှတ်(၂) ဈေးကုန်းရပ်ကွက် ဗိုလ်ချိုဈေးအနီးမှ အမှတ်(၄)သိမ်တော်ရပ်ကွက်သွား မြေသားလမ်းအရှည်ပေ ၁ဝ၆၅ ပေခန့်အား ကျောက်ချောမြေနီလမ်းအဆင့်သို့ တိုးမြှင့်ခင်းကျင်းခြင်းလုပ်ငန်းများကို မြို့နယ်ဦးစီးမှူး ဦးသက်နိုင်လင်းဦးဆောင်၍ ဝန်ထမ်းများက မတ်လဒုတိယပတ်က
စတင်၍ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ငါ့သရောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်လင်း ဦးဆောင်၍ ဝန်ထမ်းများက အမှတ်(၂) ဈေးကုန်းရပ် ဗိုလ်ချိုဈေးအနီးမှ အမှတ်(၄) သိမ်တော်ရပ်ကွက်သွား မြေသားလမ်းကို လမ်းအကျယ် ၁၈ ပေ လမ်းချဲ့ခြင်းလုပ်ငန်းများနှင့် ကျောက်ချောမြေနီလမ်းအကျယ် ၁၂ ပေ ကျောက်ချောခင်းခြင်းလုပ်ငန်းများကို မတ်လ ဒုတိယပတ်ကစတင်၍ ဆောင်ရွက်ပေးခဲ့ရာ ယခုအခါ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများပြီးစီးမှု ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ယင်းအပြင် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများ သွားလာရေးအဆင်ပြေစေရန် လုပ်ငန်းများအမြန်ပြီးစီးနိုင်ရေးအတွက် ငါ့သရောက်မြို့ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)

No comments:

Post a Comment