နေပြည်တော် ဖေဖော်ဝါရီ ၂၉
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပရာ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်၊ အာဆီယံပါလီမန်များညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီနှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီများဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးအေးသာအောင်က မြန်မာနိုင်ငံလွှတ် တော်ဆိုင်ရာအဖွဲ့ (Myanmar Parliamentary Union-MPU) ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ယင်းအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အတွင်းရေးမှူးအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးအေးသာအောင် တို့အပါအဝင် အဖွဲ့ဝင် ၁၈ ဦးဖြင့် ဖွဲ့စည်းရန် လျာထားကြောင်း တင်ပြသည်။
ဆက်လက်၍ ရမည်းသင်းမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်က ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ရှင်းလင်းတင်ပြပြီး ပြည်ထောင်စု လွှတ်တော်နာယက က ယင်းကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် သူရဦးရွှေမန်း၊ ဒုတိယဥက္ကဋ္ဌ-၁ အဖြစ် ရမည်းသင်း မဲဆန္ဒနယ်မှ ဦးကိုကိုနိုင်၊ ဒုတိယဥက္ကဋ္ဌ-၂ အဖြစ် ပဲခူးတိုင်း ဒေသကြီးမဲဆန္ဒနယ်အမှတ်(၄)မှ ဒေါက်တာဝင်းမြတ်အေး၊ အတွင်းရေးမှူးအဖြစ် ဦးခင်မောင်ထွန်းအပါအဝင် အဖွဲ့ဝင် ၃၅ ဦးဖြင့် ဖွဲ့စည်းရန်လျာထားကြောင်း တင်ပြသည်။
အလားတူ ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက အာဆီယံပါလီမန်များညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီ (Joint Committee on ASEAN Inter-Parliamentary Assembly) ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုလွှတ်တော်နာယက က ယင်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် သုံးခွမဲဆန္ဒနယ်မှ ဒေါ်စုစုလွင်၊ အတွင်းရေးမှူးအဖြစ် ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ အပါအဝင် အဖွဲ့ဝင် ၁၆ ဦးဖြင့်ဖွဲ့စည်းရန် လျာထားကြောင်းတင်ပြသည်။
ထို့အတူ စမ်းချောင်းမဲဆန္ဒနယ်မှ ဦဘိုဘိုဦးက နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီ (Joint Committee on Inter-Parliamentary Union) ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုလွှတ်တော်နာယက က ယင်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၄)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်း၊ အတွင်းရေးမှူးအဖြစ် စမ်းချောင်းမဲဆန္ဒနယ်မှ ဦဘိုဘိုဦး အပါအဝင် အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းရန် လျာထားကြောင်း တင်ပြသည်။
အဆိုပါဖွဲ့စည်းရန်လျာထားသည့် ကော်မတီ၊ ကော်မရှင်တို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအား မတ် ၁ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုချက်ရယူသွားမည်ဖြစ်သည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ကို မတ် ၁ ရက် နံနက် ၁ဝ နာရီတွင် ကျင်းပမည်ဟုလျာထားကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment